Wednesday, March 23, 2011

ကြက်ခြေခတ် ၀င်းရိုးစွန်းနဲ့ နေတစ်ခေတ် လတစ်ခေတ် ကောင်းကင်

.
ကျွန်တော်နဲ့ ညလင်းအိမ် ( ကိုတူး ) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်လုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြတာပါ ။ ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့ လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင် မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ သေရမှာ မကြောက်မှတော့ မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် ) နေတစ်ခေတ် လတစ်ခေတ်နဲ့ သက္ကရာဇ်ကတောင် ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင် ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ ဆေးခါး ကြိုက်နေမှတော့ သကာလိုက်လည်း မမှီတော့ဘူး အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို ) ကျွန်တော်ဆိုတဲ့ ကျွန်တော် အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ် တကယ်တော့ အချစ်ဆိုတာ နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး သစ္စာဆိုတာ သူ့အတွက် ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့ ကြယ်ပျက်တစ်လုံးလိုပဲ . . . သတိရပေးပါ ဒီဇင်ဘာရယ် အချမ်းပို ဆောင်းညတွေမှာ ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် ) ကျွန်တော်ဆိုတဲ့ ကျွန်တော် ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့ အလွမ်းခြေရာ ပြန်ကြည့်ရင်း အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ် တကယ်တော့ နာကျင်မှုဆိုတာ သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး သံယောဇဉ်ဆိုတာ သူ့အတွက် အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့ ကောင်းကင်တခြမ်းလိုပဲ . . . နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ် ညနေခင်းလေးမှာ နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို ) စံပယ်ရုံ ရနံ့တွေက သင်းကနဲ လှိုက်ကနဲ ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . . ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့ ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို ကဗျာတွေထဲ ရောသောက်လိုက်တယ် သွေးကြောထဲက တင်းမာလာတဲ့ မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့ ဒီဇင်ဘာရယ် . . . ငါ့ မျက်ရည်တွေ မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်) စွယ်တော်ရွက် ကြွေသံလေးတွေက ဖောက်ကနဲ ဖောက်ကနဲ ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . . ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို ကဗျာတွေထဲ ငှဲ့ချလိုက်တယ် ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့ သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့ ဒီဇင်ဘာရယ် . . . ငါ့သစ္စာတွေ မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို ) ဒီဇင်ဘာ . . . နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့ စွယ်တော်ရွက်လေးတောင် ကျကွဲသွားပြီပဲ ကိုယ်တို့ နှစ်ယောက်လည်း နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့ ဒါပေမယ့် ကောင်မလေးရယ် . . . နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင် သစ္စာပန်းအထပ်ထပ်နဲ့ မေတ္တာလမ်းဆက်ခဲ့တဲ့ ဆောင်းကြွင်း တစ်နေရာက ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက် စံပယ်ဖြူပွင့်တွေနဲ့ အတူ နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့ ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် ) ဒီဇင်ဘာရောက်ရင် ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ် အိမ်မက်တွေ အညတရ ဆန်ခဲ့တယ် စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့ ကဝေပျိုမငယ်လေးရယ် . . . ဒီနေ့ မိုးမရွာပေမဲ့ ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ် ကျေနပ်ခဲ့ပါတယ် . . . နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ ငါ့သစ္စာပန်းခင်းဟာလည်း အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ သွားပါတော့ ဒီဇင်ဘာရယ်. . . ဘာမှမကျန်တော့တဲ့ ရနံ့မဲ့ သစ္စာဟောင်းတွေကို ခိုးဝှက် ရှိုက်နမ်းရင်း ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို ) ညလင်းအိမ် ၊ လင်းခေတ်ဒီနို ( 22.3.11 ၊ 00း18 AM ) .

Tuesday, March 15, 2011

ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတယ်

. သန်းခေါင်ယံဟာ အိပ်မက်က နိုးလာတဲ့အခါ သူ့ပိုင်နက် တချို့ကို သိမ်းပိုက်ခံလိုက်ရပြီ သမိုင်းတခုမှာ အဆုံးရှူံးခံဖို့ ဂျစ်ပစီတို့ရဲ့ ကောင်းကင်ကို မြို့ရိုးအ၀မှာတင် မြုပ်နှံထားခဲ့လိုက်တယ် ဆောင်းနတ်သမီးရေ မင်းရဲ့ အလွမ်းကျိန်စာအောက်မှာ အထပ်ထပ်ဆွေးမြေ့ခံဖို့ နေမ၀င်အိပ်မက်တွေ နင်းခြေရင်း အလင်းမဲ့စွာနဲ့ ငါလာခဲ့ချေပြီ ။ စိတ်ကောက်တတ်တဲ့ နှင်းဆီရဲ့ ဥပေက္ခာနဲ့ အမုန်းကိုမှ တမ်းတမ်းမက် မွှေးရှိုက်ချင်မိတယ် ရူးမိုက်နေမိတာလား ကိုယ့်ခံစားချက် ကိုယ်ပြန်ချခင်းကြည့်တော့ စိတ်ကူးတိမ်လွှာလေးတွေနဲ့ ရင်ခုန်သံတောင် နှင်းဆီ ကာရံတွေ သီဆိုနေလေရဲ့ . . . ဒီလိုနဲ့ပဲ . . . . . ကြယ်တွေလတွေတောင် အလင်းပျောက်သွာတယ် ကျွန်တော့်မှာ ညကြီးမိုးသောက် ရနံ့ ဆိုတာလေးနဲ့တင် ရူးလို့ မူးလို့ ကောင်းနေဆဲ ။ မျက်စိတွေ စုံမှိတ်ပစ်လိုက်တယ် စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ ကောင်းကင် ပြတင်းပေါက်မှာ ကဗျာတွေနဲ့ သူမ ရောက်လာတယ် နှုတ်ခမ်းလှလှလေးနဲ့ အပြုံးတစ်ပွင့် . . . . အိုကေ ရပြီး ဒီညတော့ အပြင်းစားလဲ မလိုတော့ဘူး အနုပညာဆန်ဆန် စကားလုံးတွေနဲ့ပဲ ကိုယ့်ကဗျာ ကိုယ်သဲ့သဲ့လေး တီးခတ်လိုက်တော့မယ် ဆံနွယ်ရှည်လေးတွေနဲ့အတူ ချစ်စရာအပြုံးလေးတစ်ပွင့် ကျွန်တော့်ရင်ဘတ်လေးထဲ လွင့်ဝဲ ကခုန်နေတယ် ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတာပဲဗျာ ။ လင်းခေတ်ဒီနို ( 14.3.11,10း55 AM ) .

လူကြည့်အများဆုံး စာတိုပေစများ