Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, August 31, 2014

နွေ

.

နွေ . . . 

ဒီနွေဟာ ကိုယ့်ကိုယ်
ပူလည်း ပူစေတယ်
အေးလည်း အေးစေတယ်
ရိုးတံတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့
လေပြည်အပြေးမှာ နွဲ့ယိမ်းနေပုံက
နွေအိုကျဲကျဲကို ချုပ်ရိုးအထပ်ထပ်သီပြီ
ကကွက်နင်းနေတဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ အပြည့်နဲ့  ။

အတားအဆီးမဲ့ ပြေးလွှားနေတဲ့ 
တိမ်နွယ်တိမ်ခက်တွေ . .

နေကြာပန်းတစ်ခင်းစာလောက်နဲ့တော့ 
သူတို့ကို မဆွဲဆောင်နိုင်ဘူး
လွတ်လပ်စွာပဲ 
ကွင်းပြင်တွေကို ဖြတ်သန်းပြေးလွှားလိုက်ကြတယ် ။

မိုးပြာရောင်လွင်လွင် ကောင်းကင်ကနေ
နွေကျဲကျဲရဲ့ အလင်းတန်းတွေဟာ ဖြာကျစီးဆင်းနေသလို
နွေရဲ့ နေ့ခင်းဟာ ပူသလို
နွေရဲ့ လေပြည်ဟာလည်း အေးမြနေသလို
နွေရယ် . . .
ငါ့ကို . . ခြုံပါ
မင်းရဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ကို . . နွေးထွေးပါ
မင်းရဲ့ လက်တစ်စုံနဲ့
ငါ့အိပ်မက်ကို ရေးခြယ်ပါ
မင်းရဲ့ အပြုံးပွင့်တွေနဲ့
ငါ့ကောင်းကင်ကို လင်းခြင်းပါ ။

နွေရဲ့ ကောင်းကင်ကို ကြည့်ပြီ
လဲကျနေရာကနေ ရုန်းထဖို့
ကိုယ့်လက်တစ်ဖက်ကို အားတင်းဆွဲယူလ်ိုက်တယ်
ဒါပေမဲ့ . . . .
လက်တစ်ဖက်က ဦးစွာ 
ကြင်ကြင်နာနာ ကိုယ့်ကိုဆွဲထူပေးခဲ့တယ် . . . . .

နွေ . . . . .
ကျွန်တော်က နှင်းစက်တွေအောက်က ဆောင်းပါ
မှုန်ဝါးဝါး မြူခိုးမြူဝေထဲကနေ ထွတ်တတ်တဲ့ကောင် မဟုတ်တော့
တခါတလေ မုတ်သုံကလေးဖြစ်ရတာကိုတောင်
ဝမ်းနည်းခဲ့ရ ။

သူမက နွေပါ . .
ရယ်သံနဲ့ ရက်ဖောက်ထားတဲ့ အလင်းတွေနဲ့ ထွန်းညှိပြီး
ကျွန်တော့်ကောင်းကင်နဲ့ တိမ်တိုက်မြို့လေးကို
နွေးထွေးစွာ တည်ပေးခဲ့တယ်
သူမဟာ ကျွန်တော်ရဲ့ 
. . . . နွေ . . . .  


လင်းခေတ်ဒီနို ( ၃၁.၈.၁၄ )
ဘလော့ဒေး အမှတ်တရ . . .  


Saturday, April 19, 2014

ဒီညချမ်းမှာ ငါ့ကိုယ်ပေါ်ကို တိုးတိုးတိတ်တိတ် မိုးတွေရွာချပေးပါ


. မွန်းကျပ်မှုတွေက 
. စိတ်အာရုံတွေကြားမှာ
. အနီလှိုင်းတွေ အရောင်တရဲရဲ
. လွှင့်ထုတ် ပစ်ခတ်ကြ . . . ။

. ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ 
. အသင့်အနေအထားနဲ့
. ကျုပ်ဒူးထောက်မယ့် အချိန်ကို စောင့်နေတယ် . . ။

. ပန်ရိုင်းတွေကြားမှာ 
. နဂါးတွေနဲ့ သူမ ကခုန်တာတွေ့တိုင်း
. မီးတောင်တစ်ခုပြီး တစ်ခု ပေါက်ကွဲသလို
. ကျွန်တော့် အာရုံဦးဟာ
. နီရဲ ဆွေးမြေ့ခဲ့ရ . . ။

. နိုးတဝက် အိပ်တဝက် မနက်ခင်းဟာ
. သူမကြောင့် ငိုခဲ့ရ
. သူမကြောင့် ပျော်ခဲ့ရ
. သူမကြောင့် လွမ်းဆွတ်ခဲ့ရ
. သူမဟာ နှင်းဆီသွေးလို ရဲတဲ့ မင်းသမီး . . ။

. ဘယ်အလင်းနဲ့များ
. ကျုပ်ကို ငြို့ငင်ထားသလဲ 
. ကျုပ်ရဲ့ ဝိညာဉ်တို့ မြေပေါ်မှာ ညွတ်တွားသွားကြ . . ။

. သူမ စိတ်ကို ငြိုငြင်အောင်လုပ်ဖို့
. ဘယ်နတ်ဘုရားမှ အားအင်မပေးနိုင်ခဲ့ဘူး
. ရင်ဘတ်ထဲ မီးပွင့် ပန်းချပ်တွေ 
. အပြိုင်းအရိုင်း လွင့်ဖွာ ပွင့်ထွက်ကုန်ကြ . . ။

. နွေကိုမှ ပန်ချင်တဲ့ ကောင်မို့
. ဘယ်ဆောင်းနဲ့ ဖြန်းဖြန်း မအေးတော့တဲ့သူလေ
. အရှုံးတွေ တစ်တိုင်ပြီး တစ်တိုင်
. သူမရှေ့မှာ ဦးညွှတ်ခဲ့ကြတယ် . . ။

. ပြီးဆုံးသွားတာ သေချာပါတယ်
. အရာရာ 
. ပြီးဆုံးသွားခဲ့ကြတယ် ။

. ကောင်မလေးရေ
. ကျေးဇူးပြုပြီး 
. ဒီညချမ်းမှာ . . .
. ငါ့ကိုယ်ပေါ်ကို
. . . တိုးတိုး တိတ်တိတ် 
. . . . . . မိုးတွေ ရွာချပေးပါ  ။

လင်းခေတ်ဒီနို . . . ( ၁၉.၄.၁၄ ) 

Friday, March 28, 2014

.
ပန်းတွေ တေးဆိုတော့
ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . .

အလင်းတွေ အိပ်တန်းဝင်တော့
အဲဒီညမှာ 
မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ်
ဒါပေမဲ့ . . သူ ထွက်သွားတုန်းက ခေါ်သွားတဲ့
ငှက်ကလေးတွေ ၊ သူနဲ့အတူ ပြန်ပါမလာဘူး 
အစိမ်းနက်ရောင်ရင့်ရင့် တောတန်းတွေက
သူတို့ချင်း နားလည်တဲ့ ဘာသာဗေဒ စကားလုံးတွေနဲ့
စကာထှာ ဝှက်ထားကြတယ်
ကောင်းကင်ကို မော့ကြည့်ရင်း
အိပ်ပျော်သွားတဲ့ လမင်းရဲ့
ရင်ဘတ်ကို ဆွဲဖွင့်ကြည့်တော့
ညဟာ နက်သနက် နက်လာတယ် 
တိတ်ဆိတ် . . .  
အေးချမ်း . . . 
ကျွန်တော် အဲဒီညထဲ ဝင်ထိုင်လိုက်တယ်
ခဏကြာတော့ 
တောပန်းတွေ ၊ ရနံရေတံခွန်ကြီး သွန်ချလို့
ခုနှစ်စင်ကြယ်တွေ အမြီးထောင်ပြီ
ကွေးနေအောင် က သတဲ့
ဒါဟာ ဗင်းဆင့် ဗန်ဂိုး ဆွဲခဲ့တဲ့ 
Starry Night ပန်းချီကားမျိုးလား
ကျွန်တော်ဟာ ကောင်းကင်ဘုံတံခါးဝမှာ ရပ်ပြီ
တံခါးခေါက်ဖို့ တွေဝေနေတဲ့သူ
လှမ်းကြည့်လိုက်တော့
ကျွန်တော့် အဖြူရောင် နတ်သမီးဟာ
နေကြာပန်းပင်တွေကြားမှာ လှနေတယ်
သူမဟာ ကျွန်တော့်ကို ကြယ်တွေနဲ့ လှလှပပ ပြုစားတဲ့ည
သူမဟာ ကျွန်တော့်ကို စကာထှာတွေ တစ်ခုပြီးတစ်ခု ဝှက်တဲ့ည
သူမဟာ ကျွန်တော့်ကို ရနံ့တွေနဲ့ ငြို့ငင်နေတဲ့ည
သူမဟာ ကျွန်တော့်ကို လေနုအေးနဲ့ နွေးထွေးစေတဲ့ ည
သူမဟာ . . .  
သူမ . . .  
.
. .
ကျွန်တော် သူမရဲ့ ရင်ဘတ်တံခါးကို ခေါက်ဖို့သင့်ပြီ 

ကြယ်ကလေး တေးဆိုတော့
ပန်းလေး မျက်လွှာချရင်း ရှက်လိုက်ရတဲ့ည . . .

လင်းခေတ်ဒီနို 

Monday, March 24, 2014

နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ

. ဘယ်လို ငြိတွယ်မှုမျိုးလဲ ကိုယ့်ဝပ်ကျင်းထဲက ကိုယ်မထွက်ဖြစ်ခဲ့တာ နွေမိုးဆောင်း အခါခါပေါ့ . အပြုံးတစ်ခုနဲ့ မျက်ဝန်းတစ်စုံက 9MM ကျည်တစ်ထောင့်လို ကျုပ်ရင်အရှေ့ကနေ အနောက်ကို ဖြတ်ဝင်သွားတယ် . သွားတက် ၊ ခပ်ဟဟ ပန်းဆီနီ နှုတ်ခမ်း ပုစွန်ဆီရောင် အကျီဟာ ဖြူဖြူဖွေးဖွေး သူမ အသားအရည်နဲ့ သိပ်လှပလွန်းတယ် ဒီလိုနဲ့ပဲ ရှုံးခဲ့ပြန်ပေါ့ . ခင်ဗျား စားပွဲပေါ်မှာ လက်ကလေးထောက်ပြီး သိပ်မပြုံးပါနဲ့လား ကြာရင် ကျုပ်ရူးသွားလိမ့်မယ် . ဒီအချိန်မှာ ခင်ဗျားကို ပြောဖို့ စကားတစ်ခွန်းအတွက် ကျုပ်ရဲ့ လက်တွေ အေးစက်နေတယ် ကိုယ့်ကိုယ်ကိုယ် အံလည်း အံသြတယ် ၊ ပီတိလည်း ဖြစ်တယ် ကျုပ်ကဗျာထဲ ကျုပ်ရင်ခုန်သံတွေ မရောဖြစ်ခဲ့တာ ကြာပြီပေါ့ . အသေစောတဲ့ မီးတောက် ဆိုလည်း ရောပြီ ကျေကျေနပ်နပ် ကျုပ်မော့လိုက်မယ် . ဖိန်းကနဲ့ ရှိန်းကနဲ နားထင်မှာ တက်တက်လာတဲ့ အငွေ့က ရင်ဘတ်စက်ခေါင်းခုတ်သံနဲ့အတူ သွေးကျောထဲကနေ ခင်ဗျားအရိပ် ရှိရာအရပ်ပဲ မောင်းသွားပြန်တယ် ဒီလိုနဲ့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ ကျုပ်ပိုလက်ခံသွားတယ် . ကျုပ် ကော်ဖီ မကြိုက်ပေမဲ့ အခု စတားဘတ်ကိုတော့ မိတ်ဖွဲ့ထားတယ် ခင်ဗျားကို ပိုးပန်းနေတဲ့ ရန်သူတော် စာရင်းထဲမှာ ကျုပ်နာမည်ကို ကျုပ် ထိပ်ဆုံးက ချရေးထားတယ် . အချစ်ကို ဇက်ကြိုးတပ်ပြီး ကျုပ်မမောင်းဘူး နှလုံးသားကို ချွှန်းဖွင့်ပြီး မည်းမည်းမြင်ရာ တိုးနေတာ မဟုတ်ဘူး . နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ ကျုပ်ရင်ဘတ်က ချစ်ခြင်းစစ်စစ် သစ်ရွက်တစ်ရွက် ခင်ဗျားနှလုံးသားပေါ် ကြွေကျခဲ့တာပါ . . . . ကျေးဇူးပြုပြီး ခင်ဗျား ရင်ခုန်သံနဲ့ အတူ ကျုပ်ကို စီးမျောခွင့် ပြုပါ . . . လင်းခေတ်ဒီနို

Saturday, March 8, 2014

ကျွန်တော့် အာရုံဝပ်ကျင်းထဲမှာ သူမရှိနေခဲ့တယ်

ဓာတ်ပုံလေး ခိုးခိုးကြည့်ရုံနဲ့တော့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
တဖက်သတ် ချစ်သူ ဖြစ်နေရတာပဲ 
အဖတ်တင်တယ် ။

အပြုံးမျက်နှာလေးတစ်ခုကို
တိတ်တခိုး စွဲလမ်းရတဲ့ဘဝက
သိပ်ခက်ခဲတယ် 
ကောင်မလေးရယ် . . . . . ။
ကိုယ့်ဥယာဉ်ဆိုပေမဲ့လည်း
မင်းမနမ်းပဲနဲ့တော့ မဖူးပွင့်နိုင်ခဲ့ဘူး ။

တစ်ခါတစ်လေတော့လည်း
သက်ပြင်းတွေ ခပ်ဖွဖွလေးချရင်း
နိုးခဲ့ရတဲ့ ညတွေမှာ 
မင်းမျက်ဝန်း စိုစိုတွေ 
ကိုယ်ရင်ဘတ်မှာ ကွန်းခိုနေခဲ့တယ် ။

လမင်းကို ပန်တဲ့မိန်းကလေး
မင်းရဲ့ ဖြူတစ်ဝက် နီတစ်ဝက်
မျက်နှာလေးနဲ့ပဲ
ငါ့ကောင်းကင်မှာ ကြယ်တွေ 
လင်းလင်းခြင်းခြင်း ပွင့်ပစ်လိုက်ရတာ
ရင်ခွင်တစ်ခုလုံးမှာ
မျှော်လင့်ချက်တွေ မိုးစိုလို ။

စံပယ်လိုဖွေး ၊ ခရေလိုမွှေးပြီး
နှင်းဆီလို အလှတွေနဲ့ 
ကိုယ့်ရဲ့ အာရုံဝပ်ကျင်းထဲ ခိုးဝင်လာတဲ့
ကောင်မလေး . . . .
တနင်္ဂနွေမီးတောက်နဲ့
ဆောင်းဦးပေါက် အရက်တစ်အိုးလို
ကိုယ့်နှလုံးသားကို မီးရှို့ရစ်မူးစေခဲ့ပေါ့ ။

လင်းခေတ်ဒီနို
.

Wednesday, January 29, 2014

ဒုက္ခကို ဇက်ကြိုးတပ်ပြီး ကျွန်တော် စီးထားတယ်

.
ဘဝမှာ
နာကျင်တာတွေ များလွန်းလာတော့
တွေ့သမျှ မျက်နှာတွေကို
အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို
ကြောက်ရွံ့တတ်လာတယ်

ကောင်းကင်ပေါ်က ခူးခူးပြီး သိမ်းထားတဲ့
" တစ်နေ့တော့ . ."  ဆိုတဲ့ စိတ်ကူးလေးတွေ
အမိမြေမှာမဟုတ်တဲ့  သူတွေအတွက်တော့
မိုးကုတ်စက်ဝိုင်း အဆုံးကို  လမ်းလျှောက် နေရသလိုပဲ

Return Date ဆိုတာ ကိုယ်ပိုင် အဘိဓာန်မှာ
အမေ့ခံထားရတဲ့ စကားလုံးပါ
ခြေတစ်ဖက် ကျွံထားပြီးမှတော့
နောက်တစ်ဖက် ကျွံသွားလည်း
ဒီနွံအိုင်ထဲမှာ ဘယ်သူမှ လာဆွဲမကူဘူး

အခန်းကျဉ်းထဲမှာ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
အပူတောထဲက ဘဝကို မျက်ရည်နဲ့ စိမ်ထားလိုက်တယ်

ခေါင်းရင်းနံရံပေါ်က အမေ့ရဲ့ ဓာတ်ပုံက ပြုံးနေတယ်လေ
မဟုတ်ဘူး . . ဒါဟာ လုံးဝမဟုတ်ဘူး . . .
အခန်းရဲ့ထောင့်တစ်နေရာမှာ အမေ မျက်ရည်ကျနေတာ
အမေရှိတဲ့အခန်းထောင့်ကို ကျွန်တော်သွားလိုက်တယ်
အမေနဲ့အတူ ကျွန်တော်မျက်ရည်တွေစီးကျလာတယ်

မနက်ဖြန် အော်ပရာစီ ဝင်မယ်တဲ့ အမေ
ကျွန်တော် ဖမ်းမိလို့ မဖြစ်ဘူး
ညီမလေးကို ကျောင်းထားရဦးမယ်
အမေ့ကို ခြံဝိုင်းလေး ပြန်ဝယ်ပေးရဦးမယ်
အံကို ပြန်ကြိတ်ရင်း
ဒီညကိုလည်း အိပ်မက်ဆိုးတွေနဲ့ အိပ်စက်ရဦးမယ်
ကယောင်ခြောက်ခြားပေါ့ 

ဘယ်ဓားသွားက ကိုယ့်ဗိုက်ကို ဓားအိမ်လာလုပ်မလဲ
အချိန်မရွေးဆိုတာအတွက်
သေတမ်းစာကို ခေါင်းအုံးအောက်မှာ ရေးထားပြီးသား
မျှော်လင့်ချက် ပျောက်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားတာပဲ
အရှေ့တံခါးခေါက်သံကြားရင်
အနောက်တံခါး ဂျက်ကိုဖြုတ်ဖို့
လက်တွေက အသင့်ပြင်ထားပြီးသား

ကိုယ်တွေက သေမင်းချောက်ကမ်းပါးမှာ
ခြေတစ်ဖက် တင်ထားတဲ့သူ
ကံကြမ္မာနဲ့ စိန်ပြေးတမ်း ကစားရတဲ့နေရာမှာ
အလောင်းအစားက  . . . ကိုယ့်ဘဝပဲ

ဒုက္ခကို ဇက်ကြိုးတပ်ပြီး ပြေးနေတဲ့လူတွေလေ
အိမ်ပြန်ချိန်ဆိုတာ 
ကိုယ်တွေအတွက်တော့
ခဏခဏ မီးသေနေတဲ့
ခပ်ပေါပေါ ဆေးပေါလိပ် တစ်လိပ်ပေါ့ . . . .

ဗညားရှိန် ( လင်းခေတ်ဒီနို ) ( ၂၉.၁.၁၄ )
.

Monday, December 2, 2013

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်


ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် 

အိပ်မက်တွေကို ချိပ်ပိတ်ပြီး
နှလုံးသားကို တံဆိပ်ကပ်ထားတယ်
" ပြန်လည်မတူးဖော်ရ " . . .

တိတ်ဆိတ်မှု
အေးအေးစက်စက်
တစ်ဆစ်ဆစ် နာကျင်မှုအောက်
ငါ . . ဘယ်လို လုပ်ရမလဲ
စိတ်ကို ရေတံခွန်တစ်ခုလို လွှတ်ချလိုက်ချင်တယ်
တဝေါဝေါ ခုန်ဆင်းသွားတဲ့ ရေလုံးတွေလို . . .
အရှိန်နဲ့ ကန်ရေပြင်ကို တဗြောင်းဗြောင်း ရိုက်ခတ်
လွင့်ထွက်သွားတဲ့ ရေမှုံရေမွှားတွေလို . . .
ငါ့ စိတ်အဇ္ဇတ္တတွေကိုလည်း
တစစီ . . . 

တကယ်တော့ တစ်လမ်းတည်းပါပဲ
မျက်နှာမူရာ အရပ်ပဲ ကွာခဲ့တာ . . .

မြူတစ်မှုံစာလောက်နဲ့တော့
ချစ်ခြင်းတွေ နှင်းမခဘူး
ဆောင်းမနက်ခင်းကို ဆွဲဖွင့်ပြီး
နှင်းစက်လေးတွေ
သီခိုင်းလို့ရမှတော့
ငယ်ရယ် . . .
ကိုယ်တို့နှစ်ယောက်ရဲ့
စွယ်တော်ရွက်လေးတွေလည်း
ကြွေခဲ့မှာ မဟုတ်ဘူးကွယ် . . .

နှလုံးသားကို တံခါးပိတ်ပြီး
အိပ်မက်တွေကိုပဲ ထွေးပွေ့ထားလိုက်တယ် . . .

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် . . . . .

လင်းခေတ်ဒီနို ( 2.12.13 ) 
.

Wednesday, September 25, 2013

ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်း



သူမက ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ တံလျှပ်ထနေတဲ့ ကိုယ့်ဘဝထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့ ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့ တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ . . . တညနေ မှာပဲ
အိပ်မက်ကို ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို မှုတ်ငြိမ်းခဲ့ကြပေါ့ ။

ဘယ်လို အငြိုးမျိုးနဲ့
ပန်းတွေကို အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘဝက မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့ လမ်းဆိုရင်တောင်
အဲ့ဒီ အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။

လမ်းဆုံး
အဆုံးမရှိတဲ့ လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့ ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည် ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန် ချုပ်ခဲ့ကြပေါ့ ။

ချစ်ရက်နဲ့ လမ်းခွဲခဲ့တာလား
လခြမ်းကို မြင်လို့
ကြယ်မှုံကို ထားခဲ့တာလား
မီးပွင့်မတတ် ခါးထောက်ပြီး
ငါ့အပြစ်လို့ ဆိုမှတော့
ကောင်မလေးရေ . . .
တစ်ယောက် တစ်ကမ္ဘာစီပဲ
. . . . . 
ကြေကွဲ လိုက်ကြရုံပေါ့ ။

လင်းခေတ်ဒီနို ( 24.9.13 )

Wednesday, August 7, 2013

အိပ်မက်တွေ လှုပ်နှိုးခံရတဲ့ ကြယ်


ရင်ခုန်သံ မညီမညာနဲ့မို့
ချစ်ခြင်း စကားလုံးတွေ ဖတ်မပြတတ်ခဲ့ဘူး
စံပယ်တွေ သီပြီး စာတွေ မစီတတ်ခဲ့ဘူး
ကိုယ့်ရင်ဘတ် ကိုယ်ဆွဲဖွင့်ပြတာကလွဲရင်
အတ္တ နဲ့ မာနကို ငါ ချခင်းပေးထာပြီးသား ။

ကိုယ်ဟာ ဟိုးး ကောင်းကင် အစွန်းအဖျားနားက
ကြယ်အမှုံ အမွှားတစ်လုံးလေ
သုညတွေနဲ့ လင်းခြင်းနေရတာမို့
ကိုယ့် လက်ကမ်းရင်တောင်
မင်း လှမ်းရဲပါ့မလား ချစ်သူ ။

အမြင်မတူတဲ့ တို့နှစ်ယောက်ကြားမှာ
ဘယ်သူ့ကို လူမိုက် ဌားမလဲ
နတ်ဆိုး တစ်သိုက်ဟာ
မြင်းရိုင်းတွေစီးပြီး
မီးလှိုင်းတွေ ပွေ့ပိုက် ဝင်လာခဲ့ပေါ့ ။

ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။

အိပ်မက်ကို လှုပ်လှုပ်နှိုးသွား
ငြို့မျက်လုံးတွေ ၊ မာယာတွေ
(အဲ့ဒီ) ဝင်ရိုးစွန်းမှာ
ကိုယ်ဟာ ခဏ ခဏ ငြိ မိသွားတဲ့
ကြယ်တစ်လုံးပေါ့ ။

လင်းခေတ်ဒီနို (7.8.13)
.

Tuesday, July 9, 2013

ကျနော့် ရာဟုမလေး

ကမ္ဘာပေါ်မှာ ကျနော် နေစရာ နေရာ အခက်အခဲ ရှိလာတယ်
ကျနော့် ရာဟုမလေးက နေရာတိုင်းမှာ ရှိနေတယ်လေ
ကျနော့် ရာဟုမလေးက နှင်းပွင့်လို ဖြူစင်သည်
ဆောင်းမဟုတ်ပဲနဲ့ သူ့ပုံရိပ်က အေးမြတယ်
ရာဟုမလေးက ယုန်ငယ်လေးလို နူးညံ့တယ်
တိတ်ဆိတ်အေးချမ်းတဲ့ သူ့ အိပ်မက်ထဲမှာပဲ သူနေတယ်
စာအုပ်တစ်အုပ် ဂရင်းတီး တစ်ခွက်နဲ့လည်း သူပျော်နေတတ်တယ်
တဖျစ်ဖျစ်မြည်နေတဲ့ နွေခေါင်ခေါင်လို
တခါတခါ ရာဟုမလေးက ကျွတ်ဆတ်ဆတ်လေး
သူ စိတ်တိုပုံလေးက နှင်းဆီရိုင်းလေး တစ်ပွင့်လို
ကြယ်တွေရဲ့ ဆူးတောင်နဲ့  သူ့ လောကကြီးကို သူရင်ဆိုင်တယ်
ကျနော့် ရာဟုမလေးက စိတ်မပါရင်
အိပ်မက်ကိုတောင် အိပ်မက်ထဲ ထည့်မက်တာမဟုတ်ဘူး
တခါတခါကျပြန်တော့ ကျနော့် ရာဟုမလေးက
နှင်းဆီအရိုင်လေးတစ်ပွင့် မဟုတ်တော့ပြန်သလို နူးညံသိမ်မွှေ့လို့
စံပယ်လို ဖွေးဖြူ ၊ ခရေလို မွှေးကြူတဲ့ ကျွန်တော့် ရာဟုမလေး 
ကပိုကရို ရှက်သွေးရောင်သန်းနေတဲ့ နှုတ်ခမ်းလှလှလေးတွေ နဲ့
မျက်လုံး တောက်တောက်ပပ လေးတွေ နဲ့
လေးထောင့်ဆန်ဆန် ဖလင်အကွက်တွေထဲမှာလည်း အိုက်တင်ခံတတ်ပြန်ရဲ့
လက်သည်းရှည်လှလှလေး မြတ်နိုးတတ်တဲ့ ရာဟုမလေး
တခါတခါ ဆံပင်အကြေကောက်လေးကိုလည်း နှစ်သက်ရဲ့
ကျနော့် ရာဟုမလေး တခါတလေ မခို့တရို့ပြုံးတယ်
တခါတလေ ရှက်ပြုံးပြုံးတယ်
တခါတလေ အိုက်တင်ခံပြီး ပြုံးတယ်
တခါတလေ ဘယ်လိုပြုံးမှန်းမသိအောင်ကို ချစ်စရာကောင်းတယ်
ကျနော့် ရာဟုမလေး မက်ကီးမောက် ကြိုက်တယ်
ဂစ်တာ တီးတာကို နှစ်သက်တယ် ဖိနပ်လှလှလေးတွေ ကြိုက်တယ်
သံပရာ ရနံ့နဲ့ ဘီစကွတ်မုန့် ကြိုက်တယ်
တခါတခါ ကျနော့် ရာဟုမလေးက လည်မလိုလိုနဲ့ ရပ်နေတတ်တယ်
ကျနော့် ရာဟုမလေး တစ်ချက်ပြုံးလိုက်ရင်လေ
ကမ္ဘာကြီး ချက်ချင်းမှောင်သွားလိုက် ချက်ချင်းလင်းသွားလိုက်နဲ့
ကျနော့် ရင်ဘတ်ထဲ ရွှေဗဟိုစည်များ တီးနေသလား အောက်မေ့ရတယ်
ဘယ်လို ညွန်းဆိုရမလဲ ရာဟုမလေးရေ
ဘယ်နက္ခတ်မှာ ပွင့်တဲ့ ပန်းကများ မင်းအလှကို အံတုနိင်ပါမလဲ
 ကြည့် ပြောရင်းဆိုရင်း . . . အဲဒီလို ထပ်ပြုံးပြန်ပြီ
ကဲ ဗီးနပ်စ်ရေ ခင်ဗျားရဲ့ အလှဘွဲ့ ကျနော့် ရာဟုမလေးကို ပေးလိုက်လို့ရပီ ။

လင်းခေတ်ဒီနို

Thursday, July 4, 2013

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့

ဒိုင်ယာရီ ဆိုတာ                           
အချစ်စကားလုံးတွေ ပုန်းခိုခဲ့တဲ့
ဗုံးခိုကျင်းကလေးပဲ. . .  ။

စူးစူးဝါးဝါး ပြန်ငုံကြည့်မိတဲ့
ဒိုင်ယာရီ စာအုပ် တစ်အုပ်
မျက်နှာဖုံးပေါ်က
ဖီးလ်နစ်ဌက်ကလေးတွေက
မီးညွန့် တွေထဲ
ငါ့စိတ်ကို ပစ်သွင်းလိုက်တယ်
အတိတ်ရဲ့ အရိပ်တွေ
ဖိတ်ဖိတ်စင်စင် လွင့်ဖွာတက်လာလို့ . . . ။

အိပ်မက်တွေ ၊ အိပ်မက်တွေ
အိပ်တဝက် နိုးတဝက် ၊
သစ္စာမြို့ပျက်မှာ
တောခြောက်တဲ့ ဗုံသံတွေနဲ့  . . . .  ။

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့မှာ
ကောင်းကင်ကို
ဆွဲခွါပြီး
ဘယ်နှစ်ခါ ပြန်တည့်တည့်
" ဘ၀ " က ရင်ခုန်ရတာပဲ
အဖတ်တင်တယ်
ဒီလိုနဲ့ ငါဟာ
ဘယ်နွေဦးပေါက်မှာမှ မတောက်တဲ့ မီးနဲ
လောင်ကျွမ်းခံလိုက်ရတဲ့
နေတစ်လုံးပေါ့. . . . .  ။

ဆိုဖီယာ . . . .
မင်း မျက်လုံး ရွဲရွဲလေးတွေနဲ့
ငါ့ကို မကြည့်ပါနဲ့တော့
အိပ်မက်ဆိုတာ
ဘယ်နှစ်ခါ ပြန်မက်မက်
အိပ်မက်ပဲ မဟုတ်လား
ဆိုဖီယာ  . . . . ။

ကမ္ဘာတစ်ခြမ်းက နှလုံးသားနဲ့
ကမ္ဘာတစ်ခြမ်းက ချစ်ခြင်းတရား
လက်ခြင်း မချိတ်လည်း နားလည်တယ်

ကွာဝေးနေတဲ့
ကမ္ဘာတစ်ခြမ်းစီကြောင့်
တွဲခိုလိုက်ရတဲ့ မျက်ရည်တွေဟာ
တေးသွားရဲ့ စည်းချက်ဆိုရင်
ဝေးကွာနေတဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
တို့ နှလုံးသားတွေ
မြေချ စိုက်ပျိုးထားလိုက်မယ်

တနေ့ . . . . . . .
ကမ္ဘာ့ဗဟို တစ်နေရာမှာ
တို့ ချစ်ခြင်း အမြစ်တွေ
ဆုံကြလိမ့်မယ် . . . . . . .  ။

လင်းခေတ်ဒီနို ( 4.7.13 )

Friday, May 31, 2013

ကောင်းကင်ရေးတဲ့ ကြယ်

ဒဿရဲ့ နှလုံးသားကို ခြယ်လှယ်ခွင့်ရလိုက်တဲ့
အချစ်ရဲ့ လက်ပါးစေလား . . . .
မျက်လုံး လှလှလေးတွေနဲ့
ငါ့ စိတ်ကို ပွတ်သပ် ဆော့ကစားနေလိုက်တာများ
အဲ့ဒီ တဒင်္ဂကို
စိတ်ကူးယဉ်တွေလုပ်ပြီး
သက်တံပေါ် ပစ်တင်ထားလိုက်တယ်
မင်း မျက်ဝန်းအလှတွေထဲမှာ
ငါ့ကိုယ်ငါ
တိုးတိုးလေး မှောင်လိုက် ချင်ပါရဲ့
တိုးတိုးလေး လင်းလိုက် ချင်ပါရဲ့ ။

သူမဟာ ကျွန်တော်ရဲ့
ကောင်းကင်ရေးတဲ့ ကြယ်
သူမဟာ ကျွန်တော်ရဲ့
တေးဆိုနေတဲ့ နှင်းဆီတံယော
သူမဟာ ကျွန်တော်ရဲ့
ကြယ်စုံတဲ့ ရာသီကို လင်းစေတဲ့ လခြမ်း
ဒီလိုနဲ့ပဲ
ကျွန်တော်ဟာ သူမရဲ့ 
ကဗျာကမ်းနဖူးမှာ
ယဉ်ယဉ်လေး ရူးနေခဲ့တဲ့ကောင် . . .  ။

၁ နှစ် . . . 
၂ နှစ် . . . 
၃ နှစ် . . .
တစ်ခါတလေတော့လည်း
ချစ်ခြင်းလောကကြီးက
ကံကြမ္မာရဲ့ အမဲလိုက်ကောင်းတဲ့ ရာသီတစ်ခုလား . . . ။

ကိုယ့်ကိုယ်ကို
နမ်မီးဆစ် နတ်သမီးရဲ့ လက်ထဲ
အလျှော်အစားလုပ်လိုက် မိတယ် . . . ။

မိုးလင်းအောင် ငေးမိတဲ့ ကောင်းကင်မှာ
ကြယ်ရောင်မပါပဲ
တိမ်မည်းတွေအနောက် လိုက်ခဲ့မိပေါ့
မက်မက်မောမော မျှော်လင့်မိခဲ့တဲ့ လမင်းဟာ
သက္ကရာဇ်တွေထဲ ပြန်ဝင်သွားခဲ့တယ် ။

မိုးဖြိုင်းဖြိုင်းမည်း နေတဲ့ အောက်မှာ
တစ်ကိုယ်စာ
နွေခေါင်ခေါင် ဖြစ်နေတဲ့အထဲ
ကျိန်စာတစ်ခွင်လုံး မိုးစုန်စုန်ချုပ်မှတော့
လက်ကြားက နက္ခတ်မှာ
ကိုယ့်သေတမ်းစာ ကိုယ်ရေးလိုက်တယ်

ကိုယ့် အိပ်မက်တွေ
ကိုယ်ပြန်ခူးခဲ့ရတဲ့ နေ့ . . . ။

မြောက်ပြန်လေညှင်းမှာ
ကိုယ်သင်းရနံ့လေးနဲ့ ကြည်စယ်သွားတဲ့
နတ်ဆိုးမလေးရေ . . .
နွေတစ်မိုး ဆောင်းတစ်မိုးနဲ့
မိုးမမြင် လေမမြင် အိပ်မက်တွေကို
ကဗျာတွေနဲ့ပဲ ပြန်ခွါချနေရတယ်
နှင်းပန်းရိုင်းရိုင်းဟာ ခရမ်းလှိုင်းတွေနဲ့
မီးမြိုက်ခံရပေါ့  ။

အလင်းငွေ့ငွေ့ ကျန်နေသေးတဲ့ အခန်း
ပြတင်းပေါက် အပြင်ဘက်က နွားရိုင်းသွင်းချိန်
ဟိုးးးး ခပ်ဝေးဝေးက
အရွက်ကြွေစရာ မရှိတော့တဲ့ သစ်ခြောက်ပင်
ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
မွှန်းကြပ်မှုကို စုတ်ချက်တွေနဲ့ ရိုက်ထုတ်လိုက်တယ်
ငါ့မပါတဲ့ ငါ့စိတ်ဟာ
အလင်းသဲ့သဲ့မှာ
တစ်ယောက်တည်း မိုးချုပ်နေခဲ့တယ် ။

လင်းခေတ်ဒီနို  (31.5.13)

Monday, January 7, 2013

မြစ်တစ်စင်းရဲ့ လျှိုဝှက်ခြင်း

လတစ်ခြမ်းနဲ့ ညကမ်းပါးမှာ
သူမရဲ့ စကားထှာတွေက
မြစ်တစ်စင်းလို နက်ရှိုင်းတယ် ။

နက်ရှိုင်းမှုကို လိုက်လေလေ
ကျယ်ပြန့်မှုက မှန်းဆရ ခက်လေလေပဲ ။

အတက်အကျ မြန်တဲ့ စီးဆင်းမှုဟာ
ငါ့ ကမ်းပါးကို တတိတိ တိုက်စားလာတယ် ။

တိုက်စားခြင်းတွေရဲ့ အမှောင်ရိပ်အောက်မှာ
ပြိုလဲခြင်းတွေ . . . . . . . .

တစ် . စ . . . . . . .
တစ် . . စ . . . .
တစ် . . . စ .


ဒီလိုနဲ့ပဲ
ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ
မင်း . . . . . . .
နောက်ဆုံး ရောက်ခဲ့ပြီလဲ . . . ။

လင်းခေတ်ဒီနို ( 1.6.13 ၊ 10း 48 PM )

Friday, August 31, 2012

ညနေ

ညနေတစ်ခုရဲ တံစကမြိတ်မှာ မျက်ရည်တွေ တွဲခိုနေတုန်းပဲ ။ မိုးထဲ ရေထဲ ကပိုကရို ညွှတ်ကိုင်းလာတဲ့ ထီးကလေး မျက်နှာပြင်ကို ရိုက်ခတ်နေတဲ့ မိုးစက်လေးတွေရဲ့ တေးသွား လေပြေအဝှေ့မှာ လွှင့်မျောသွားတဲ့ ဆံနွယ် ကျွန်တော့်ကို လှုပ်မရအောင် ရစ်ပတ်ဖူးတဲ့နွယ် ကျွန်တော့်ကိုေ၀၀ါးခြင်းတွေထဲ လမ်းပျောက်စေခဲ့တဲ့ တေးသွား ကျွန်တော့်ကို နေရိပ်တွေ ခဏခဏ နမ်းမှာစိုးလို့ ညွှတ်ကိုင်းလာခဲ့ဖူးတဲ့ ထီးကလေး ။ နောက်ဆုံးတော့ သူ့နွယ် သူဖြတ် ၊ သူ့တေးသွား သူ တိကနဲ့ ရပ်ပြီး ကျွန်တော့်ကို နေမင်းရဲ့ ကျောရိုးတည့်တည့်မှာ ထားခဲ့တယ် ။ ညနေခင်းဟာ ခမ်းနားမှုတွေပျောက်ဆုံးနေသော မာယာမရှိတဲ့ မျက်ရည်ပန်း ၀င်သက် ထွက်သက်ဟာ ချောက်ကမ်းပါးထိပ်မှာ တေ့တေ့လေး တင်နေတဲ့ သစ်ရွက်တစ်ရွက်လို လေတစ်ချက်အပင့်မှာ သူ့ မနက်ဖြန်ဟာ စုန်းစုန်းမြုပ်သွားနိုင်တယ် ။ သူမကို မလွမ်းပါဘူးလို့ ပြောရင် ကျွန်တော့် ကဗျာတွေ ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ် ။ ဘာမှ မကျန်တော့တဲ့ ကံကြမ္မာ အတုကြီးနဲ့ အသက်၀၀ရှုဖို့ ပြတင်းပေါက်အသေကို ဂျက်ဖြုတ်ချလိုက်တယ် ။ Platonic Love ဆိုတာ ဓာတ်ရှင်မင်းသမီး တစ်ယောက်ကို မော်ဒယ် ခေတ်မှာ Catwalk လျှောက်ခိုင်းသလိုပဲ လူရာ မ၀င်တော့ဘူး ။ ညနေဟာ နပိုလီယံ မုန်းတဲ့ အရှုံး ငေးကြည့်မိတဲ့ နေ၀င်ချိန်ဟာ အလွမ်းတွေ တံစက်မြိတ်ကနေ ငိုနေတဲ့ အချိန်ပေါ့ ။ ငှက်ဆိုတာ နားခိုပြီးရင် အချိန်တန်တော့ သူ့အိမ် သူပြန်တာပဲလေ ။ သူမဟာ ကျွန်တော့်ရဲ့ စိတ်ကောက်တတ်တဲ့ နှင်းဆီ သူမဟာ ကျွန်တော့်ကို အိပ်မက်ထဲက ပေးမထွက်တဲ့ ဒီဇင်ဘာကဗျာ သူမဟာ ကျွန်တော့်ကို ရုပ်သေးရုပ်တစ်ရုပ်လို အသုံးတော်ခံခိုင်းခဲ့တဲ့ ကဝေပျို သူမဟာ ကျွန်တော့်ကို ထားရစ်ခဲ့တဲ့ နောက်ဆုံး ရထားတစ်စင်း ကျွန်တော်ဟာ သူမ နှုတ်ဖျားဓားသွားပေါ်မှာ အသက်စင်းပေးထားတဲ့ . . . . . . . . . . . ညနေ . . ။ လင်းခေတ်ဒီနို ( 31.8.12 / 9:30 AM ) .

Wednesday, June 6, 2012

သူမဆီသို့ လွင့်စင်သွားသော နွေ

လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ် ။
တောင်တန်းတွေတောင်အသက်မရှိပဲ
တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက
တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။
နွေပျိုရဲ့ည
ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း
စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း
နင့်ပုံရိပ်တွေတမ်းတရင်း
လရောင်ချည်တိုင်အောက်က
ပြေးမထွက်နိုင်တဲ့ကြယ်လေးလို
နင်ငါ့ကို ဖမ်းစားခဲ့ပေါ့
ကောင်မလေးရယ်။
အနေဝေးရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ
နင့်ရဲ့ အတိတ်မှာ
ငါမကျန်ခဲ့ပါရစေနဲ့
နင့်မျက်နှာ ၀င်းပပလေး
ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။
လင်းခေတ်ဒီနို ( 6.6.12 )

Tuesday, May 15, 2012

စေ . . .

ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ
အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ
ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ
လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။

ညဉ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ
လေပြေဟာကျွန်တော်ကို
ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ်လေပြေ . . . . .

ကျွန်တော်နဲ့ကြယ်စင်တွေဟာ
ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ . . .

ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက်တစ်ရွက်မှာ
သူ့အတွက်ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။

အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . .
ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ
ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ
ချစ်သူ. . . 

အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ
ကိုယ်နဲ့အသားကျပြီးသား
ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . .
ကိုယ်ကျေနပ်သင့်တာပေါ့ 
လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .

ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပါ

မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် 

လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )

Monday, April 23, 2012

ဆိုဖီယာ . . သို့မဟုတ် . . သူမ

သူမ . . .
တစိတ်စိတ် တစိတ်စိတ်နဲ့
ကျုပ်အသည်းကို
ဗန်ဂိုးရဲ့ ပန်းရိုင်းတွေကြား ထားခဲ့တယ်
မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းဟာ
နေစင်္ကြာဝရာထဲက
နေတစ်စင်းလို
လတစ်စင်းလို . . .
ကြယ်တစ်စင်းလို . . .
ပါဖောလ်မန့် အမျိုးမျိုးနဲ့
လှုပ်ရှားနေတဲ့ နဂါးငွေ့တန်းတွေလို
ပျားပိတုန်းတစ်ကောင်ကို မြုဆွယ်နေတဲ့
နေရောင်ဆမ်းကာ ယိမ်းနွဲ့နေတဲ့ အရိုင်းပန်းတွေလို
ကျုပ်ကို အဆုံးအစမဲ့ တပ်မက်မှုနွံထဲ ဆွဲနှစ်ချသွားတယ် ။

ကျုပ် . .
ပြောစရာ စကာလုံး မရှိခဲ့ဘူး
စွဲလမ်းမှုကို ဖြတ်တောက်ဖို့
နှလုံးသား နဲ့  စိတ်ဆန္ဒ တစ်စုံကို
သဂြိုလ်တိုင်းလည်း
အကြိမ်ကြိမ် ပြန်ရှင်သန်နေတယ် ။

ကျောခိုင်း လှည့်ထွက်သွားတဲ့ သဏ္ဍာန်တစ်ခုဟာ
ပက်ဘလို နဗားဒါးရဲ့ The lady shade ပန်းချီကားလို
ဝေးသွားလိုက် . . . နီးသွားလိုက် . . .
မှုန်သွားလိုက် . . . ဝါးသွားလိုက်နဲ့ . . .
နေခင်းကြောင်တောင် တစ္ဆေခြောက်ခံလိုက်ရတယ် ။

သူမဟာ မိုးကောင်းကင်နဲ့ မတူတဲ့
ကျုပ်ရဲ့ မိုးကောင်ကင်ပါ ။

ကိုယ့်ဆန္ဒ ကိုယ်မြိုချလိုက်တယ်
. . . . . .
ဆိုဖီယာ . .
. . . . . .
နံရံလေးတစ်ချပ် ကာရုံလောက်နဲ့
ကျုပ်ကို ချန်ခဲ့ဖို့ လုံလောက်တယ် မဟုတ်လား ။


ဗီလိန်တစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းဟာ
တစ်ခန်းရပ်ပြဇာတ် သာသာပါပဲ ။

ခွင့်လွတ်ပါ ဆိုဖီယာ . . .
မင်း ကျုပ်ဆီက ထွက်သွားတဲ့အခါ
ဗန်ဂိုးရဲ့ နှင်းဆီတယောကို
အလွမ်းတစ်ပုဒ်စာလောက် ဖြစ်ဖြစ်
ကျုပ်ကို တီးခတ်ခွင့်ပြုပါ ။

လင်းခေတ်ဒီနို ( 23.4.12 ၊ 8:50 AM )

Wednesday, January 18, 2012

နွယ် . . .

ညဟာ ညအတိုင်း တိတ်တိတ်လေး လင်းတယ် ညဟာ ညမှန်း သေချာကြောင်း ပြဖို့ အလင်းရောင် ဖြောက်ဖြာက်နဲ့ အမှောင်တွေ ကြဲချတယ် ညဟာ ညမှန်း သိအောင် ခရေတွေ ၀ုန်းဒိုင်းကြဲ တခါတလေ ကြယ်အလင်းတစ်သိုက် နဲ့ တိမ်ညိုတွေကို စီးချင်းထိုးတယ် . . . ညမှာ မုတ်သုံ အလင်း တဖြက်ဖြက် လင်းလို့ လာနေပြီ လ အလင်းဟာ အမှောင်ထဲသို့ ဆွဲခေါ်ခြင်းခံလိုက်ရတယ် လေပြေဟာ မာန်စိုင်းပြီ နှင်းဆီရိုင်းကိုမှ ပန်လာသတဲ့ . . . နက္ခတ်တွေ ၀ုန်းး ဒိုင်း ပစ်ခတ် သင်းကွဲ လူတစ်ယောက်ကိုမှ ခြောက်လှန့်နေခဲ့တာလား ညနေအိုအိုမှာ နတ်ဆိုးတို့ ရိုင်းချင်တိုင်း ရိုင်းနေခဲ့ကြပြီ ။ အမှောင်အိုထဲက လူ မလင်းတဲ့ မီးတွေနဲ့ ရင်ဘတ်ထဲ တောက်လောက်နေတယ် အလွမ်းတွေ အုံ့ဆိုင်း ညွှတ်ဖွား အလင်းမဲ့ လူသားတစ်ယောက် အာဒံရဲ့ပန်းသီးကို မကိုက်ပဲ နှလုံးသားကို အခမ်းနားဆုံး သဂြိုလ်ခံလိုက်ရတယ် နာကျင်မှုဟာ ခွါသံတဖြောင်းဖြောင်းနဲ့ သူ့ဆီ ပြေးဝင်လာခဲ့ပေါ့ ။ အရာရာဟာ ဝေေ၀၀ါးဝါး အိပ်မက်တွေ မချိုတဲ့ နောက်တော့ မိုးကြိုးသွားတွေ တလဲ့လဲ့ထစ်ချုန်း ရင်ဘတ်ထဲကို အမုန်းဓားသွားတွေ အဆုံးထိ နှစ်မြုပ်ပစ်ခဲ့တယ် မျက်လုံးကို စုံမှိတ် ခေါင်းငိုက်စိုက်ရင်း သူ့ လက်ကလေးမှာ နောက်ဆုံး ကိုင်ထားခဲ့တာက နွယ် . . . . . . . ။ လင်းခေတ်ဒီနို ( 18.1.12 ၊ 12း00 PM )

Wednesday, November 30, 2011

နထ္ထိ ကဗျာဆရာ

အခန်း ၁ ။ အခန်းခွဲ ၁၆ ။ မနက်ခင်း အာရုံ အိပ်မှုန်စုံမွှား ဘုန်ကြီးကျောင်းသား အော်နေတာက “ ဗျိုးးး တော်းးးး ဆွမ်းးးးးးးးးး ” ကြားလိုက်ရတဲ့ ကြေးစည်သံ တစ်ချက် ဒီလို အလွဲနံနက်ခင်းနဲ့ နိုးထလာရ မြောက်ဒဂုံ ၊ ၇ ၈ လမ်းဆုံ ၊ ဒေါ်ဂွက် ဗရာကြော် ၊ ခွါညိုမ မုန့်ဟင်းခါး ချစ်စံဝင်း 45 ၊ 92 ၊ ဖာလာ ၊ ဆစ်ကနဲ အညာသား ကဖီး ကျွန်တော့်အရှေ့က ကျစိမ့် နို့စိမ်း တစ်ပေါက် နှစ်ပေါက် ဘေးနားက သကြားပလာတာစားရင် နွားပလာတာ စားသလို ဖြစ်နေမလား ဒီမနက် ၂၀၅ လိုင်းကား လူမချောင်ဘူး အိတ်ကပ်ထဲက ၅၀ တန် မိတ်အင် ဘားမား တိတ်ပ် တစ်ချက် နှစ်ချက်လောက် ဆွဲစိထားတယ် လွန်ခဲ့တဲ့ ၅ နှစ် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၂ ။ အခန်းခွဲ ၂၃ ။ အရာရာ Out of date ဖြစ်နေတဲ့ ရန်ကုန် Over date နဲ့ အသားကျနေတဲ့ ကဗျာဆရာ ဖရေဇာ လမ်းဘေး ၃ ထည် တစ်ထောင် ဂျင်းပန် သူ့အတွက်တော့ ဂျော်ရမ်းဒိုး ပဲ R တံဆိပ်လေးတောင် ပါလိုက်သေးတယ် ဘားလမ်း ၊ မြစံပယ် ကဖီး အပေါ်ထပ် နံနက် ၁၀ နာရီ တိတိ ချိန်းထားတဲ့ အတိုင်း နောက်ကျတတ်တဲ့ နိယာမ ၁၁ နာရီ ၃၀ မှာ လူစုံတယ် အခမ်းအနားမှုး သူရဿဝါ အမှားး စကားပြောကြားတယ် ၁၁ နာရီ ၄၅ အစည်းအဝေးစတယ် ၁၂ နာရီ တိတိ နေ့လည်စာ ပြန်ဆင်းတယ် ဒီလို အသင်းထဲ ၀င်ရင် ဘာဖြစ်သွားမလဲ ဥက္ကဌ နာမည်က “ လူလိန် ” ဒါနဲ့ပဲ အသင်းထဲ ၃ နှစ်ကြာသွားခဲ့တယ် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၃ ။ အခန်းခွဲ ၁၉ ။ မြကျွန်းသာ ၊ တနင်္ဂနွေ နွေရာသီ နန်းတော် လမ်းနီ မှတ်တိုင် အစဉ်အလာကို မဖျက်တဲ့ လူတစ်အုပ် အစည်းအဝေး ပြီးတိုင်း လမ်းသလား တတ်တဲ့ ခြေထောက်များ “ ဒိန်း ” မျက်ဝန်းတစ်စုံ ၊ သွားတက် ပေါ့ပေါ့ပါးပါး ပြည်သူ တစ်ယောက်ရဲ့အပြုံး အနက်ရောင် ကျောပိုးအိတ် နွေခေါင်ခေါင် ရွာချတဲ့ မိုး ချားရဟတ်က မိုးမလုံ လေမလုံ ထီးတစ်ချောင်း လူနှစ်ယောက် စကားလုံးတွေကို အဓိပ္ပါယ် ဖော်ခဲ့ကြ ဒီဇာတ်လမ်းက ပထမမြောက် အသည်းတံခါးကို ဆွဲဖွင့်ခြင်းနဲ့ ပထမမြောက် နာကျင်ခြင်းဆိုတာ ကြိုသိခဲ့မည် ဆိုလျှင် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၄ ။ အခန်းခွဲ ၁၁ ။ လေယာဉ်ပျံဆိုတာ ခေါင်းနဲ့ ထိုးတက်ပြီး ခေါင်းနဲ့ ထိုးဆင်း တဲ့ကောင် အဲဒါကြီးကို ပထမဆုံး အကြိမ်စီးခြင်း တလှပ်လှပ် တလှပ်လှပ် ဒါနဲ့ပဲ ကမ္ဘာ အရှေ့ခြမ်းကနေ အနောက်ခြမ်းကို ရောက်သွားခဲ့ ကယ်လီဖိုးနီးယား ၊ Termenal 6 Rest Room ဆိုတာ နားနေခန်း Toilet ကိုလိုက်ရှာနေတဲ့သူတစ်ယောက်အကြောင်း တစ်နေ့တာကို နေ့နဲ့ည မှား နောက်တစ်နေ့တာကို ညနဲ့ နေ့မှား ဒီလိုနဲပဲ ဟော့ဒေါ့ဆိုတာ စားတတ်ခဲ့တယ် နယူးယောက်ဆိုတာ အကြွေးတွေ ထူထပ်နေတဲ့နေရာ ရောမရောက် ရောမလိုကျင့်ရတာပဲ ကမ္ဘာသစ်လို့ တင်စားခေါ်ဝေါ်တဲ့နေရာ ခရက်ဒစ်အသစ်တွေနဲ့ အကြွေးတွေလည်ပင်းနစ်နေတဲ့သူ မနက်စောစောစီးစီး တွေသမျှလူကို “ ဟိုင်းး ဟောင်း အာ ယူး ” ဒီလိုနဲ့ . . . ဒီလိုနဲ့ . . . . မ နေ့ တစ် နေ့ က နထ္ထိ ကဗျာဆရာ ။ လင်းခေတ်ဒီနို ( 30.11.11 , 12:05 PM )

Wednesday, September 28, 2011

ကောင်းကင်နဲ့ လွန်ဆွဲတဲ့ သစ်ရွက်ကြွေ . . . .

“ ကောင်းသော ညနေခင်းလေးဖြစ်ပါစေ ” ကောင်းကင်ဖြူလေးက နှုတ်ဆက်တော့ ကိုယ့် အလွမ်းမြို့လေးတောင် နေမ၀င်ပဲ ညနက်ခဲ့ရပြီး ။ ကောင်းကင်ရနံ့ကို မျှော်လင့်ခဲ့တဲ့ သစ်ရွက်ကြွေပါ ဘ၀က သူ့လက်ခုပ်ထဲမှာပဲ ။ ဆော့ကစားပြီး ခပ်ဖွဖွလေး မှုတ်ထုတ်ခံလိုက်ရတယ် . . . . . . . . . . အမှုန်အမွှားကောင်ပဲလေ သူနဲ့ ဝေးရာ မြေပြင်ပေါ်ကို တိုးတိတ်စွာ လဲလျှောင်းခဲ့ရပေါ့ ။ အိပ်မက်တွေတောင် အနုသုခုမ မဆန်နိုင်တော့ဘူး မိုးမလုံ လေမလုံ ရင်ဘတ်နဲ့ ( ဒီ ) အလွမ်းဇာတ်ရုံကြီးထဲမှာ ကံကြမ္မာက ဗျတ္တလို ပန်းဆက်ခိုင်းဦးမှာလား ။ ခရေညိုလေးရေ ကိုယ် တိတ်ဆိတ်စွာ ကျေနပ်လိုက်ပါတယ် ။ ( ဒီလိုနဲ့ပဲ ) သူရယ် ကိုယ်ရယ် မတူတဲ့ ညတွေထဲမှာ အတ္တကိုယ်စီတွေ လင်းပွင့်ခဲ့ကြတယ် ။ ဝေးသွား . . . တဖြည်းဖြည်း ဝေးသွားပေါ့ . . . သူမရှိတဲ့ ညနေခင်းတွေထဲမှာ ကိုယ်ရယ် ကဗျာရယ် စကားလုံးမျက်ရည်တွေ ၀ဲလို့ သည်းလို့ပါပဲ ။ ကိုယ်ဟာ ကောင်းကင်းကိုမှ လွန်ဆွဲမိတဲ့ ............... " သစ် ရွက် ကြွေ " ............... လင်းခေတ်ဒီနို ( 28.10.11 ၊ 103း0 AM )

လူကြည့်အများဆုံး စာတိုပေစများ