.
ကျွန်တော် ဒီ ခံစားချက် စာစုလေးကို အရမ်းကြိုက်မိလို့ သူငယ်ချင်း ဇော် ဆီကနေ ကူးယူခွင့် တောင်းလာတာပါ . . ကျွန်တော် သိပ်ကြိုက်မိခဲ့တဲ့ အရေးအသားလေးပါ . . . ကျွန်တော်ထက် သုံးနှစ်လောက် ငယ်ပေမဲ့ သူ့ပါရမီ သူ့စာဖတ်အား သူ့အရေးအသား ကို ကျွန်တော် မမှီခဲ့သလို ကျွန်တော် လေးစားလောက်အောင် တော်ခဲ့တယ် . . . ဒီပို့စ်လေးထဲမှာလည်း ကျွန်တော်ကြိုက်တဲ့ စာသားလေးတွေကို အရောင်လေးနဲ့ ထပ်ပီး ကျွန်တော် တင်လိုက်ပါတယ် . . အမှန်မှာ တစ်ပုဒ်လုံးကို ချန်ရစ်ပစ်ခဲ့စရာ မရှိလောက်အောင် ကျွန်တော် ကြိုက်နှစ်သက် ခဲ့တယ် . . . .
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
~ ငါ့ကိုယ်ငါ ခ၀ါချလိုက်တဲ့ အဲဒီအရောင်မဲ့ ကဗျာညတွေ ~
ခြောက်သွေ့တိတ်ဆိတ်ပြီး ငြိမ်သက်လွန်းတဲ့ အမှတ်တမဲ့ အဲ့ဒီ တနင်္လာနေ့ ညနေတွင် ချစ်သူကို ကျွန်တော် စတင်တွေ့ရှိခဲ့သည်။ပြန်ပြောဖို့ခက်သော အကြောင်းအရာအချို့ ရှိသည်ဆိုပါစို့...ချစ်သူသည် ကျွန်တော်၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ဖြစ်ခဲ့သည်။ ခန့်မှန်းရခက်သော နက္ခတ်ရာသီလဲ ဖြစ်သည်။ ဆူညံသံတို့ ကင်းမဲ့သော အချက်ပေး ခေါင်းလောင်းသံလဲ ဖြစ်သည်။ ညနေခင်း၏ နေ၀င်ချိန်တွင် အမှောင်ထုတစ်ခုကို ကြိုဆိုရင်း ချစ်သူကို မေ့လျော့စွာ တသသ ငေးကြည့်ခဲ့ဖူးသည့် အဲ့ဒီ အချိန်တစ်ချို့တွင်.. မက်မောမှုများ စီးမြောနေခဲ့ဖူးပါသလား....
ဖယောင်း၏ ပျော့ပြောင်းခြင်းလို.. ရေပြင်၏ နက်ရှိုင်းခြင်းလို ... ပွင့်ချပ်လွှာတို့ နူးညံ့သလို ကြည်လင်မှု တစ်ခုအောက် နစ်မြုပ် ပျော်ဝင်ရင်း .. သူ့ကို ကျနော်မြတ်နိုးခဲ့ဖူးသည်။ ချစ်ခြင်း၏ အဇ္ဖျတ္တတစ်ခုကို ကျွန်တော် ပါးပါးလေး တွေးကြည့်ခဲ့မိတော့ ကျွန်တော့်ရင်တို့ သိမ့်ခနဲ ....မျှော်လင့်စွာ ... ယစ်မူးစွာ... စွဲလန်းစွာ... သူ့ကွန်ယက်၌ ကျွန်တော်မလှုပ်မယှက် ရုန်းထွက်ရ ခက်ခဲ့ဖူးသည်။ချစ်သူသည် ညနေ နေ၀င်ရီတရောလဲ ဖြစ်သည်။
ချစ်သူနှင့်တွေ့ဆုံခဲ့ရသော အချိန်သည် ကဗျာမဆန်ပါ။ စိတ်ကူးယဉ်မဆန်ပါ။ အိပ်မက်မဟုတ်ခဲ့ပါ။ ကျွန်တော့် နေ့ရက်များအတွက် အလင်းအိမ်လေးကိုသာ ခပ်ပါးပါး သူထွန်းညှိပေးခဲ့ဖူးသည်။ ကျွန်တော် .... သူ့ခြေရင်းအောက် ဒူးထောက် ပျပ်ဝပ်... အဲ့ဒီ တစ်ခနမှာ ကျွန်တော့်မြို့ရိုး တပ်ပျက် သွားခဲ့ဖူးသည် ။ ကျွန်တော့်တွင် နောင်တတို့ မရှိခဲ့ပါ။
ချစ်မိသူဟာ အရှုံးတဲ့။ စာဆိုအဆက်ဆက်ရဲ့ အဲ့ဒီ ဂန္တ၀င်မြောက်စကားတစ်ခွန်း ကျွန်တော့်နှလုံးအိမ်တွင် ခပ်လွန့်လွန့်ချိတ်ဆွဲ ... ကျွန်တော့်တံခါးတို့ သံချေးတက်ခဲ့ဖူးသည်။ချစ်သူအတွက် ကိုယ့်ကိုယ်ကိုယ် စီးချင်းထိုး ... အဲ့ဒီချစ်ခြင်းကို ကျွန်တော် စိန်ခေါ်ခဲ့ဖူးသည် ။ သမိုင်း၏ ရာဇ၀င်တိုင်းတွင် အချစ်အတွက် ဧရင့်ကျူး ဖွဲ့သီခဲ့ကြသည်များကို ကျွန်တော်တွေ့ရ သိရတိုင်း ကျွန်တော် နှစ်ခြိုက်စွာ ပြုံးခဲ့မိဖူးပါသည်။ ကျွန်တော့်အတွက် ချစ်သူကို ပူဇော်ဖို့ မြတ်နိုးခြင်းမှတစ်ပါး အခြား မရှိခဲ့ဖူးပါ။
ချစ်သူ၏ အပြုံးနုတွင် ကျနော် ရင်ခုန်ခဲ့ဖူးသည်။
ချစ်သူ၏ မျက်လုံး ကြည်ကြည်လေးတွင် ကျွန်တော်ရူးသွပ်ခဲ့ဖူးသည်။
ချစ်သူ၏ ရယ်ဟဟ စကားလုံးအချို့တွင် ကျွန်တော် ကျဆုံးခဲ့ဖူးသည်။
ကျွန်တော် အကြိမ်များစွာ ရှုံးနိမ့်... ဆောက်တည်ရာမဲ့ ကိုယ့်အရိပ်ကိုယ် ပြန်မုန်းခဲ့ဖူးပါသည်။ ချစ်သူသည် ဆူးတို့ခသော ပန်းရိုင်းပင်လို ကျွန်တော့်ရင်ကို ထွင်းဖောက် .... သူမသိခဲ့သော ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော် အဆိပ်သင့်ခဲ့ရတာ အကြိမ်ကြိမ်.............
မြတ်နိုးခြင်းကို အဖော်ပြု တိတ်တဆိတ် ခိုးကြည့်ခဲ့ရသော အဲ့ဒီနေ့တွေရဲ့ ငွေ့ရည်ဖွဲ့ ဖြစ်တည်မှုများ၌ ကျွန်တော်ဆိုတာ မြူမှုန်မျှသာ..... ကျွန်တော်မပြောဖြစ်ခဲ့ဖူးသော စကားလုံးတစ်ချို့ ကျွန်တော့်နှလုံးသားတွင် သိမ်းဆည်းသော့ခတ် သူမမြင်အောင် ဖုံးဝှက်ခဲ့ရတာလဲ ဒိုင်ယာရီတွေ ပြည့်လုမတတ်.........
မိုးဦးကို ရောက်ခဲ့ပြန်ပါပြီချစ်သူ...... မိုးရာသီကို ကြိုက်တာချင်းအတူတူ .. ချစ်သူရဲ့ မိုးကိုမှ ကျွန်တော်က ရင်ခုန်ချင်သူ.......ချစ်သူ ရှူရှိုက်ခဲ့သော ခရေရနံ့သည် ကျွန်တော်၏ အိပ်မက်လဲ ဖြစ်သည်။ ချစ်သူ ဖြတ်လျှောက်ခဲ့သော ဒီလမ်းလေး၏ မြက်ခင်းပြင်တွင် ကျွန်တော့်စိတ်ကူးတို့ မှေးစက်...... ချစ်သူ၏ ဖိနပ်ပါးလေး ကျွန်တော် ဖြစ်ချင်ခဲ့ဖူးသည်။
ချစ်သူ နင့်အတွက် နင်မသိတဲ့ ခံစားချက်တစ်ချို့ ငါ သိမ်းဆည်းသိုဝှက် ... ငါ့စကားလုံးတွေ ရေစိုကုန်ကြပြီ.......... နင်မသိခဲ့တဲ့ ငါ့ချစ်ခြင်းမှာ ငါ့ကိုယ်ငါ မြှုပ်နှံ .... တိမ်တွေငိုတဲ့ခန ...... ငါ့ရင်တွင်းမှာ မိုးတွေတောင် သည်းလို့........
ပြန်လာပါလို့ ငါမပြောချင်... လှည့်ကြည့်ပါလို့ ငါမဆိုရက်.. နင်မသိတဲ့ ငါ့နှလုံးသားက ချစ်ခြင်းအတွက် သွေးအစက်စက်ကျလို့.....
ဟော့ဒီကောင်းကင်ကြီးအောက်.. ဟော့ဒီမြေပြင်ကြီးပေါ် ချစ်သူရှိနေတယ်ဆိုတဲ့ ခံစားချက်တစ်ခုနဲ့ အသက်ရှင်... ကျွန်တော့်နေ့ရက်တို့ ဆန်းသစ်ခဲ့ဖူးသည်။ ကျွန်တော့်ကဗျာတို့ အသက်ဝင်ခဲ့သည်။ ကျွန်တော့်အိပ်မက်တွေ မိုးလင်းခဲ့ဖူးသည်။ ကျွန်တော့်အတွက် ... ကျွန်တော့်ကမ္ဘာ ... ကျွန်တော့်ကဏ္ဍမှာ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးကို မှန်းဆ.. ကျွန်တော့်အချိန်တစ်ချို့ ပြုတ်ကျသွားခဲ့ဖူးသည်။ တကယ်တော့ ... ချစ်သူ သည် ကဝေပျိုနှင့်တူ၍ မှော်ဆန်သော ပညာရပ်တစ်ခုလဲ ဖြစ်နေခဲ့သည်။ ကျွန်တော် မသိလိုက်ပါဘဲ ကျွန်တော့် နှလုံးသားသည် သူပြုစားခဲ့သော ပန်းသီးတစ်လုံး ဖြစ်ခဲ့သည်။
ချစ်သူကို ........................ ကျွန်တော်ချစ်တယ်............... ဆူညံစွာ .... ပေါက်ကွဲစွာ... နာကျင်စွာ.... ရင်ဖွင့်ချ... အဲ့ဒီတဒင်္ဂမှာ ကျွန်တော့်စာမျက်နှာလေး ရေလျှံသွားခဲ့ဖူးသည်။ ချစ်တယ်........... ချစ်တယ်............ ချစ်တယ်.............. အကြိမ်ပေါင်းများစွာ အက္ခရာတင် ... ကျွန်တော့်စာအုပ်လေး ပြည့်ကျပ်သွားဖူးသည်။
စကားလုံးမရှိတဲ့ ခံစားချက်တစ်ချို့ကို မြိုသိပ်ဖို့ .. ငါဘယ်လောက်ထိ သူရဲကောင်းဆန်လိုက်ရတယ်ဆိုတာ ငါသာ အသိဆုံးပါ ချစ်သူ..............
ချစ်သူကို သတိရရင်း အိပ်ပျက်ခဲ့ညတွေ မိုးလင်းခဲ့ရတာ အကြိမ်ကြိမ်....... ဂစ်တာကို ကြိုးညှိရင်း ကျွန်တော့် သီချင်းတွေက ချစ်သူသာ ဖြစ်သွားခဲ့ကြသည်။ ဘောပင်နှင့်စာရွက်ကို ကိုင်တိုင်း ကျွန်တော့်ကဗျာတွေက ချစ်သူ၏ ကိုယ်ပွားတွေ ဖြစ်သွားကြသည်။ကျွန်တော့် ၀ိညာဉ်ကိုက ချစ်သူထံပါး ခစားနေခဲ့သည်ပဲ.......
သူမသိတဲ့ ကျွန်တော့်ချစ်ခြင်းမှာ ကျွန်တော်ရူးသွပ် အဲ့ဒီခန အိပ်မက်က လန့်နိုးတော့ ချစ်သူဆီမှာ ကျွန်တော်မဟုတ်သော ရင်ခွင်တစ်ခု ရှိနေခဲ့သည်တဲ့။ ကျွန်တော့်စိတ်ကူးတို့ အရောင်မှိန်... ကျွန်တော့်နံနက်ခင်းတို့ ပျက်ဆီးသွားခဲ့ဖူးသည်။
ချစ်ရတာ သိပ်ကို ပင်ပန်းရပါတယ်ချစ်သူ။ အဲ့လိုပဲ ရင်ထဲမှာ သိပ် ............... နာကျင်တယ်။ ငါမဟုတ်တဲ့ ရင်ခွင်တစ်ခုရဲ့ လောင်းရိပ်အောင် နင်ပျော်ဝင် .... အဲ့ဒီ တံစက်မြိတ်မှာ ငါဆိုတာ ရေခိုးငွေ့တစ်ခုပေါ့..........
ချစ်သူ . . . . ငါမဟုတ်တဲ့ နင့်ချစ်ခြင်းမှာ နင့်ရင်ခုန်သံကို နားထောင်ဖို့ နင့်အိပ်ကပ်လေး ငါ ဖြစ်ချင်မိတဲ့ခန.... နင်ရင်းနှီးတဲ့ အဲ့ဒီ ရင်ခွင့်ကို ငါမုန်းတယ်...........
ကျွန်တော်မဟုတ်သော ချစ်သူ မြတ်နိုးတဲ့ ရင်ခွင်တစ်ခုအတွက် ကျွန်တော့်ဆန္ဒကို အသာပြန်မြိုချ.. ကျွန်တော့်တွင် စကားလုံးတို့ ဆွံ့အသွားခဲ့သည်။ ချစ်သူ၏ အပြုံးအောက် ကျွန်တော့်နှလုံးသားကို ဖြန့်ခင်း .... ချစ်သူနင်းသော ဒီလမ်းလေးတွင် ကျွန်တော်ဆိုတာ မြက်ရိုင်းပင်လေးတစ်ခုမျှသာ ....
မပြောတော့ပါဘူးချစ်သူ . . . ကျွန်တော်ရဲ့ ချစ်ခြင်းကို သော့ခတ် .... မကရသေးတဲ့ ဒီပြဇာတ်မှာ ကျွန်တော်က စစ်မထွက်ခင် မြှားကုန်ခဲ့ရသူ.......... ချစ်သူအတွက် ချစ်ခြင်းကို မြတ်နိုးစွာသိမ်းထုပ် ... ကျနော့်နှလုံးသားကို သိမ်းနှုတ်လိုက်တဲ့ အဲ့ဒီခန ....ကျွန်တော်ဆိုတာ ဒဿထက် ရဲရင့်ခဲ့သူပေါ့......
ချစ်သူမသိတဲ့ ဒီဥယျာဉ်ထဲ ကျွန်တော်စိုက်ပျိုးခဲ့မိသော ချစ်ခြင်းတွင် ရိတ်သိမ်းခြင်းတို့ မရှိခဲ့တော့ပါ။ စိန်ခေါ်ခြင်း မရှိသော ဒီတိုက်ပွဲ၌ အရှုံးကိုဖက်တွယ် အဲ့ဒီတောင်ကုန်းမှာ ကျွန်တော်ဆိုတာ မှတ်တိုင်တစ်ခုအဖြစ် .. သမိုင်း မော်ကွန်းတင်ခဲ့သည်။ ချစ်ခြင်းမှာ လုပ်ယူလို့ မရဘဲ သူ့ဟာသူ အလိုလို ပေါက်ဖွားလာတဲ့အရာတွေ ရှိတယ်ဗျ... ကျွန်တော်က ပန်းတစ်ပွင့်မဟုတ်ဘူး... သစ်တစ်ပင်ပါ... ဥယျာဉ်မှူး စိတ်ရှိတဲ့သူတိုင်း ပန်းကို ပျိုးတဲ့လက်ပဲ ဖြစ်ချင်ကြတယ်... သစ်ပင်ဆိုတာ ပန်းပျိုးလက် မရှိလဲ .. သူ့ဟာသူ ရှင်သန်နိုင်တယ်... သူ့မှာ ခိုင်မာတဲ့ ရေသောက်မြစ်တွေ ရှိတယ်လေ... သူ့ရဲ့ အတွင်းထဲမှာကို အပြင်လူတွေ မမြင်နိုင်လောက်တဲ့ လုပ်ဆောင် ချက်တွေ ရှိနေတာပဲ...
ကျွန်တော်က သစ်ပင်ပဲ.. ပန်းပွင့်လေးလို့ နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ မွှေးရနံ့ပေးနိုင်တဲ့သူ မဟုတ်ဘူးဗျ....
သစ်ပင်က သစ်ပင်လိုနေတာပဲ ကောင်းတယ်... ပန်းပွင့်လို သွားနေရင် ရယ်စရာ ပုံပြင်တစ်ပုဒ် ဖြစ်သွား မှာပေါ့............
နင့်ကိုသိပ်ချစ်မိတဲ့ ဒီချစ်ခြင်းတွေကို ငါ အသာပြန်မြိုသိပ်ရင်း....... နင့်ကို တိတ်တဆိတ်ပဲ ငါလွမ်းတတ်ခဲ့တော့တယ်ချစ်သူ...... တကယ်တော့ ငါက .. မဖူးခင်ကတည်းက ကြွေခဲ့ရတဲ့ကောင်ပါ ချစ်သူ....
ဇော်
http://latlatzaw.blogspot.com/
.
Showing posts with label နှစ်သက်မိသော. Show all posts
Showing posts with label နှစ်သက်မိသော. Show all posts
Wednesday, August 18, 2010
Subscribe to:
Posts (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. ဘဝမှာ နာကျင်တာတွေ များလွန်းလာတော့ တွေ့သမျှ မျက်နှာတွေကို အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို ကြောက်ရွံ့တတ်လာတယ် ကောင်းကင်ပေါ်က ခူးခူးပြီး သ...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....