Sunday, August 31, 2014

နွေ

.

နွေ . . . 

ဒီနွေဟာ ကိုယ့်ကိုယ်
ပူလည်း ပူစေတယ်
အေးလည်း အေးစေတယ်
ရိုးတံတွေဟာ ခြောက်သွေ့ ကြွပ်ဆတ်နေပေမဲ့
လေပြည်အပြေးမှာ နွဲ့ယိမ်းနေပုံက
နွေအိုကျဲကျဲကို ချုပ်ရိုးအထပ်ထပ်သီပြီ
ကကွက်နင်းနေတဲ့ ပန်းတစ်ပွင့်လို
ကိုယ့်ကိုယ်ကို ယုံကြည်မှု့ အပြည့်နဲ့  ။

အတားအဆီးမဲ့ ပြေးလွှားနေတဲ့ 
တိမ်နွယ်တိမ်ခက်တွေ . .

နေကြာပန်းတစ်ခင်းစာလောက်နဲ့တော့ 
သူတို့ကို မဆွဲဆောင်နိုင်ဘူး
လွတ်လပ်စွာပဲ 
ကွင်းပြင်တွေကို ဖြတ်သန်းပြေးလွှားလိုက်ကြတယ် ။

မိုးပြာရောင်လွင်လွင် ကောင်းကင်ကနေ
နွေကျဲကျဲရဲ့ အလင်းတန်းတွေဟာ ဖြာကျစီးဆင်းနေသလို
နွေရဲ့ နေ့ခင်းဟာ ပူသလို
နွေရဲ့ လေပြည်ဟာလည်း အေးမြနေသလို
နွေရယ် . . .
ငါ့ကို . . ခြုံပါ
မင်းရဲ့ နှလုံးသားတစ်စုံနဲ့
ငါ့ကို . . နွေးထွေးပါ
မင်းရဲ့ လက်တစ်စုံနဲ့
ငါ့အိပ်မက်ကို ရေးခြယ်ပါ
မင်းရဲ့ အပြုံးပွင့်တွေနဲ့
ငါ့ကောင်းကင်ကို လင်းခြင်းပါ ။

နွေရဲ့ ကောင်းကင်ကို ကြည့်ပြီ
လဲကျနေရာကနေ ရုန်းထဖို့
ကိုယ့်လက်တစ်ဖက်ကို အားတင်းဆွဲယူလ်ိုက်တယ်
ဒါပေမဲ့ . . . .
လက်တစ်ဖက်က ဦးစွာ 
ကြင်ကြင်နာနာ ကိုယ့်ကိုဆွဲထူပေးခဲ့တယ် . . . . .

နွေ . . . . .
ကျွန်တော်က နှင်းစက်တွေအောက်က ဆောင်းပါ
မှုန်ဝါးဝါး မြူခိုးမြူဝေထဲကနေ ထွတ်တတ်တဲ့ကောင် မဟုတ်တော့
တခါတလေ မုတ်သုံကလေးဖြစ်ရတာကိုတောင်
ဝမ်းနည်းခဲ့ရ ။

သူမက နွေပါ . .
ရယ်သံနဲ့ ရက်ဖောက်ထားတဲ့ အလင်းတွေနဲ့ ထွန်းညှိပြီး
ကျွန်တော့်ကောင်းကင်နဲ့ တိမ်တိုက်မြို့လေးကို
နွေးထွေးစွာ တည်ပေးခဲ့တယ်
သူမဟာ ကျွန်တော်ရဲ့ 
. . . . နွေ . . . .  


လင်းခေတ်ဒီနို ( ၃၁.၈.၁၄ )
ဘလော့ဒေး အမှတ်တရ . . .  


Saturday, April 19, 2014

ဒီညချမ်းမှာ ငါ့ကိုယ်ပေါ်ကို တိုးတိုးတိတ်တိတ် မိုးတွေရွာချပေးပါ


. မွန်းကျပ်မှုတွေက 
. စိတ်အာရုံတွေကြားမှာ
. အနီလှိုင်းတွေ အရောင်တရဲရဲ
. လွှင့်ထုတ် ပစ်ခတ်ကြ . . . ။

. ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ 
. အသင့်အနေအထားနဲ့
. ကျုပ်ဒူးထောက်မယ့် အချိန်ကို စောင့်နေတယ် . . ။

. ပန်ရိုင်းတွေကြားမှာ 
. နဂါးတွေနဲ့ သူမ ကခုန်တာတွေ့တိုင်း
. မီးတောင်တစ်ခုပြီး တစ်ခု ပေါက်ကွဲသလို
. ကျွန်တော့် အာရုံဦးဟာ
. နီရဲ ဆွေးမြေ့ခဲ့ရ . . ။

. နိုးတဝက် အိပ်တဝက် မနက်ခင်းဟာ
. သူမကြောင့် ငိုခဲ့ရ
. သူမကြောင့် ပျော်ခဲ့ရ
. သူမကြောင့် လွမ်းဆွတ်ခဲ့ရ
. သူမဟာ နှင်းဆီသွေးလို ရဲတဲ့ မင်းသမီး . . ။

. ဘယ်အလင်းနဲ့များ
. ကျုပ်ကို ငြို့ငင်ထားသလဲ 
. ကျုပ်ရဲ့ ဝိညာဉ်တို့ မြေပေါ်မှာ ညွတ်တွားသွားကြ . . ။

. သူမ စိတ်ကို ငြိုငြင်အောင်လုပ်ဖို့
. ဘယ်နတ်ဘုရားမှ အားအင်မပေးနိုင်ခဲ့ဘူး
. ရင်ဘတ်ထဲ မီးပွင့် ပန်းချပ်တွေ 
. အပြိုင်းအရိုင်း လွင့်ဖွာ ပွင့်ထွက်ကုန်ကြ . . ။

. နွေကိုမှ ပန်ချင်တဲ့ ကောင်မို့
. ဘယ်ဆောင်းနဲ့ ဖြန်းဖြန်း မအေးတော့တဲ့သူလေ
. အရှုံးတွေ တစ်တိုင်ပြီး တစ်တိုင်
. သူမရှေ့မှာ ဦးညွှတ်ခဲ့ကြတယ် . . ။

. ပြီးဆုံးသွားတာ သေချာပါတယ်
. အရာရာ 
. ပြီးဆုံးသွားခဲ့ကြတယ် ။

. ကောင်မလေးရေ
. ကျေးဇူးပြုပြီး 
. ဒီညချမ်းမှာ . . .
. ငါ့ကိုယ်ပေါ်ကို
. . . တိုးတိုး တိတ်တိတ် 
. . . . . . မိုးတွေ ရွာချပေးပါ  ။

လင်းခေတ်ဒီနို . . . ( ၁၉.၄.၁၄ ) 

Friday, March 28, 2014

.
ပန်းတွေ တေးဆိုတော့
ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . .

အလင်းတွေ အိပ်တန်းဝင်တော့
အဲဒီညမှာ 
မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ်
ဒါပေမဲ့ . . သူ ထွက်သွားတုန်းက ခေါ်သွားတဲ့
ငှက်ကလေးတွေ ၊ သူနဲ့အတူ ပြန်ပါမလာဘူး 
အစိမ်းနက်ရောင်ရင့်ရင့် တောတန်းတွေက
သူတို့ချင်း နားလည်တဲ့ ဘာသာဗေဒ စကားလုံးတွေနဲ့
စကာထှာ ဝှက်ထားကြတယ်
ကောင်းကင်ကို မော့ကြည့်ရင်း
အိပ်ပျော်သွားတဲ့ လမင်းရဲ့
ရင်ဘတ်ကို ဆွဲဖွင့်ကြည့်တော့
ညဟာ နက်သနက် နက်လာတယ် 
တိတ်ဆိတ် . . .  
အေးချမ်း . . . 
ကျွန်တော် အဲဒီညထဲ ဝင်ထိုင်လိုက်တယ်
ခဏကြာတော့ 
တောပန်းတွေ ၊ ရနံရေတံခွန်ကြီး သွန်ချလို့
ခုနှစ်စင်ကြယ်တွေ အမြီးထောင်ပြီ
ကွေးနေအောင် က သတဲ့
ဒါဟာ ဗင်းဆင့် ဗန်ဂိုး ဆွဲခဲ့တဲ့ 
Starry Night ပန်းချီကားမျိုးလား
ကျွန်တော်ဟာ ကောင်းကင်ဘုံတံခါးဝမှာ ရပ်ပြီ
တံခါးခေါက်ဖို့ တွေဝေနေတဲ့သူ
လှမ်းကြည့်လိုက်တော့
ကျွန်တော့် အဖြူရောင် နတ်သမီးဟာ
နေကြာပန်းပင်တွေကြားမှာ လှနေတယ်
သူမဟာ ကျွန်တော့်ကို ကြယ်တွေနဲ့ လှလှပပ ပြုစားတဲ့ည
သူမဟာ ကျွန်တော့်ကို စကာထှာတွေ တစ်ခုပြီးတစ်ခု ဝှက်တဲ့ည
သူမဟာ ကျွန်တော့်ကို ရနံ့တွေနဲ့ ငြို့ငင်နေတဲ့ည
သူမဟာ ကျွန်တော့်ကို လေနုအေးနဲ့ နွေးထွေးစေတဲ့ ည
သူမဟာ . . .  
သူမ . . .  
.
. .
ကျွန်တော် သူမရဲ့ ရင်ဘတ်တံခါးကို ခေါက်ဖို့သင့်ပြီ 

ကြယ်ကလေး တေးဆိုတော့
ပန်းလေး မျက်လွှာချရင်း ရှက်လိုက်ရတဲ့ည . . .

လင်းခေတ်ဒီနို 

Monday, March 24, 2014

နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ

.
ဘယ်လို ငြိတွယ်မှုမျိုးလဲ
ကိုယ့်ဝပ်ကျင်းထဲက ကိုယ်မထွက်ဖြစ်ခဲ့တာ
နွေမိုးဆောင်း အခါခါပေါ့
.
အပြုံးတစ်ခုနဲ့ မျက်ဝန်းတစ်စုံက
9MM ကျည်တစ်ထောင့်လို
ကျုပ်ရင်အရှေ့ကနေ အနောက်ကို ဖြတ်ဝင်သွားတယ်
.
သွားတက် ၊ ခပ်ဟဟ ပန်းဆီနီ နှုတ်ခမ်း
ပုစွန်ဆီရောင် အကျီဟာ
ဖြူဖြူဖွေးဖွေး သူမ အသားအရည်နဲ့ သိပ်လှပလွန်းတယ်
ဒီလိုနဲ့ပဲ ရှုံးခဲ့ပြန်ပေါ့
.
ခင်ဗျား စားပွဲပေါ်မှာ လက်ကလေးထောက်ပြီး
သိပ်မပြုံးပါနဲ့လား
ကြာရင် ကျုပ်ရူးသွားလိမ့်မယ်
.
ဒီအချိန်မှာ ခင်ဗျားကို ပြောဖို့ စကားတစ်ခွန်းအတွက်
ကျုပ်ရဲ့ လက်တွေ အေးစက်နေတယ်
ကိုယ့်ကိုယ်ကိုယ် အံလည်း အံသြတယ် ၊ ပီတိလည်း ဖြစ်တယ်
ကျုပ်ကဗျာထဲ ကျုပ်ရင်ခုန်သံတွေ မရောဖြစ်ခဲ့တာ ကြာပြီပေါ့
.
အသေစောတဲ့ မီးတောက် ဆိုလည်း
ရောပြီ ကျေကျေနပ်နပ် ကျုပ်မော့လိုက်မယ်
.
ဖိန်းကနဲ့ ရှိန်းကနဲ နားထင်မှာ တက်တက်လာတဲ့ အငွေ့က
ရင်ဘတ်စက်ခေါင်းခုတ်သံနဲ့အတူ
သွေးကျောထဲကနေ
ခင်ဗျားအရိပ် ရှိရာအရပ်ပဲ မောင်းသွားပြန်တယ်
ဒီလိုနဲ့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ
ကျုပ်ပိုလက်ခံသွားတယ်
.
ကျုပ် ကော်ဖီ မကြိုက်ပေမဲ့
အခု စတားဘတ်ကိုတော့ မိတ်ဖွဲ့ထားတယ်
ခင်ဗျားကို ပိုးပန်းနေတဲ့
ရန်သူတော် စာရင်းထဲမှာ
ကျုပ်နာမည်ကို ကျုပ် ထိပ်ဆုံးက ချရေးထားတယ်
.
အချစ်ကို ဇက်ကြိုးတပ်ပြီး ကျုပ်မမောင်းဘူး
နှလုံးသားကို ချွှန်းဖွင့်ပြီး မည်းမည်းမြင်ရာ တိုးနေတာ မဟုတ်ဘူး
.
နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ
ကျုပ်ရင်ဘတ်က ချစ်ခြင်းစစ်စစ်
သစ်ရွက်တစ်ရွက်
ခင်ဗျားနှလုံးသားပေါ် ကြွေကျခဲ့တာပါ
. . . .
ကျေးဇူးပြုပြီး
ခင်ဗျား ရင်ခုန်သံနဲ့ အတူ
ကျုပ်ကို စီးမျောခွင့် ပြုပါ . .
.
လင်းခေတ်ဒီနို

Saturday, March 8, 2014

ကျွန်တော့် အာရုံဝပ်ကျင်းထဲမှာ သူမရှိနေခဲ့တယ်

ဓာတ်ပုံလေး ခိုးခိုးကြည့်ရုံနဲ့တော့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
တဖက်သတ် ချစ်သူ ဖြစ်နေရတာပဲ 
အဖတ်တင်တယ် ။

အပြုံးမျက်နှာလေးတစ်ခုကို
တိတ်တခိုး စွဲလမ်းရတဲ့ဘဝက
သိပ်ခက်ခဲတယ် 
ကောင်မလေးရယ် . . . . . ။
ကိုယ့်ဥယာဉ်ဆိုပေမဲ့လည်း
မင်းမနမ်းပဲနဲ့တော့ မဖူးပွင့်နိုင်ခဲ့ဘူး ။

တစ်ခါတစ်လေတော့လည်း
သက်ပြင်းတွေ ခပ်ဖွဖွလေးချရင်း
နိုးခဲ့ရတဲ့ ညတွေမှာ 
မင်းမျက်ဝန်း စိုစိုတွေ 
ကိုယ်ရင်ဘတ်မှာ ကွန်းခိုနေခဲ့တယ် ။

လမင်းကို ပန်တဲ့မိန်းကလေး
မင်းရဲ့ ဖြူတစ်ဝက် နီတစ်ဝက်
မျက်နှာလေးနဲ့ပဲ
ငါ့ကောင်းကင်မှာ ကြယ်တွေ 
လင်းလင်းခြင်းခြင်း ပွင့်ပစ်လိုက်ရတာ
ရင်ခွင်တစ်ခုလုံးမှာ
မျှော်လင့်ချက်တွေ မိုးစိုလို ။

စံပယ်လိုဖွေး ၊ ခရေလိုမွှေးပြီး
နှင်းဆီလို အလှတွေနဲ့ 
ကိုယ့်ရဲ့ အာရုံဝပ်ကျင်းထဲ ခိုးဝင်လာတဲ့
ကောင်မလေး . . . .
တနင်္ဂနွေမီးတောက်နဲ့
ဆောင်းဦးပေါက် အရက်တစ်အိုးလို
ကိုယ့်နှလုံးသားကို မီးရှို့ရစ်မူးစေခဲ့ပေါ့ ။

လင်းခေတ်ဒီနို
.

Wednesday, January 29, 2014

ဒုက္ခကို ဇက်ကြိုးတပ်ပြီး ကျွန်တော် စီးထားတယ်

.
မလေးရှားက သူငယ်ချင်းတစ်ယောက် အော်ပရာစီမှာ ပါသွားတယ်လို့ သတင်းရတယ် ။ ဒါနဲ့ပဲ သူ့အကြောင်းတွေးမိရင် စိတ်မကောင်းလို့ ဒီကဗျာလေးကို ချရေး မိလိုက်တယ် . . .  Good Luck Buddy . .

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဘ၀မှာ
နာကျင်တာတွေ များလွန်းလာတော့
တွေ့သမျှ မျက်နှာတွေကို
အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို
ကြောက်ရွံ့တတ်လာတယ်
ကောင်းကင်ပေါ်က ခူးခူးပြီး သိမ်းထားတဲ့
" တစ်နေ့တော့ . ."  ဆိုတဲ့ စိတ်ကူးလေးတွေ
အမိမြေမှာမဟုတ်တဲ့  သူတွေအတွက်တော့
မိုးကုတ်စက်ဝိုင်း အဆုံးကို  လမ်းလျှောက် နေရသလို
Return Date ဆိုတာ ကိုယ်ပိုင် အဘိဓာန်မှာ
အမေ့ခံထားရတဲ့ စကားလုံး
ခြေတစ်ဖက် ကျွံထားပြီးမှတော့
နောက်တစ်ဖက် ကျွံသွားလည်း
ဒီနွံအိုင်ထဲမှာ ဘယ်သူမှ လာဆွဲမကူဘူး
အခန်းကျဉ်းထဲမှာ
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး
အပူတောထဲက ဘ၀ကို မျက်ရည်နဲ့ စိမ်ထားတယ်
ခေါင်းရင်းနံရံပေါ်က အမေ့ရဲ့ ဓာတ်ပုံက ပြုံးနေတယ်လေ
မဟုတ်ဘူး . . ဒါဟာ လုံးဝမဟုတ်ဘူး . . .
အခန်းရဲ့ထောင့်တစ်နေရာမှာ အမေ မျက်ရည်ကျနေတာ
အမေရှိတဲ့အခန်းထောင့်ကို ကျွန်တော်သွားလိုက်တယ်
အမေနဲ့အတူ ကျွန်တော်မျက်ရည်တွေစီးကျလာတယ်
မနက်ဖြန် အော်ပရာစီ ၀င်မယ်တဲ့ အမေ
ကျွန်တော် ဖမ်းမိလို့ မဖြစ်ဘူး
ညီမလေးကို ကျောင်းထားရဦးမယ်
အမေ့ကို ခြံဝိုင်းလေး ပြန်ဝယ်ပေးရဦးမယ်
အံကို ပြန်ကြိတ်ရင်း
ဒီညကိုလည်း အိပ်မက်ဆိုးတွေနဲ့ အိပ်စက်ရဦးမယ်
ကယောင်ခြောက်ခြားပေါ့
ဘယ်ဓားသွားက ကိုယ့်ဗိုက်ကို ဓားအိမ်လာလုပ်မလဲ
အချိန်မရွေးဆိုတာအတွက်
သေတမ်းစာကို ခေါင်းအုံးအောက်မှာ ရေးထားပြီးသား
မျှော်လင့်ချက် ပျောက်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားတာပဲ
အရှေ့တံခါးခေါက်သံကြားရင်
အနောက်တံခါး ဂျက်ကိုဖြုတ်ဖို့
လက်တွေက အသင့်ပြင်ထားပြီးသား
ကိုယ်တွေက သေမင်းချောက်ကမ်းပါးမှာ
ခြေတစ်ဖက် တင်ထားတဲ့သူ
ကံကြမ္မာနဲ့ စိန်ပြေးတမ်း ကစားရတဲ့နေရာမှာ
အလောင်းအစားက ဘ၀ပဲ
ဒုက္ခကို ဇက်ကြိုးတပ်ပြီး ပြေးနေတဲ့လူတွေလေ
အိမ်ပြန်ချိန်ဆိုတာ 
ကိုယ်တွေအတွက်တော့
ခဏခဏ မီးသေနေတဲ့
ခပ်ပေါပေါ ဆေးပေါလိပ် တစ်လိပ်ပေါ့ . . . .

ဗညားရှိန် ( လင်းခေတ်ဒီနို ) ( ၂၉.၁.၁၄ )
.

Monday, December 2, 2013

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်


ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် ။

အိပ်မက်တွေကို ချိပ်ပိတ်ပြီး
နှလုံးသားကို တံဆိပ်ကပ်ထားတယ်
" ပြန်လည်မတူးဖော်ရ " ။

တိတ်ဆိတ်မှု
အေးအေးစက်စက်
တစ်ဆစ်ဆစ် နာကျင်မှုအောက်
ငါ . . ဘယ်လို လုပ်ရမလဲ
စိတ်ကို ရေတံခွန်တစ်ခုလို လွှတ်ချလိုက်ချင်တယ်
တဝေါဝေါ ခုန်ဆင်းသွားတဲ့ ရေလုံးတွေလို . . .
အရှိန်နဲ့ ကန်ရေပြင်ကို တဗြောင်းဗြောင်း ရိုက်မိပြီး
လွင့်ထွက်သွားတဲ့ ရေမှုံရေမွှားတွေလို . . .
ငါ့ စိတ်အဇ္ဇတ္တတွေကိုလည်း
တစ်စစီ . . . ။

တကယ်တော့ တစ်လမ်းတည်းပါပဲ
မျက်နှာမူရာ အရပ်ပဲ ကွာခဲ့တာ ။

မြူတစ်မှုံစာလောက်နဲ့တော့
ချစ်ခြင်းတွေ နှင်းမခဘူး
ဆောင်းမနက်ခင်းကို ဆွဲဖွင့်ပြီး
နှင်းစက်လေးတွေ
သီခိုင်းလို့ရမှတော့
ငယ်ရယ် . . .
ကိုယ်တို့နှစ်ယောက်ရဲ့
စွယ်တော်ရွက်လေးတွေလည်း
ကြွေခဲ့မှာ မဟုတ်ဘူးကွယ် ။

နှလုံးသားကို တံခါးပိတ်ပြီး
အိပ်မက်တွေကိုပဲ ထွေးပွေ့ထားလိုက်တယ် ။

ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် . . . . .

လင်းခေတ်ဒီနို ( 2.12.13 ) 
.

လူကြည့်အများဆုံး စာတိုပေစများ