Tuesday, February 7, 2012

အမှတ်တရတွေကို ပြန်ရှာဖွေကြည့်ကြသူများ . . .

ရှည်မျောမျောသဏ္ဍာန်နဲ့ ဖြတ်ကာ သွယ်တန်းနေတဲ့ တောင်ညို တောင်တန်း . . . စိမ်းမြမြအရိပ်တွေနဲ့ အေးချမ်းသာယာ လှတဲ့ တောင်ဝိုင်း တောအုပ်လေး . . . အထ္တရံမြစ် ၊ ဂျိုင်းမြစ် ၊ သံလွင်မြစ်တို့ရဲ့ အလှတရာတွေ ပေါင်းဆုံရာ နေရာ . .

မြန်မာသက္ကရာဇ် ၁၃၄၆ ခုနှစ် ပြာသိုလဆန်း ၁၀ ရက်နေ့ ၊ ရောင်နီဦးတို့ ပျိုးခင်ရာ နံနက်ခင်း ၉း၃၀ အချိန် . မောရမြိုင်လို့ ခေါ်တွင်ခဲ့တဲ့ မော်လမြိုင်မြိုလေးမှာ ကိုလိုနီလက်ထက် ကတည်းက တည်ဆောက်ခဲ့တဲ့ အမေရိကန်ဆေးရုံမှာ ကျွန်တော့်ကို ကျေးဇူးရှင် မိဘ နှစ်ပါးက လောကကြီးထဲကို မွေးဖွားသန့်စင် ပေးခဲ့တယ် ။

ကျွန်တော်က ငယ်ငယ်ကတည်းက ဆိုးတဲ့ ကလေးပါ ။ အဆော့လည်းသန်တယ် ။ ဘယ်လောက်ထိ ဆိုးလဲ ဆို ကျနော့်မှာ ခြေ ၊ လက် ၊ ခေါင်း . . သုံးနေရာလုံး ဒဏ်ရာ မဖြစ်ဘူးတဲ့ နေရာ မရှိဘူးလေ ။ မှတ်မှတ်ရရ ဆိုပေမဲ့ နေ့စွဲ အတိအကျတော့ မမှတ်မိဘူး ။ ကျွန်တော် လေးနှစ်သား အရွယ်ပေါ့ ။ ကျောင်းကြီးမတက်ခင် အင်္ဂလိပ်စာ ကြိုသင်ထားမယ်ဆိုပြီး မေမေက အင်္ဂလိပ်ကပြား ဘိုမ ဆရာမဆီမှာ စာသင်ဖို့ အပ်ခဲ့တယ် ။ အဲဒီ ဆရာမဆီမှာ အရမ်းလှ အရမ်းချစ်ဖို့ ကောင်းတဲ့ အဲဇေးရှင်း ခွေးနှစ်ကောင်ရှိတယ်ဗျ ။ ဘလက်ကီ နဲ့ ဝှိုက်တီ ဆိုပြီး အထီး အမ နှစ်ကောင်ပေါ့ ။ ဘလက်ကီက အထီးပီပီ နည်းနည်းဆိုးတယ် ။ ဝှိုက်တီကတော့ အရမ်းလိမ္မာတဲ့ ခွေးမလေးပါ ။ အရင်တုန်းကဆို ဆရာမက ကျွန်တော် စာလာသင်ရင် သူ့ခွေးတွေကို လှောင်အိမ်ထဲ ထည့်ပြီး သော့ခတ်ထားလေ့ ရှိတယ် ။

တစ်နေ့ ကျွန်တော် စာလာသင်တဲ့အချိန် ဆရာမလည်း ဧည်သည်လာတာနဲ့ ကြုံနေလို့ ခွေးတွေကို လှောင်အိမ်ထဲ မထည့်မိဘူး ။ ကျွန်တော် စာသင်တဲ့ ခုံလေးက ကလေးထိုင်တဲ့ ခုံဆိုပေမဲ့ အနည်းငယ်မြင့်နေလို့ ကျွန်တော့် ခြေထောက်က ကြမ်းပြင်နဲ့ မထိပဲ လွတ်နေတယ်ဆိုပါတော့ ။ ဒီတော့ ကျွန်တော် စာသင်နေတုန်းမှာပဲ ဘလက်ကီက ကျွန်တော့် ခုံအောက်ဘေးနားလေးမှာ လာထိုင်နေတယ် ။ ကျွန်တော်ကလည်း ကလေးပီပီ စာသင်ရင်း အင်္ဂလိပ်ကဗျာတွေ ဖတ်ရင်းနဲ့ ခြေထောက်လေးကို အရှေ့ အနောက် လွှဲပြီး ဆော့နေမိတယ် ။ စားပွဲ ဘေးမှာ ခွေးရှိနေမှန်း သိပေမဲ့ ဘာမှ မလုပ်လောက်ဘူးလို့ ထင်နေတာ ။ ဒါကို ဘလက်ကီက ဘေးနားက ကြည့်ရင်း မျက်စိ နောက်လာတာလား စိတ်တိုလာတာလားတော့ မသိဘူး . . ဝုတ် ကနဲ့ ကျွန်တော့် ညဘက် ခြေထောက်ကို ဆွဲကိုက်ပြီး ခဲ ထားပါလေရော ။ ဆရာမ အော်လည်း မလွှတ်ဘူး ဆက်ခဲထားပြီး သူ့ ခေါင်းကို ဆွဲဆွဲ ခါတာ ။ နောက်ဆုံး ဆရာမက ဘေးနားက ကြိမ်လုံးနဲ့ ဘလက်ကီကို ရိုက်တော့မှပဲ လွှတ်ပေးတော့တယ် ။

ဆရာမလည်း ချက်ချင်း ကျွန်တော့်ကို ချီပြီး တဖက်လမ်းက ဆေးခန်းကို ပြေးရတော့တာပဲ ။ ဒီလိုနဲ့ပဲ ကျွန်တော် ဆေးခန်းမှာ ၇ ချက် ချုပ်လိုက်ရတယ် ။ တကယ်ပါပဲဗျာ လေးနှစ်သား ကျွန်တော်နဲ့ အရွယ်၇ောက်ပြီးသား အယ်ဇေးရှင်းခွေး ယှဉ်လိုက်ရင် လေးနှစ်သား ကျွန်တော်က အရွယ်အစား တဝက်နီးပါးလောက် ငယ်မယ် ထင်ပါတယ် ။ ဘလက်ကီရဲ့ တစ်ကိုက်ဟာ ကျွန်တော် ညဘက်ခြေသလုံး တစ်ခုလုံးရော ခြေဖျားကိုပါ ကိုက် ခဲထားနိုင်လောက်အောင် ကြီးပါတယ် ။ အခုထိ ညဘက် ခြေသလုံးမှာ အမာရွတ်အကြီးကြီး ရှိနေပါသေးတယ်ဗျ ။ ဒါနဲ့ပဲ ကျွန်တော်ဟာ ငယ်ငယ် ကတည်းက ခွေးနဲ့အပြိုင်မိုက်ခဲ့ဖူးတယ် ဆိုပါတော့ဗျာ ။

နောက်တစ်ခုက ကျွန်တော် ရက်စွဲတွေတော့ သေချာမမှတ်မိတော့ဘူးဗျ . . . ကျွန်တော် ၃ တန်း အရွယ်မှာ ဆိုပါတော့ ။ တနင်္ဂနွေနေ့ တစ်ရက်ပေါ့ ။ ဖေဖေနဲ့ မေမေက အလုပ်ကိစ္စလေးရှိလို့ ကျွန်တော် နဲ့ ကျွန်တော် ညီကို မေ့မေ့ရဲ့ မောင် ၊ ကျွန်တော့် အန်းကူ အိမ်မှာ ထားခဲ့တယ် ။ အန်းကူရဲ့ အိမ်က ခြံဝင်းကြီးနဲ့မို့ တော်တော်ကျယ်တယ် ။ ရွှေမြိုင်မြို့က ခြံနဲ့ ဝင်းနဲ့ အိမ်ပီပီ တစ်ထပ်တိုက် ဆိုပေမဲ့ အနည်းငယ် မြင့်မြင့်လေး ဆောက်ထားပါတယ် ။ နောက်ပြီး အိမ်တံစက်မြိတ် ပတ်ပတ်လည်မှာ ၁ ပေလောက်ကျယ်ပြီး ၁ ပေလောက်နက်တဲ့ မြောင်းကို အုတ်ဘောင်လေးခတ်ပြီး လုပ်ထားပါတယ် ။

ဒီတော့ ကျွန်တော်က အိမ်ထဲ ပြတင်းပေါက်ကနေ ခွေးခြေခုံလေး ခုပြီး မြောင်းထဲကို ငါမျှားတမ်းဆော့ပါတယ် ။ မြောင်းဘောင်နဲ့ ပြတင်းပေါက် အမြင့်က ၅ပေ သာသာလောက်တော့မြင့်မယ် ထင်ပါတယ် ။ မိုးတွင်းမို့လို့ မိုးပက်တော့ ပြတင်းပေါက် အောက်ခြေနားမှာ မိုးရေတွေနဲ့ ချောနေတယ်ဆိုပါတော့ဗျ . . ။ အဲလိုချောနေတာကို ကျွန်တော်က ဂရုမစိုက်ပဲ ပြတင်းပေါက်ကို ကျော်ပြီး ငါးမျှားဖို့ပဲ အာရုံစိုက်နေတာ ။ ပြတင်းပေါက် အမြင့်ကို ကျွန်တော့် အရပ်က မမှီတော့ ခွေးခြေ ခုံလေးခု ၊ ပြတင်းပေါက်ကနေ ငါးမျှားတံလေး ထုတ်ပြီ အရှေ့ကို ကုန်းကြည့်ရင်း ငါးမျှားပါတော့တယ် ။ ဒီလိုနဲ့ အပြင်ဘက်ကို ကုန်းကြည့်ရင်း ကြည့်ရင်းနဲ့ ဝုန်း ကနဲ့ဆို အရှိန်လွန်ပြီး ပြတင်းပေါက်ကနေ ဇောက်ထိုး ကျသွားတော့တာပဲ ။ ကျသွားပြီးပြီးခြင်း ဂွပ်ခနဲ ဆို အသံတခုကြားလိုက်ပေမဲ့ ၊ ဘာမှ မဖြစ်တာနဲ့ ချက်ချင်းပြန်ထပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ ခြံထဲနေ အိမ်ရှေ့ကို ပတ်ပြီး ပြန်ထွက်လာတယ် ။ အိမ်ရှေ့ တံခါးပေါက် ရောက်တော့ တံခါးဝမှာ ထိုင်နေတဲ့ အမဝမ်းကွဲက “ ဟဲ့ မောင်လေး နင် ဘာတွေ ဖြစ်လာတာလည်း . . မေမေရေ မောင်လေး ခေါင်းမှာ သွေးတွေနဲ့ ” ဆိုပြီး ထ အော်တော့မှ အန်တီက သဘက်နဲ့ ခေါင်းကို အုပ်ပေးပြီး ဆေးခန်းပြေးပါလေရော ။ ဒီလိုနဲ့ပဲ အမောင် ကျွန်ုပ် ခေါင်းမှာ ၆ ချက် ချုပ်လိုက်ရပြန်ပါတယ် ။

နောက်တခုက ၅ တန်းမှာပါ ။ မေမေတို့က မော်လမြိုင် အောက်ဈေးမှာဆိုင်ဖွင့်တဲ့သူတွေဆိုတော့ ကျောင်းပိတ်ရင် ကျွန်တော်တို့ မောင်နှမတွေ ဆိုင်လိုက်သွားလေ့ရှိတယ် ။ ပြီးတော့ တစ်နေကုန် ဈေးမှာ ပတ်ပြီး လိုက်တမ်း ပြေးတမ်း ကစားကြလေ့ရှိတယ် မောင်နှမ ဝမ်းကွဲတွေ ။ တစ်နေ့တော့ ညနေ ဆိုင်သိမ်းခါနီးအချိန် မမ နဲ့ ကျွန်တော်လိုက်တမ်းပြေးတမ်းကစားကြတော့ မမက လိုက်ရသူပါ . . ဒီတော့ ကျွန်တော်က ရှေ့ကနေ ပြေးတာပေါ့ . . ပြေးရင်း နဲ့ မမကို အနောက် ပြန် လှည့်လှည့် ကြည့်တယ် ။ အဲဒီအနောက်ပြန်လှည့်ကြည့်ချိန်မှာ ရှေ့နားမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို မမြင်ပဲ ဆိုင်ကယ်ဒေါက် နဲ့ ခြေထောက် ချိတ်မိပြီး မှောက်ရက် လဲကျသွားပါတယ် ။ လဲကျတဲ့ အခါ ကျွန်တော် ညဘက်ပဲ လက်ဖဝါး ထောက်ကျပြီး ဘယ်ဘက်လက်က တံတောင်းဆစ်နဲ့ ကျပါတယ် ။ ဈေးရဲ့ လမ်းတွေက ကွန်ဂရစ် အပြည့်ခင်းထားတော့ ကျွန်တော့် ဘယ်လက် တံတောင်ဆစ် က တော်တော် နာသွားပါတယ် ။ ဒါနဲ့ မမက ကျွန်တော်ကို ထူပြီး မကစားတော့ဘူး ဆိုင်ပြန်မယ် ဆိုပြီး နှစ်ယောက်သား ဆိုင်ပြန်လာကြတယ် ။ ဆိုင်ရောက်တော့ ကျွန်တော့် တံတောင် ဆစ်က တဖြည်းဖြည်း ယောင်လာပြီး အကွေး အဆန့် သိပ်လုပ်လို့မရတော့ပါဘူး ။

ဒါနဲ့ မေမေက . . သား မင်းလက် ဘာဖြစ်တာတုန်း ယောင်ကိုင်းနေတယ်ပါလား ဆိုတော့မှာ . . သား လဲကျသွားလို့ မေမေ ဆိုပြီး ပြောပြတယ် ။ ဒါနဲ့ မေမေက ကျွန်တော်ကို ခေါ်ပြီး ဆေးခန်း သွားပြ ၊ ဓာတ်မှန် ရိုက်တော့မှ ဘယ်လက် တံတောင်ဆစ် အဆစ်လေး ထက်ခြမ်းပဲ့ထွက်သွားတာ ။ ဒါနဲ့ ဆေးရုံတက်ပြီး ခွဲရတော့တာပဲ ။ ခွဲတဲ့အခါ အရိုးနှစ်ခြမ်း ပြန်ဆက်ဖို့ စတီးချောင်းလေး အထဲမှာ ခံပြီး တေ့ ဆက်ရပါတယ် ။ ပြီးတော့ စတီးချောင်းကို အထဲမှာပဲ ထားပြီး ပြန်ချုပ် ကျောက်ပတ်တီ တစ်လလောက်ကိုင်ထားရတယ် ။ အရိုးဆက်သွားတော့မှ ကျောက်ပတ်တီးဖြည် စတီးချောင်းလေး ပြန်ထုတ်ပြီး တခါ ပြန်ချုပ်ရပါတယ် ။ ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်လက် တံတောင်ဆစ်မှာ ကင်းခြေများ ခြေရာတွေလို ချုပ်ရာ ၉ ချက်နဲ့ အမာရွတ် ရှိနေပြန်ပါတော့တယ် ။ ကျွန်တော် ဆိုတာ ငယ်ငယ်တည်းက အဲဒီလို ဆိုးတဲ့ ကောင်လေး တစ်ယောက်ပေါ့ဗျာ ။

နောက်တစ်ခုက ကျွန်တော်ဟာ ၂၀၀၁ ခုနှစ် ဇူလိုင်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်ပဲ အင်္ဂလိပ်စာ မော်ဒရေးရှင်း နဲ့ အောင်မြင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ အဲဒီ အင်္ဂလိပ်စာ မော်ဒရေးရှင်းနဲ့ အောင်ခဲ့တဲ့ သူက အဂ်လိပ်လိုပြောနေရတဲ့ နိုင်ငံကို မမျှော်လင့်ပဲ ရောက်လာခဲ့ရပြီး Yes or No နှစ်လုံးတည်း နဲ့ အင်္ဂလိပ်နိုင်ငံ တစ်ခုလုံးကို ပတ်နေပါကြောင်း ပြောရင်း ကျွန်တော် ငယ်ငယ်က ဆိုးပေခဲ့တာလေးတွေကို အမှတ်တရ ပြန်တွေးမိလိုက်ပါတယ်ဗျာ ။

အခုလို ကျွန်တော့်ကို တဂ်တဲ့ သူငယ်ချင်းလည်းဖြစ် ဂျီးတော်လည်း ဖြစ်တဲ့ မိုးခါးကို ကျေးဇူးတင်ပါတယ် ။ ပြီးတော့ ကျွန်တော် ဆက်တဂ်ချင်တဲ့ ဘလော့ သူငယ်ချင်းမောင်နှမများဖြစ်ကြတဲ့ ဂျယ်လီ ပစ်ပစ် ၊ ယွန်း ၊ မြတ်ပန်းနွယ် တို့ကို ခင်မင်စွာနဲ့ ရေးပေးပါဦးလို့ တဂ်လိုက်ရပါတယ် ခင်ဗျာ ။

လူကြည့်အများဆုံး စာတိုပေစများ