Friday, May 31, 2013

ကောင်းကင်ရေးတဲ့ ကြယ်



ဒဿရဲ့ နှလုံးသားကို ခြယ်လှယ်ခွင့်ရလိုက်တဲ့
အချစ်ရဲ့ လက်ပါးစေလား . . . .
မျက်လုံး လှလှလေးတွေနဲ့
ငါ့ စိတ်ကို ပွတ်သပ် ဆော့ကစားနေလိုက်တာများ
အဲ့ဒီ တဒင်္ဂကို
စိတ်ကူးယဉ်တွေလုပ်ပြီး
သက်တံပေါ် ပစ်တင်ထားလိုက်တယ်
မင်း မျက်ဝန်းအလှတွေထဲမှာ
ငါ့ကိုယ်ငါ
တိုးတိုးလေး မှောင်လိုက် ချင်ပါရဲ့
တိုးတိုးလေး လင်းလိုက် ချင်ပါရဲ့ ။

သူမဟာ ကျွန်တော်ရဲ့
ကောင်းကင်ရေးတဲ့ ကြယ်
သူမဟာ ကျွန်တော်ရဲ့
တေးဆိုနေတဲ့ နှင်းဆီတံယော
သူမဟာ ကျွန်တော်ရဲ့
ကြယ်စုံတဲ့ ရာသီကို လင်းစေတဲ့ လခြမ်း
ဒီလိုနဲ့ပဲ
ကျွန်တော်ဟာ သူမရဲ့ 
ကဗျာကမ်းနဖူးမှာ
ယဉ်ယဉ်လေး ရူးနေခဲ့တဲ့ကောင် . . . 

၁ နှစ် . . . 
၂ နှစ် . . . 
၃ နှစ် . . .
တစ်ခါတလေတော့လည်း
ချစ်ခြင်းလောကကြီးက
ကံကြမ္မာရဲ့ အမဲလိုက်ကောင်းတဲ့ ရာသီတစ်ခုလား . . . ။

ကိုယ့်ကိုယ်ကို
နမ်မီးဆစ် နတ်သမီးရဲ့ လက်ထဲ
အလျှော်အစားလုပ်လိုက် မိတယ် . . . ။

မိုးလင်းအောင် ငေးမိတဲ့ ကောင်းကင်မှာ
ကြယ်ရောင်မပါပဲ
တိမ်မည်းတွေအနောက် လိုက်ခဲ့မိပေါ့
မက်မက်မောမော မျှော်လင့်မိခဲ့တဲ့ လမင်းဟာ
သက္ကရာဇ်တွေထဲ ပြန်ဝင်သွားခဲ့တယ် ။

မိုးဖြိုင်းဖြိုင်းမည်း နေတဲ့ အောက်မှာ
တစ်ကိုယ်စာ
နွေခေါင်ခေါင် ဖြစ်နေတဲ့အထဲ
ကျိန်စာတစ်ခွင်လုံး မိုးစုန်စုန်ချုပ်မှတော့
လက်ကြားက နက္ခတ်မှာ
ကိုယ့်သေတမ်းစာ ကိုယ်ရေးလိုက်တယ်

ကိုယ့် အိပ်မက်တွေ
ကိုယ်ပြန်ခူးခဲ့ရတဲ့ နေ့ . . . ။

မြောက်ပြန်လေညှင်းမှာ
ကိုယ်သင်းရနံ့လေးနဲ့ ကြည်စယ်သွားတဲ့
နတ်ဆိုးမလေးရေ . . .
နွေတစ်မိုး ဆောင်းတစ်မိုးနဲ့
မိုးမမြင် လေမမြင် အိပ်မက်တွေကို
ကဗျာတွေနဲ့ပဲ ပြန်ခွါချနေရတယ်
နှင်းပန်းရိုင်းရိုင်းဟာ ခရမ်းလှိုင်းတွေနဲ့
မီးမြိုက်ခံရပေါ့ 

အလင်းငွေ့ငွေ့ ကျန်နေသေးတဲ့ အခန်း
ပြတင်းပေါက် အပြင်ဘက်က နွားရိုင်းသွင်းချိန်
ဟိုးးးး ခပ်ဝေးဝေးက
အရွက်ကြွေစရာ မရှိတော့တဲ့ သစ်ခြောက်ပင်
ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
မွှန်းကြပ်မှုကို စုတ်ချက်တွေနဲ့ ရိုက်ထုတ်လိုက်တယ်
ငါ့မပါတဲ့ ငါ့စိတ်ဟာ
အလင်းသဲ့သဲ့မှာ
တစ်ယောက်တည်း မိုးချုပ်နေခဲ့တယ် ။

လင်းခေတ်ဒီနို  (31.5.13)

လူကြည့်အများဆုံး စာတိုပေစများ