Wednesday, April 28, 2010

မှတ်တိုင်

. ရင်ဘတ်တွေ တစ်ခြမ်းပြီး တစ်ခြမ်း ဖရိုဖရဲ ဆွဲဆုတ်ခံရတယ် . . . နှုတ်ဆက်သွားတာလား လက်လေး တစ်ချက်တောင် မပြခဲ့ဘူး . . . ငါ့မှာတော့ ပြန်လှည့်ကြည့်မလား ငေးရင်း မောရင်း . . . . လိမ့်ကျသွားတဲ့ မှန်ထဲက ငါ့ မျက်ရည်တွေ ငါ ကိုယ်တိုင် ပြန်နင်းချေတယ် ပြီးတော့ . . . . . . အနာအကျင်တွေနဲ့ ငါ့ကိုယ်ငါ မှန်ထဲ ပြန်နင်းချေတယ် . . . . လူမရှိ . . . . အမိုးမရှိ . . . . ခုံမရှိ . . . . ငါ့မှတ်တိုင် ဒီလိုနဲ့ သူ ကျော်သွားပြန်တယ် . . . . . လင်းခေတ်ဒီနိ ( 28.4.10 )

Saturday, April 17, 2010

ဂန္တ၀င်ဆန်ဆန် ည . . .

. အလင်းရဲ့ နတ်သမီး ကျွန်တော့် မီးအိမ် မှုတ်လိုက်တယ် ကြယ်မရှိ လမရှိပဲ သံယောဇဉ်တွေ ကောင်းကင်ပေါ်က ကြွေဆင်းလာတယ် . . စကားလုံး တစ်လုံးတည်း . . . . အုပ်မိုးထားတာ သိပ်သည်းလို့ တောင်မကွယ် နေစွယ်မကျိုးပဲ ငါ့ တဲအိုပျက်က မှောင်တယ် . . . . .
ကြယ်ပျိုရဲ့ အလင်း ရင်ဘတ်တွေ ပြိုင်းပြိုင်းပွင့်ခဲ့ဖူးတယ် ခေါင်းပုတ်နှိုးပီးမှ ပြန်အိပ်ခိုင်းသလို
လမင်းကို နမ်းချင်တဲ့စိတ်နဲ့ ညတွေက မျက်ရည်စိုတယ် . . . . . အလွမ်းပြာ မီးတောက် မီးခတ် စရာမလိုဘူး ကဗျာတစ်ရွတ် မှင်တစ်ချက်စွန်းတာနဲ့ ရင်တစ်ခုလုံး ပင်လယ်ကြီး ဖြစ်ဖြစ်သွားတယ် . . . . . . ဂန္တ၀င်ဆန်ဆန် ည . . . . ဂန္တ၀င်ဆန်ဆန် စကားလုံးတွေ တစ်လုံးစ . . . နှစ်လုံးစ . . . ဂန္တ၀င်ဆန်ဆန် ပျောက်ဆုံးသွား ဂန္တ၀င်ဆန်ဆန် ဗလာအိမ်မက်နဲ့ ဒီညထဲ ဘာအလင်းမှ ပါမလာတော့ဘူး ။ လင်းခေတ်ဒီနို ( 17.4.10 )

Saturday, April 10, 2010

ကဗျာတွေထဲ တိမ်တွေ သေနေတယ်

. " အလွမ်း " . . ဒီဘာသာဗေဒမှာ ငါ စာမတတ်ချင်ပဲ တတ်ခဲ့ရသူ မဖတ်ချင်ပဲ ဖတ်ခဲ့ရသူ . . . . . အသည်းမကွဲဘူး . . မကြေကွဲသေးဘူး . . ရင်ဘတ်ကြီး နည်းနည်းတော့ ပွင့်ထွတ်နေတယ် . . . . . အမှောင်ရာသီရဲ့ ထောင့်စွန်းက အရောင်မွဲနေတဲ့ ကြယ်တစ်လုံး မင်းနက္ခတ်အောက်မှာ တောက်ပနေတယ် ပြိုးပြက်တဲ့ အရောင်တွေ ပြန်မှိန်သွားမှာ ငါ့ရာဇ၀င်တွေ မကြောက်ရွံ့ခဲ့ဘူး အပျင်းပြေ ကစားပြီး ချန်ထားခံရမှာ ငါဝိဥာဉ်တွေ ကြောက်ရွံ့နေတယ် အမှောင်တွေ ငိုတဲ့ ညတွေမှာ ငါ့ကို ပြန်မထားခဲ့ပါနဲ့ . . . . . ငါပိုင်ခဲ့ဖူးတဲ့ တနင်္ဂနွေ သတို့သမီး ပထမမြောက် ရဲရင့်ခြင်းတွေနဲ့ ငါ့နှလုံးအိမ်ထဲ မင်းကို ဆွဲထည့် သိမ်းဝှက်ထားခဲ့ဖူးတယ် ဗီးနပ်ရဲ့ နက္ခတ်တွေ အကြိမ်ကြိမ်ပွင့် ကြယ်စုံခတဲ့ ညတွေမှာ ပထမမြောက် ကြေကွဲခြင်းနဲ့ ငါ့ကောင်းကင်မှာ တိမ်တွေ မသေပါရစေနဲ့ . . . . . ငှက်တစ်ကောင် အတောင်ပံခတ်တာတောင် ငါ့ရင်မှာ ကကွက်ဆန်ဆန် . . မင်းမရှိတဲ့ မနက်ဖြန်တွေမှာ ငါ့ကဗျာတွေထဲ တိမ်တွေ သေတာ ဆန်းသလားကွာ . . . . .

အမေ့ခြေရင်း ထာဝရ ဦးချကန်တော့ပါရစေ

. လွယ်လွယ်နဲ့ ဖွားခဲ့တာ မဟုတ်ဘူး ကိုးလလွယ် ဆယ်လပျိုး သွေးသံတရဲရဲကြားမှာ မျက်ရည်ပေါက်ပေါက်နဲ့ အံကြိတ်ပြီး မွေးပေးခဲ့တဲ့ အမေ . . . . . လောကဓံကို ထုပေဒဏ်ပေခံနိုင်အောင် လက်တွဲပြီး သင်ခဲ့ပေးတဲ့ အမေ . . သားသမီးတွေရဲ့ ရှေ့မှာ မားမားရပ် လာသမျှ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို အိုနွမ်းတဲ့ ရင်တစ်စုံနဲ့ စီးခံ ပေးခဲ့တဲ့ အမေ . . အချဉ်ရည်ဟင်းကောင်းတစ်ခွက်ကို သားတွေအတွက် ချပေးလို့ နောက်ဖေးပေါက်မှာ ဗရာကြော်တစ်ခြမ်း ထမင်းကြမ်း ဆားဖြူးပြီးစားခဲ့တဲ့ အမေ အဲဒီပုံရိပ်တွေ အဲဒီမျက်ရည်စက်တွေ ကျွန်တော့်ရင်မှာ ခုထိ မခမ်းသေးဘူးအမေ . . . . . . “ သား ” လို့ . . တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . . နားထဲရောက်လာတာနဲ့ ခါးတယ် ဆိုတဲ့ လောကဓံကိုတောင် ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . . လောကဋီကာကို အဖွင့်စာမျက်နှာကအစ နိဂုံးအဆုံးအထိ ရင်ဆိုင်သင်ပြ ကျွန်တော့်အသွားတွေ မြ နေအောင် သွေးပေးလိုက်တဲ့အမေ . . . အခု အမေလွှတ်လိုက်တဲ့ ရာဇ၀င်တိုက်ပွဲ လင်းလက်လျှံငြီးနေတဲ့ ကျွန်တော့်ဓားနဲ့ အမေ့အတွက် မော်ကွန်းထိုးခဲ့မှာပါ . . . . . . အဝေးရောက်နေတဲ့ အမေ့သား အမေကြော်ပေးတဲ့ ပဲပြုတ်ထမင်းဆီစမ်း အမေလုပ်ပေးတဲ့ ငါးခြောက်ကြော် အမေချက်ပေးတဲ့ ကန်စွန်းရွတ်အချဉ်ရည်ဟင်း အခမ်းခမ်း အနားနား ပြင်ဆင်ထားတဲ့ အနောက်တိုင်းပီဇာတွေ မြင်တိုင်း တမ်းတ သတိရတယ်အမေ . . . . . . ကံကြမ္မာဆိုတာ မှောက်တစ်ခါ လှန်တစ်လှည့်ပါ ကျွန်တော်တို့ဘ၀ ပေဖြစ်ခဲ့ပြီးပြီးပဲ အမေ တူဖြစ်တဲ့ အလှည့် လောကကြီးအလယ် ရင်ကော့ မော်ကြွားလိုက်စမ်းပါ အမေ . . . . . . အမေ့ ပါးရေတွေ တွန့်ကြေနေခဲ့ပြီး အမေ့လက်တွေ ကြမ်းရှရင့်ထော်နေခဲ့ပြီး အမေရုပ်ရည်တွေ အရမ်းအိုစားသွားခဲ့ပြီး သားသမီးတွေအတွက် သူတစ်ပါးတံတွေးခွက် ပက်လက်မမျှောရုံတမယ် ခံစားခဲ့ရတဲ့ အမေ အဲဒီ ကျေးဇူးတွေနဲ့ အမေ့ခြေရင်း ကျွန်တော်ထာဝရ ဦးချကန်တော့ပါရစေ အမေ . . . . . . . ဗညားရှိန် . . . ( 26.12.09 , 10:01 AM ) ~ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ ~ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေများနေ့ အမှတ်တရကဗျာ . . .

အရူးရင့်စိတ်

. အသဲကွဲ ကဗျာတစ်ပုဒ် ရေထဲ ပြုတ်ကျသွားတယ် ကောက်ယူမယ့် လက်တွေအနောက် စိတ်တွေ ပါမသွားဘူး မျောသွားတဲ့ အရာဝတ္တုကို သစ်ရွတ် တစ်ရွတ်လို တွေး ငေး ကြည့် အေးစက်ထုံကျင် လက်တွေ ၊ သွေးမဲ့ မျက်နှာ ၊ စိတ်မရှိတဲ့ ကိုယ် အရာရာဟာ လေးလံတုံ့ဆိုင်း ငါ့စိတ်ထဲမှာ ငါ့ကိုယ်က ပျောက်ဆုံးနေတယ် . . . သူသီသွားတဲ့ စကားလုံးအစအနတွေ နားထဲ ဘောင်ဘင်ရိုက်ခတ် နှလုံးသားထဲပါ ဖောက်ထွင်း ဘယ်န၀င်ပီယံသီချင်းမှ ငါ့ရင်ဘတ်ထဲ ပြေးမ၀င်လာနိုင်ခဲ့ဘူး စိတ်တွေ . . ရှာမတွေ့တော့တဲ့သူတစ်ယောက် အနောက် လမ်းပျောက်နေတဲ့ တိမ်တွေလို ကစဥ့်ကလျှား လွင့်ဝေးပြေးလိုက် . . . ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေ ခေါက်သိမ်းထုပ်ပိုး အတ္တမဲ့ လမ်းပေါ် တက်လျှောက် ကြည့်တယ် နင်းချမိလိုက်တာ လိုချင်တပ်မက်မှုတွေ အပြုံလိုက် အတစ်လိုက် . . . ချစ်သူ . . . . . ရယူပိုင်ဆိုင်လိုတဲ့ စိတ်တွေအနောက်မှာ ငါဟာ နေမြင့်လေ အရူးရင့်လေ ပါပဲ . . .

တနင်္ဂနွေ သတို့သမီး

အပြုံးတစ်ချက်က နတ်ပန်းချီတစ်ချပ်လို စုတ်ချက်ပြင်းတယ် ညဖွက်တဲ့ နတ်သမီးကကွက်တွေနဲ့ ငါ့ရင်ကိုခွင်း ဆွေးအောင် မင်း တေးသီတယ် . . . . . ငါ့စိတ်ထဲက တနင်္ဂနွေ သတို့သမီး ဝေးကွားခြင်းရဲ့ နောက်မှာ တစ်ကောက်ကောက် လိုက်နေတဲ့ သွေးအေးစိတ်တွေ မင်းကို လှည့်စား ကံဇာတ်ဆရာ ဇာတ်ညွန်း ပြောင်းရေးမှာကို ငါ အကြောက်ဆုံးပဲ . . . . . စိတ်ထဲက ကဗျာတွေ ရေးချလိုက်တယ် ရေးချလိုက်တဲ့ ကဗျာတွေထဲ စိတ်တွေ ပါမသွားခဲ့ဘူး ငါ့စိတ်တွေ ငါ ပြန်ဖမ်းလို့ မမိတော့ဘူး . . . . . ကန်ဘောင်ရှေ့က ကော်ဖီဆိုင်ကိုလွမ်းတယ် . . မြို့မကျောင်းလမ်းကို လွမ်းတယ် . . ကျောင်းလမ်း မှတ်တိုင်ကို လွမ်းတယ် . . ကောက်ရိုးနွယ်ကို လွမ်းတယ် . . နောက်ဆုံး မင်းရဲ့ အရိပ်လေးကိုတောင် ငါလွမ်းတယ် . . . . . အိမ်မက်ညတွေ ငါ့စိတ်ကို ဆွဲဆွဲချ အိမ်မရတဲ့ အလွမ်းညတွေနဲ့အတူ ငါလည်း ကော်ဖီ ထိုင်သောက်တတ်ခဲ့ပြီ . . . . .

အရိုင်းဆန် ည

. ရက်စက်တော့မယ် မုဆိုးတစ်ဦးရဲ့ တည်ငြိမ်ခြင်းနဲ့ ညတစ်ညက အစပျိုးတယ် လမိုက်က မသိမသာ မျက်ကွယ်ပြုလို့ လှိုင်းလုံးတွေက မာန်နတ်ယောင်ဆောင် သေခြင်းတရားနဲ့ ဌက်ဆိုးထိုးသံကြား တို့အသက်တွေ တစ်စစီ ဖဲ့ခြွေခံလိုက်ရတယ် . . . . . . . . . . ကြောက်ခမန်းလိလိ ပင်လယ်အော်သံအောက် တမင်းလုံးတစ္စေ အခြောက်ခံလိုက်ရတဲ့ ဘ၀တွေ . . . ဘ၀တွေ . . . ကူညီရာမဲ့ ရေပြင်အထက်အောက် တစ်စစီ ပြန့် ကျဲ ကြေ မွ ပျက်စီးလို့ . . . . . . . . . . . အဖေ့လက်ကို ဆွဲမလား . . . အမေ့လက်ကို ဆုပ်ကိုင်မလား . . . အားကိုးရာမဲ့ လူမမယ်လေးတွေရဲ့ ငိုညည်းသံတွေ ဘယ်သူကူညီမလဲ . . . ဘယ်သူ လက်ကမ်းမလဲ . . . ကြေကွဲစွာနဲ့ ပေးဆပ်ခဲ့ရပြီးပဲ . . . . . . . . . သားငယ် ဘယ်မှာလဲ . . . သမီးငယ် ဘယ်ရောက်နေလဲ . . . အမိအဖ တို့ရဲ့ ပူဆွေးလောင်မြိုက်တဲ့ မျက်ရည်တွေ . . . မျက်ရည်တွေ . . . မျက်ရည်တွေ အောက်က နှလုံးသားတွေ ကွဲကြေအက်လို့ နာနာကျင်ကျင်ကမ်းမှာ ပေးဆပ်ခဲ့ရပြီးပဲ . . . . . . . . . . မဟူရာ ညပြင်က အမှောင်ကို ဆွဲချုံ တို့တွေက သေမင်းနဲ့ စစ်ခင်း ဒီရေပြင်ကို တို့ကျော်နိုင်ပါ့မလား . . . စိတ်ဓာတ်တွေ တဘုံးဘုံးကျရှုံး မရှိစလောက် အင်အားလေးတွေနဲ့ နောက်ဆုံးထွတ်သက်အထိ တိုက်ပွဲ ၀င်ခဲ့သူတွေ ဧရာဝတီကမ်းမှာ ခန္တာတွေ သောင်တင်လို့ . . . . . . . . . . လောကဓံက ရက်စက်တာလား . . . ကံကြမ္မာက ကြည်စယ်တာလား . . . လူ့အသက်ပေါင်း သုံးသိန်းကျော် မုန်တိုင်းရဲ့ အရိုင်းဆန်တဲ့ က ကွက်မှာမျှောလို့ သေမင်းကို ဒူးထောက်ခဲ့ရတာ သင်္ခါရတရားတဲ့လား . . . . . . . . . . ဆုံးရှုံးခဲ့တဲ့ အိမ်မက်တွေ . . . လွင့်ပျောက်ခဲ့တဲ့ ရည်မှန်းချက်တွေ . . . ကျရှုံးခဲ့တဲ့ စိတ်ဓာတ်တွေ . . . ကြေမွနေတဲ့ အနာဂတ်တွေ . . . တုန်လှုပ်ခြောက်ခြားနေတဲ့ ဘ၀တွေကို ငါတို့ မေတ္တာတရားနဲ့ အေးမြစေလို့ အရိုင်းဆန်တဲ့ မုန်တိုင်းရေ . . . မင်းခြေမွခဲ့တဲ့ ဗလာကျင်း ဘ၀တွေ အတွက် ငါတို့ ကရုဏာလက်တွေ ဖေးကူ မျှော်လင့်ချက်အိမ်မက်တွေကို ကောင်းကင်ပေါ် ဆွဲတင်လို့ ရည်မှန်းချက်အလင်းရောင်တွေ သူတို့ ရင်ဘတ်ထဲ ငါတို့ ထည့်ပေးနိုင်ခဲ့ပြီး . . . . . . . . . . .

ဆောင်းကွယ်ညရဲ့ နှင်းပွင့်ချိန်

. နှင်းမြူတွေ ပါးပါးလှပ်လှပ်လေးဆိုင်း လေပြေရိုင်းတွေ ခပ်ရှိုက်ရှိုက်လေးသွေး ခပ်မိုက်မိုက် လရောင်အောက်က ပြိုးတစ်လှည့် ပြက်တစ်လှည့် လင်းလက်နေတဲ့ ရေပြင်ကျယ်ရဲ့ ခပ်ဆွေးဆွေး ခံစားချက်နဲ့အတူ မင်ကို ကိုယ့်အနားမှာရှိစေချင်ပါရဲ့ ဒီဇင်ဘာ ………………….. ငါ့ရင်ကို ခပ်စိမ့်စိမ့်လေးတိုက်ခတ်ပြီး အဝေးကိုပြေးထွတ်သွားတဲ့ ဒီဇင်ဘာရယ် မပျိုမြစ်တဲ့ ရှတတ စကားလုံးတွေနဲ့ တို့နှစ်ယောက်ရဲ့ အချစ်ဦးနေ့ရက်တွေကို ခပ်ရိုင်းရိုင်း မင်းအဆုံးသတ်ခဲ့ပြီးပဲ ဒီဇင်ဘာ …………………. မင်းရဲ့ ဖူးဖူးပွင့်ပွင့် နှုတ်ခမ်း ဖြူစင်နွေးထွေးတဲ့ အနမ်း မမေ့နိုင်တဲ့ အပြုံးလဲ့လဲ့လေးတွေက တစ်တစ်ရစ်ရစ် ညို့ခဲ့တော့ ငါ့ရင်မှာ အလွမ်းတွေ ပွင့်ခဲ့ပြီးပေါ့ ဒီဇင်ဘာ …………………. မင်းသင်ပေးခဲ့တဲ့ အလွမ်းဘာသာမှာ ငါ မလွမ်းချင်ပဲ လွမ်းခဲ့ရတယ် ငါ မဖတ်ချင်ပဲ ဖတ်ခဲ့ရတယ် အသည်းကွဲသူ ဖတ်ရမယ့်ဘာသာရပ်မှာ ငါ စာမတတ်ချင်ခဲ့ဘူး ဒီဇင်ဘာ…………………. တို့နှစ်ယောက်ရဲ့ လှပတဲ့အနာဂတ် ပါးပါးလျားလျား ဓားသွားကလေးနဲ့ မင်း ခပ်ပေါ့ပေါ့ လွင့်ခြွေခဲ့ပေမဲ့ ငါ့ ရင်ထဲက အလွမ်းသစ်ပင်မှာတော့ ငါ ချိတ်ထားဆဲပါပဲ ဒီဇင်ဘာ ………………………………

အိမ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ

. မင်းနဲ့ပက်သက်တိုင်း တလှပ်လှပ် ကဆုန်ပေါက်နေတဲ့ ငါဘယ်ဘက်ရင်အုံ မင်းအချစ်ကကြိုးနဲ့ အထပ်ထပ် နှောင်ရစ်မှ တည်ငြိမ်မယ်ထင်ပါရဲ့ ……………. မြက်ခင်းပြင်မှာ နှင်းမှုံတွေ တဖွဲဖွဲဖြန့်ခင်းလို့ လိပ်ပြာတွေကပန်းတွေကို ရနံ့သွင်းနေခိုက် လေပြည်တစ်ချက် အတိုး အခတ်မှာ ငါမက်တဲ့ မင်းအိမ်မက်တစ်ခြမ်းကတောင် မာတိကာမပါတဲ့ ငါ့အခန်းငယ်ကို ပြိုးပြက်ခမ်းနားစေခဲ့တယ်…………… တိမ်မတွယ်တဲ့ ကောင်းကင်က ပြိုးပြက်ကြယ်တစ်စင်းရဲ့ အလင်္ကာနဲ့ မင်းကိုပြင်းရှရှ ချစ်ခဲ့တဲ့ငါ အိမ်မက်တွေ တဖျတ်ဖျတ်ကြွေရင်းနဲ့ပဲ ငါ့ရင်ခွင်မှာ အလင်းတွေလျှံလို့ …………….. နက္ခတ်ပွင့်တဲ့ အာကာယံထက် ရင်ခုံနေတဲ့ ကြယ်တစ်ပွင့်က အိမ်မက်တွေနဲ့ လင်းလက်နေတဲ့ သူရင်ခွင် တောက်ပခြင်းတွေအတွက် သူခြွေခဲ့တဲ့ စကားလုံးက ................ " အိမ်မက်နဲ့လင်းတဲ့ ဘယ်ဘက်ရင်အုံ "………………

“ရင်ဘတ်ပွင့်ထွတ်နေသူ တစ်ယောက်ရဲ့ နေ၀င်နေထွတ်ရာသီ”

. ဖြူစင်တဲ့ နှလုံးသားက မုသာဝါဒ လှိုင်းတွေကို မတွန်းလှန်နိုင်တော့ ကမ်းပါးပြိုမှ ရင်ဘတ် လှိုက်စားခံရမှန်း သိလိုက်ရတယ် လိမ်ညာမှုကောင်းကင်အောက်မှာ အရိပ်ခိုမိခဲ့တဲ့ ... ငါ မနေတတ်တဲ့ မနက်တွေအတွက် တချို့ တ၀က်တော့ ပေးဆပ်လိုက်ရပြီ .. . . . . . . . . ( ညရဲ့ကောင်းကင် ) ရှိန်းခနဲ . . . . . . . . နာကျင်မှုတွေ ရင်ဘတ်ရှေ့က ဖြတ်ပြေးသွားတယ် တဆတ်ဆတ် ခုန်လာတဲ့ အသားတွေ မာနကို ခေါင်းပုတ်နိုး အချစ်ဆိုတာ ရေရောက်သောက်တတ်တဲ့ နမ်မီးဆစ် နတ်သမီးရဲ့မာယာနဲ့ ငါ့ရင်ဘတ်ကို မင်း အခါးရောင် ဆိုးခဲ့တယ် . . . . . . . . ( ဗညားရှိန် ) ထားခဲ့စမ်းပါ . . . . သစ္စာမဲ့ပန်းတွေ ကြွေလာရင်တောင်မကောက်ဘူး ငါမာနနဲ့ နေရောင်အောက်မှာ အခေါက်ခေါက်တောက်လောင်လာတာ နေဆယ်စင်းထွက်စေအုန်း ငါ့ ရင်ဘတ်ပျိုကို မယိမ်းစေတော့ဘူး . . . . . . . . . . . . ( ညရဲ့ကောင်းကင် ) ငါမသိလိုက်တဲ့ ဗျုဟာအခင်းအကျင်းနဲ့ တံပိုးမမှုတ်ပဲ မင်း စတိုက်ခဲ့တဲ့ စစ်ပွဲ ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ရင်တောင် အောင်မြင်စွာနဲ့ပဲ ဆုတ်ခွါမယ် . . . သုံ့ ပန်း တော့ မဖြစ်စေရဘူး ဧကရီ . . . . . . . . . . . . . . ( ဗညားရှိန် ) ငါ့... ဘ၀ရဲ့ နေ၀င်နေထွက်တွေမှာ ရင်ခွင်တွေ ထပ်မပျက်ရအောင် အသည်းနှလုံးကို စကာတင်လို့ ရာသီတွေ ရပ်တန့်ပစ်မယ် မာယာတံခါးဝမှာလည်း ကာဘာတွေ အထပ်ထပ်ဝတ်လို့ပေါ့ . . . . . . . . . . . . . ( ညရဲ့ကောင်းကင် ) အသည်းမရှိတော့တဲ့ ညရဲ့ကောင်းကင် အလွမ်းသေသွားတဲ့ နတ်ဆိုးပုရပိုဒ် ထုတ်ချင်းပေါက်နေတဲ့ ရင်ဘတ်တွေနဲ့ နှင်းခေတ်မှာ ကြွေသွားတဲ့ အနာဂတ်တွေအောက်မှာ ငါ့တို့နေ့ရက်တွေ မပီမသ ရိတ်သိမ်းခံလိုက်ရတယ် . . . . . . ( ဗညားရှိန် )

. . ရူး . .

. ညတွေ . . . တိတ်ဆိတ်သံတွေ . . . ငါ့အိမ်မက်တွေ . . . . အရာရာဟာ ညှင်ညှင်သာသာ လောင်ကျွမ်းနေရုံလေး . . . . ယိမ်းသွားတဲ့ စွယ်တော်ရွတ်တစ်ခြမ်း . . ကပိုကရို မျက်နှာလေးနဲ့ ငါ့အရှေ့မှာ မင်းထပ်ရှိုက်ပြဦးမယ် ထင်ပါရဲ့ . . . . . ဧကရီ . . . ရင်ဘတ်တစ်ခြမ်းမှာ မင်းနှက်ခဲ့တာ . . . အလွမ်းရောင် ခပ်ပါးပါးလေးပါ ဒါပေမဲ့ . . . . . . အဆိပ်တော့ ပြင်းတယ် ငါ့စိတ်နဲ့ ငါ့ကိုယ် ငါမသိပဲ စကားပြန်ပြောနေတယ် . . . . . . ကြေကွဲပြီးသားပါ . . . တစ်ဘ၀လုံးစာ နာကျင်သံတွေ အစိမ်းရောင် မာယာသံတွေ ရက်စွဲတွေနဲ့ အတိတ်ပန်ချီကားတွေ နှုတ်ဆက်သံမကြားရတဲ့ နောက်ဆုံးအိမ်မက်တွေ ဒီလိုနဲ့ . . . . . . ဒီလိုနဲ့ . . . . . . . ငါ့ရဲ့ညတွေ ယဉ်ယဉ်လေးနဲ့ ရူးနေခဲ့တယ် . . . . .

ကျောခိုင်းလိုက်ပါတော့ ကြယ်လေး

. ထားရစ်ခဲ့တော့ ကြယ်လေးရယ် . . . . . မပွင့်တပွင့် အလင်းဖြောက်ဖြောက်ငြို့ချက်နဲ့ ငါ့အိမ်မက်ကြယ်တာယာမှာ တစ်ပွင့်တည်း တောက်ပအောင် မင်းငြို့ထားနိုင်ခဲ့ပြီပဲ . . . . . သွားပါတော့ ကြယ်လေးရယ် . . . . . ချစ်တယ် လွမ်းတယ် ဆိုတဲ့ စကားလုံး အသင်္ချေနဲ့ ငါ့ အိမ်မက်ကြယ်တာယာမှာ စံပယ် နက္ခတ်တွေ ဖြတ်ဖောက်စီးစင်း ရနံ့တွေ နှင်းလိုဝေအောင် မင်း ခြွေခဲ့ပြီးပဲ . . . . . နှုတ်ဆက်ကြရအောင် ကြယ်လေးရယ် . . . . . . ငါ့အိမ်မက်တွေနဲ့ ငါ ရူးသွပ်ချိန်မှ သစ္စာဆိုတဲ့ စကားလုံး မင်းရင်ဘတ်မှာ ရာသီစက်ဝန်း တစ်ပတ်ပြည့်အောင် မပွင့်ခဲ့ဘူး . . . . . လွမ်းတယ်ဆိုတဲ့ စကားလုံး မင်းနှုတ်က အကြိမ်ကြိမ်ပြောနေပေမဲ့ မင်းစိတ်က လေယူရာတိမ်း ယိမ်းနေခဲ့ပြီးပဲ . . . . . နီးစပ်တဲ့ သာယာမှု မင်း မက်မောနေခဲ့ပြီးပဲ . . . . . ကျောခိုင်းလိုက်ပါတော့ ကြယ်လေးရယ် . . . . . ငါ့ကို စကားလုံးတွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . . မျက်ရည်တွေနဲ့ ထပ်မလှည့်စားပါနဲ့တော့ . . . နောက်ဆုံးတော့ တည်းတည်းလေးကျန်တဲ့ ငါ့ရင်ခွင်ဝင်ရိုး မင်းရိုက်ချိုးသွားခဲ့ပြီပဲ မင်းရိုက်ချိုးသွားခဲ့ပြီးပဲ . . . . . .

စိတ်

. မမေ့နိုင်သေးတဲ့ အရသာ တစ်ခု အနံမွှေးမွှေး နက်စ် ကော်ဖီတစ်ခွက် ငါမသောက်ဖြစ်ခဲ့တာ ငါ့အိမ်မက်တွေ ကမ္ဘာတစ်ဖက်ခြမ်းမှာ အထပ်လိုက် ဆွေးနေကတည်းက . . . . သတိရခြင်းတွေ များနေတဲ့စိတ် ခဏခဏ သိမ်းဝှက်ရလွန်းလို့ ငါ့စိတ်နဲ့ ငါတောင် အတိတ်ရဲ့ အရိပ်တွေမှာ နေ့ နေ့ . . . ည ည သဟဇာတ မဖြစ်ခဲ့ဘူး ။ ငါခုန်ချလိုက်တဲ့ အနာဂတ်တွင်းနက် နေရာတိုင်းမှာ အချိုးအစား မညီဘူး လျှောက်နေရတဲ့ တစ်မျှော်တစ်ခေါ် ကမ်းပါး စောက်နက်လမ်း ပွန်းပဲ့မှုတွေ များလွန်းလို့ မင်းကို ကမ်းမယ့် ငါ့လက်တွေ ခုတ်ဖြတ် . . . . နှုတ်နဲ့တောင် မခေါ်ရက်ခဲ့ဘူး . . . . မင်းအတွက် ပေးဆပ်ချင်တဲ့ ခမ်းနားထည်ဝါမှု သမိုင်းအဟောင်းတွေ ငါ့အရှေ့က ဥသြသံပေး ထွတ်ခွါသွားတာ ကမ္ဘာ တစ်ပတ်တောင် ပြည့်လောက်ရောပေါ့ ပြန်ဆိုက်လာဖို့ ငါ့ဘူတာ . . . သူတို့ ရှာမတွေ့ခဲ့ကြဘူး ။ ယုံကြည်ချက် . . . တစ်နေ့တစ်လံ ပုဂံဆီလဲ မပြေးဘူး ငါ့လမ်း ငါလျှောက် ကုန်းကောက်စရာ မရှိတော့ရင်တောင် မင်းအတွက်ပေးဖို့ သစ္စာနဲ့ မေတ္တာ ငါ့မှာ ကျန်ပါသေးတယ် . . . . .

ဘယ်ဘက်ရင်အုံမှာကြွေခဲ့တဲ့ အလွမ်းခြေရာ

.

သောကြာကြယ် ညည်းချင်းတမ်းတဲ့ ည လမင်းက ကောင်းကင်ကို ကျောမှီထိုင်လို့ မီးတောက်နေတဲ့ ငါ့အိမ်မက်ကို လှောင်ရီလို့ ကြည့်နေလေရဲ့ . . . . . .

တစ်ဆုပ်စာ ကျဲချလိုက်တဲ့ လရောင်ဆမ်း ခပ်ပါးပါးအောက် ကစဥ့်ကလျား ရုန်းထွတ်နေတဲ့ စိတ်ရိုင်း တေလေ ငှက်တွေက ကောင်းကင်မရှိတဲ့ ငါ့နံရံ အိမ်မက်မှာ အလွမ်းတွေကို ထုဆစ်နေတယ် . . . . . . အိမ်မက်ကို တံခါးခေါက်သွားတဲ့ ကဝေပျိုငယ် . . . . . လှည့်ထွတ်သွားခဲ့ရင်တောင် အလွမ်းတွေ ပွင့်ကျန်ရစ်ခဲ့မယ့် ငါ့အိမ်မက် တံခါးလေးကိုတော့ ပြန်ပိတ်ပေးခဲ့လှည့်ပါ . . . . . .
ငါ့ ရင်ဘတ်တစ်ခြမ်းမှာ သံယောဇဉ်နဲ့ ပျိုးလို့ အနမ်းတွေနဲ့ ပေါင်းသင် ရနံ့တွေတောင် ပွင့်ခဲ့တဲ့ မင်းအချစ်တွေ အခုတော့ ခါးသက်နေခဲ့ပြီးလား ကဝေပျိုငယ် . . . . . . ငါ့ဘယ်ဘက်ရင်အုံမှာ ကြွေခဲ့တဲ့ မင်းအနမ်းကြယ်ပွင့်လေးတွေရဲ့ ကိုယ်သင်းရနံ့ နဲ့ ခြေရာတောင် ခုထိ မေ့မရလို့ အမှတ်တရ သိမ်းထားဆဲပါပဲ . . . . . . . . . .

တစ်ဖျောက် နှစ်ဖျောက်စိုရင်းနဲ့ ရွှဲတယ်

. ကြက်ခြေခတ် . . ညနေတွေ အိပ်တန်းဝင် နေညိုအလင်းတန်း ငါ့ရင်ကိုညို့စီးလို့ အလွမ်းခင်းကိုပျိုးတယ် ပြီးတော့ . . . . အလွမ်းပွင့်တွေကို တစ်စက်ခြင်း ခြွေချနေပြန်တယ် . . . . . . ရင့်သထက်ရင့်လာတဲ့ အမှောင်စိတ် . . . . နက်သထက်နက်လာတဲ့ အလွမ်းရောင် . . . . မြောက်ပြန်လေ အခတ်မှာ ပါသွားတဲ့ ကြယ်ကြွေ နတ်သမီးရဲ့ တေးညို့သံ . . . အသူရာ နတ်ဆိုးရဲ့ လမိုက်ညတွေဟာ အလွမ်းတွေထဲ ၀ါးလုံးထိုး ခုန်ဆင်းနေတယ် . . . . . . . . . . . . လယ်သူမငယ်ရေ . . . . ငါ့ရင်ကို အကြမ်းတမ်းဆုံးဆွဲဖွင့် မင်းသံယောဇဉ်ပျိုးတွေ ထိုးစိုက်ပြီသွားရင် ပေါင်းသင် ရေလောင်းခဲ့ဖို့တော့ မမေ့လိုက်နဲ့ . . . . . . . ငါ့နှလုံးသားလယ်တွေ ပက်ကြားအက်မှာ စိုးမိလို့ . . . . . . . အချစ်အကြောင်း ဂဃနဏ ငါမသိခဲ့ဘူး အချစ်ကလည်း ငါ့အကြောင်း ဂဃနဏ မသိခဲ့ဘူး ဒါပေမဲ့ . . . . . . မင်းကို ချစ်တာတော့ ငါ ဂဃနဏ သိခဲ့တယ် . . . . ကောင်မလေး . . . မင်းရော . . . ငါ့ကိုချစ်တာ ဂဃနဏ သိခဲ့ရဲ့လား . . . . . . . . ဝေးကွာခြင်းရဲ့ အတွင်းဘက်မှာ ငါ့ရင်ခွင်က မိုးတစ်ထောက်နားနေရတယ် မင်းကြည့်လိုက်စမ်းပါ . . . . အမိုးအောက်မှာဆိုပေမဲ့ ငါ့ကိုယ်မှာ အလွမ်းတွေ တစ်ဖျောက် နှစ်ဖျောက်စိုရင်းနဲ့ ရွှဲနေခဲ့တယ် . . . . . . . . .

ဗလာကျင်း အခန်း

. ဗလာကျင်း အခန်းတစ်ခန်း ကောင်းကင်မရှိ . . . မြေကြီးမရှိ . . . ဆေးရောင်တွေ ကွက်တိကွက်ကြား ၀မ်းမနည်းဘူး မိတ်ဆွေ . . . ဘ၀က တွင်းနက်တွေနဲ့ ဒီလိုပဲ အရောင်တွေ သုတ်ခံရတယ် . . . . . . . . . . လောဘ လောင်မြိုက်နေတဲ့ လောကမှာ ငွေဝယ်ကျွန်တစ်ကောင်လို အတ္တကို ထမ်းပိုးလုပ် ကျောပေါက်မတတ် ရုန်းတယ် . . . ရုန်းတယ် . . . လူတွေက လူတွေကို မျိုနေ မုသားတွေက နေရာတိုင်းမှာ မှင်သေသေနဲ့ . . . . . . . . . . ပုပ်သိုးနေတဲ့ စိတ်နေစိတ်ထား သစ်စီးသုတ်ပြီး ရွေချကြည့်တယ် အနံ့က အော့အန်ချင်တုန်းပဲ . . . အသက်က အစိတ်သား ချိန်ခွင်လျှာက ခုထိ ဘေးမထွတ်သေးဘူး . . . . . . . . . . . ဒုက္ခကို ငယ်ပေါင်းကြီးဖေါ်လို ပုခုံးဖက်ပေါင်း အနှိမ်ခံရတာတွေက ခပ်ဖန်ဖန် ကျစိမ့်တစ်ခွက်လို ရိုးအီနေခဲ့ပြီး . . . . . . . . . ၁၅၀၀ . . . . အချစ်တော့ မဟုတ်ဘူး ငါ့ နေ့တွက် လုပ်ခ ၀မ်းတစ်ထွာ ပြည့်ဖို့ ငပိရည်နဲ့ ထမင်းတော့ နပ်မှန်တယ် . . . . . . . . . . ကဲ . . . ဘော်ဒါကြီး ဒုက္ခ ဒီမနက်လည်း အတူတူ အလုပ်ဆင်းကြတာပေါ့ကွာ . . . . .

ဇောက်ထိုး မိုးမျှော် ကမ္ဘာ

.
ငှက်တွေလည်း အိပ်တန်းပြန်နေပြီ . .
နွားကျောင်းသားလည်း နွားသိမ်းနေပြီ . .
နေစွယ်ကလည်း တောင်ကွယ်နေပြီ . .
ကမ္ဘာကြီးလည်း အီကောနောမစ်
ခရစ်ဆစ်ကြီးထဲ ခုန်ဆင်းနေပြီး . .
အလုပ်လက်မဲ့ ငါလည်း ပြုတ်ကျနေတဲ့
စိတ်ဓာတ်တွေ ခေါက်သိမ်းလို့ အိပ်တန်းပြန်ချိန်တန်ပြီ
လူသားတွေ စီးပွါးရေးနဲ့
ကမ္ဘာကြီး တည်ဆောက်ခဲ့ကြတယ် . .
လူသားတွေ စီးပွါးရေးနဲ့ပဲ
ကမ္ဘာကြီးကို ဖျက်စီးနေကြတယ် . .
တစ်ယောက်နဲ့ တစ်ယောက်
မျက်နှာခြင်း ဆိုင်လို့
မုသားတွေ ခြယ်ပေးနေကြတယ်
တစ်ခါတစ်ခါ ရိုးရှင်းတယ် ထင်တဲ့
ပဉ္ဖလက်ဆန်လွန်းတဲ့ လောကကြီးကို
ဇောက်ထိုးကြည့်ချင်တယ်
တစ်ခါတစ်ခါ တိုးတက်နေတယ် ထင်တဲ့
ဆုတ်ယုတ်နေတဲ့ ကမ္ဘာကြီးကို
ဇောက်ထိုးကြည့်ချင်တယ်
တစ်ခါတစ်ခါ တော်တယ်လို့ထင်တဲ့
ညံ့ဖျင်းနေတဲ့ ငါ့ကိုယ်ငါ
ဇောက်ထိုးကြည့်ချင်တယ်
နာမည်ကျော် သတင်းစာတွေ
ခေါင်းစီးမှာ အော်ဟစ်နေကြတယ်
ခရစ်ဆစ် ဘီလူးကြောင့် အနောက်သားတွေ
စားသောက်ဆိုင်မသွားနိုင်ပဲ ပေါင်မုန်တွေပဲစားနေရတယ်တဲ့
အာ . . . . ကြောက်ခမန်းလိလိ ပါပဲလားဟ
ငါတို့ မဲဇာ ဂနိုင်မှာ ထမင်းရည်သောက်နေရတာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီး

ပန်းနာရင်ကျပ် ဖြစ်နေတဲ့ကမ္ဘာ

.

ညမဲမဲရဲ့ တံလျှပ်တွေ ငါ့ခန္တာကို ဖောက်ထွက်နေတယ် နတ္ထိကျင်းတဲ့ အထက်ပိုင်းက ချွေးသီးချွေးပေါက် ဇာတ်လမ်းမှာ ဗီလိန်လို သရုပ်ဆောင်ရတယ် မပျက်ပဲ မလည်ပတ်နိုင်တဲ့ နိုင်ငံခြားလုပ် အဲယားကွန်း အားတုံ့အားနာနဲ့ ငါ့ကို လှမ်းကြည့်တယ် မီးပျက်နေလို့ပါတဲ့ . . . . . . . . . . . . မနေ့ရဲ့ မနက်ဖြန် ကြေးစားဆန်တဲ့ အိုင်တီခေတ် အချစ်ကို လက်တော့ပ် နဲ့ တွက်ချက်တယ် အိမ်ထောင်ပြုဖို့ စီးတဲ့ကားကိုကြည့်ကြတယ် နှလုံးသားဆိုတာ အပျင်းပြေ ပြဇာတ်တစ်ပုဒ် လက်တွေ့ မှာ စက်တွေ တပ်တယ်

လူတကိုယ်လုံး စက်တွေ တပ်ထားတယ် ခြေထောက် တွေမှာ စက်တွေ တပ်တယ် နှလုံးမှာ စက်တွေ တပ်တယ် ဦးနှောက်မှာပါ စက်တွေ တပ်မလား လူတွေက စက်တွေ ဖြစ်လို့ စက်တွေ က လူတွေ ဖြစ်နေကြတယ် . . . . . . . . . . . . ကမ္ဘာကြီးက ဖောက်ပြန်ခြင်းနဲ့ မှောက်မှားမိပြီး ထင်ပါရဲ့ မွေးလာလိုက်တာ အကြမ်းဖက်ခြင်း နဲ့ စီးပွါးပျက်ကပ် ညဘက်မှာ ညည်းငြူသံတွေ ဆူလို့ နေ့ဘက်မှာ နှူးကလီယားသံတွေ မြူလို့ မဟာလူသားတွေရဲ့ မျိုးဆက်တွေ ကျောက်ခေတ် ပြန်သွားဖို့ လုပ်နေ လှုပ်ရှားမှုကင်းမဲ့တဲ့ စက်ရုံကြီးတွေ နှလုံးခုန်သေးရဲ့လား ပန်နာရင်ကျပ်ဖြစ်နေတဲ့ ကမ္ဘာကြီး ဓာတ်စာ စားဖို့ လိုအပ်နေပြီး . . . . . . . . . . . . . .

အတောင်ပံတစ်စုံရဲ့ ရင်ခတ်သံ

. မှောင်မှောင်မဲမဲ အမဲအမှောင်ည ဖျတ်ကနဲ ၀ုန်းကနဲ လန့်နိုးသွားတယ် . . . ချွေးစီးတွေနဲ့ မောဟိုက်လို့ . . . ငါအကြောက်ဆုံး အာရုံသံစဉ်တွေ အိမ်မက်က လိုက်ဖမ်းနေတယ် . . . . . . . . . . မေ့မရတဲ့ အတိတ်က လိပ်ပြာမလေး စတော်ဘယ်ရီရောင် နှုတ်ခမ်းနဲ့ အပြုံးတစ်ပွင့် အရောင်ရင့်ရင့်ကိုမှ နှစ်သက်တဲ့ ကောင်မလေး ငါ့ဦးနှောက်ကိုခွဲ အခန်းတွေ ဖျက်ထုတ်လို့ရရင် မင်းပါတဲ့ အခန်းတွေ ငါဖောက်ခွဲပစ်လိုက်ချင်ရဲ့ ငါလိုချင်ခဲ့တာ အချစ် . . . မင်းပေးခဲ့တာလည်း အချစ် . . . ဒါပေမဲ့ ထပ်တူမညီတဲ့ ပုစ္ဆာနောက်ကွယ်က ၉၇၂ . . . . . . . ကွာဟမှုက ပြင်းထန်နေခဲ့တယ် . . . . . . . . . . အသက်ရှုသံ ဖျောဖျောလေး ငါ့မြင်ကွင်းမှာ မင်းပုံရိပ်က ၀ိုးတ၀ါးနဲ့ ဒဏ္ဍာရီ ဆန်ဆန် “ ငါမေ့ထားခဲ့မယ် ” . . . . “ ငါမေ့ထားခဲ့ရမယ် ” . . . . တစ်ညလုံး အကြိမ်ကြိမ် လွင့်ထုတ် မေ့ပစ်ခဲ့ပေမဲ့ အသက်ရှုသံ တစ်စက်ချင်း ဆီမှာ မင်းပုံရိပ်က စီးမျှောနေဆဲ ထွတ်သက် ၀င်သက်တွေ ညံနေတဲ့ ငါ့ညဟာ အေးစက်နာကျင်နေလို့ပါပဲ . . . . . . . . . . ဒီကဗျာ ဒီမှာတင် ငါဆက်မရေးချင်တော့ဘူး . . . နေပါစေတော့ . . . မိုးမိခဲ့တဲ့ တွေဝေမှုတွေက ငါ့ကို နောင်တတွေနဲ့ ဖျားနာစေလို့ ရင်မှာ မျက်ရည်စက်တွေ မှေးစက်နေဆဲ . . . . . . . . . . .

ကျွန်တော် ဘေးနားမှာ ရှိနေခဲ့တာ ကျွန်တော့် ကဗျာတွေ . . . .

. လွင့်ကျသွားတဲ့ ညတစ်ညရဲ့ ငါ့အတ္ထုပတ္တိတွေမှာ အိမ်မက်နဲ့ ပစ္စုပ္ပန်က ပြဒါးတစ်လမ်း သံတစ်လမ်းပဲ . . . . . . . . . . . . ဘ၀ကို ဂျစ်ပစီတစ်ကောင်လို မကျင့်ခဲ့ပေမဲ့ လွတ်လပ်မှုကို ခုံမင်တဲ့ကောင် အနှောင်အတုပ်တွေ မုန်းနေတဲ့ဘ၀မှာ အတုပ်အနှောင်တွေနဲ့ ရုန်းနေရတယ် . . . . . . . . . . လောကကြီးကို ခါးစောင်းတင်ပြီ ဘယ်သူတွေ နိုင်ခဲ့နိုင်ခဲ့ ဘ၀ ကြိုးဝိုင်းထဲမှာ လောကဓံက ငါ့ကို သရေတောင် မပေးချင်ခဲ့ဘူး . . . . . . . . . . . တစ်ခါတစ်ခါ စုတ်ပြတ် နေခဲ့တယ် . . . . တစ်ခါတစ်ခါ အထိနာခဲ့တယ် . . . . တစ်ခါတစ်ခါ ချောင်ပိတ် ထိုးနှက်ခံနေရတယ် . . . . . . . . . . . သွားစမ်းပါ . . . လောကဓံရာ . . . . ပွဲသိမ်း ခေါင်းလောင်းတီးလို့ ငါ့ခြေထောက် နှစ်ချောင်း ယိုင်နဲ့နဲ့ ဖြစ်နေရင်တောင် မင်းအရှေ့မှာ ဒူးထောက် မှောက်လျှက် လဲမကျစေရဘူး . . . . . . . . . . . ဝေးသထက် ဝေးနေတယ် . . . . ပန်းတိုင်က လိုက်လေ ဝေးလေ . . . . အမြင်အာရုံတွေကပဲ အလင်းယိုင်နေခဲ့တာလား ငါကိုယ်တိုင်ကိုက ပြေးမနေခဲ့တာလား . . . . . . . . . ၀င်တိုက်မိသလို ဖြစ်သွားသလား ခွင့်လွတ်ပါဗျာ ကျွန်တော်အာရုံနဲ့ ကျွန်တော် ကဗျာရေးနေလို့ပါ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ် ဘယ်သူမှမရှိဘူး ပြန်ကြည့်လိုက်တယ် ကျွန်တော် ဘေးနားမှာ ရှိနေခဲ့တာ ကျွန်တော့် ကဗျာတွေ . . . . . . . . . . .

ဗီးနပ် နက္ခတ်တွေ ပွင့်တဲ့ နတ်ဆိုးရဲ့ အခန်းငယ်

.

ငါမုန်းတဲ့ တစ်ခြမ်းပုပ် ငါ့အတ္တတွေ မြေမြုပ်ထားတာတောင် အနံက " ထောင်း " ကနဲ ထွတ်လာတယ် . . . . . . . . မစိုစေချင် သူကိုမှ ရွှဲမိစေတဲ့ ငါ့အတ္တမိုး တစ်စက် ငရဲမီးထဲတွန်းချလို့ ပြာချလိုက်ချင်ပါရဲ့ . . . . . . . . မှားမိတဲ့ အမှားသံသယတွေ အတွက် ဟိုးးး ကောင်းကင် ရင်ခွင်ထက်မှာ မင်းနာမည် သုံးလုံး စာစီကုံးလို့ ငါ့ ရာဇ၀င်အိုထဲ မင်းရဲ့ခွင့်လွတ်အနမ်းတွေ မျှော့်လင့်ချင်ပါသေးရဲ့ ကဝေပျိုငယ် . . . . . . . .

ဘ၀အတွက်ဆိုတဲ့ အတ္တနဲ့ ကြိုးစာနေရချိန် . . . . မျှော့်လင့်ချက်တွေနဲ့ ရှင်သန်နေရတဲ့အချိန် . . . .
ငါသိပ်မြတ်နိုးတဲ့ မင်းလေးရဲ့ အပြုံးတစ်ပွင့်
အခုတော့ . . . . အဝေးကနေပဲ ရှိုက်မွှေး လွမ်းဆွတ်ပါရစေဦးနော်. . . . . . .
သိပ် လှ လွန်း တယ် ကဝေပျိုငယ်ရယ် . . . . . . အိမ်ရှေ့မှာ ပွင့်တဲ့ လတစ်ခြမ်းမှာ ဗီးနပ်ရဲ့ နက္ခတ်တွေ တလက်လက်ပွင့်လို့ ငါ့ရင်ဘတ် အခန်းငယ်လေးမှာ လင်းလက်ခဲ့တဲ့ မင်းရဲ့ အကြင်နာ အနမ်းလေး တွေကိုလဲ အဝေးကနေပဲ . . . နမ်းရှိုက် လွမ်းဆွတ်ပါရစေဦးနော်. . . . .

ကျိန်စာမိတဲ့ နတ်ဆိုးနန်းတော်

. ထိထိမိမိ ကွဲရှပြီးသား အသည်းကို ဘာဖြစ်လို့ ထပ်ပိုင်းဖြတ်ချင်တာလဲ တစ်စက်စက် ယိုစိမ့် ကျနေတဲ့ အလွမ်းတွေ အောက်မှာ ဒုတိယမိ ငါ့လည်ကို ထပ်စင်းခိုင်းစေချင်တယ်ဆိုရင်တောင် ငါ လည်စင်းခံဖို့ မဆိုင်းဘူး ချစ်သူ . . . . . ယုံကြည်ပြီးသား . . . . . ခွင့်လွတ်ပြီးသား . . . . . တစ်တစ်ရစ်ရစ် စွဲရစ်ခဲ့တဲ့ ငါ့အချစ်တွေကို မြေချပေးဖို့ . . . . . မင်းစကားတစ်ခွန်းပဲ လိုအပ်မှာပါ . . . . . မင်းနင်းလျှောက်မယ့်လမ်းမှာ ငါဟာ နှောက်ယှက်မိသူဖြစ်ခဲ့ရင် ရင်ခွင်လမ်းမရဲ့ ဘေးကို ငါဆင်းပေးပါ့မယ် တစ်ယောက်တစ်ခြမ်း နေနေရတဲ့ ကမ္ဘာမှာ ငါဟာ စကြာဝဌာထဲကို မလွင့်ချင်ခဲ့ဘူး ချစ်သူ . . . . . . ငါ့ ရင်ခွင်နန်းတော်မှာ ဘုရင်မ မလုပ်ချင်ဘူးဆိုရင် လမ်းခွဲစကား မပြောပဲ တိတ်တဆိတ် မင်းထွတ်ခွါသွားပေးပါ မင်းကျောခိုင်း ထွတ်ခွါသွားမှာကို ငါခံနိုင်ရည် မရှိလို့ပါ ချစ်သူ . . . . . . . နတ်ဆိုးဆိုတာ နောက်ဆုံးတော့ နတ်ဆိုးပါပဲ ဘယ်သူမှမစံချင်တဲ့ နတ်ဆိုးနန်းတော်မှာ ငါဟာ အလွမ်းပုရပိုဒ်ကို ရေးဆဲပါပဲ . . . . . . . .

ညီမလေး သော့ခတ်သွားတဲ့ အလွမ်းရာသီ

. လွမ်းတဲ့သူက လွမ်းနေတဲ့သူကို စည်းချက်သံမဲ့ ကြွေရင်းဆွေးတယ် အလွမ်း အသင်္ချေ အလွမ်း အနန္တ အလွမ်းတို့ရဲ့ လက်ကျန်သမိုင်းနဲ့ ဆွေးတယ် …………… မင်းပျောက်နေတဲ့ ငါ့နက္ခတ်တစ်ပိုင်းတစ်စမှာ အင်းအားချိနဲ့ နေတဲ့ နာရီလက်တံတွေ ခရီးတစ်ထောက် နားချိန် အလွမ်းရာသီက နှလုံးသားပေါ် ပိုးစိုးပက်စက် မှောက်ကျတယ် …………….. နတ်ဆိုးကြည်စားတဲ့ အလွမ်းဘုံမှာ တစ်ယောက်နဲ့ တစ်ယောက် ကမ္ဘာတစ်ခြမ်းစီတော့ မဝေးခဲ့ဘူး မဝေးတဲ့ မြို့တစ်မြို့ခြင်းစီမှာတော့ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနေခဲ့တယ် ……………… သတိရခြင်း နေ့စွဲအစအနလေးတွေမှာ ရင်ထဲက အလွမ်းမှုန်တွေ ဖွာကနဲ ဖွာကနဲ လွင့် ကြေ ထွတ် လို့ အလွမ်းရာသီထဲ ငါဟာ သော့ခတ် ခံခဲ့ရသူ ……………… စိတ်ရဲ့ စေစားတမ်းတခြင်းတစ်ပိုဒ်မှာ နှုတ်မဆက် လက်မပြပဲ ထွတ်သွားတဲ့ ညီမလေးရဲ့ မျက်နှာလေးကို မြင်ယောင်ရင်း အိမ်မက်က လန့် လန့် နိုးလို့ ……………………….

အလွမ်းတွေက အလွမ်းတွေကို မိုးလို့

. ငါဟာ ဒီနွေမှာ ကျိန်စာသင့်ခဲ့သူလား မွဲခြောက်ခြောက် နှလုံးသားတစ်စုံ လောင်းသူမဲ့ ခဲ့တယ် မင်းမရှိတဲ့ နွေဒိုင်ယာရီ ငါတစ်ယောက်တည်း မရေးချင်ခဲ့ဘူး …………………… ငါ့အတွက် ညတာရှည်လို့ နေတာတွေ မတိုခဲ့ဘူး လွမ်းချင်း တွေ တေးထပ်တစ်ပုဒ်လို ငါ့ကိုယ်မှာ ရွှဲရွှဲစိုတယ် မင်းမရှိတဲ့ တစ်ရာသီစာ နက္ခတ်မှာ ငါဟာ အလွမ်းတံခွန်လွှင့်ခဲ့သူ ……………………. မင်းထွတ်သွားခဲ့တယ် ကြာသာပတေးနံ အမည်တစ်လုံးနဲ့မြို့ဆီ အလွမ်းတွေက လျှပ်စီးတွေလို ၀င်းလို့ ငါ့ရင်ဘတ်ကြီးက ၀မ်းနည်းမှုကို ဆွဲဆွဲ ခြုံတယ် ……………………… ဆွေးမြေ့နေဆဲ ငါ့ကမ္ဘာဟောင်း နေမင်းက အလင်းတန်းတွေ သွန်ချပေးတယ် နေပြောက်မတိုးတဲ့ ဂနိုင်တစ်ခုလို မှောင်နေဆဲ မဲနေဆဲ နက်နေဆဲ အလွမ်းတွေက အလွမ်းတွေကို မိုးလို့ ပါပဲ ………………………

အကျဉ်းကျအိပ်မက်

. နတ္ထိကမ္ဘာပျက်ကြီးထဲမှာ ငါ့အတွက် နေရာမရှိဘူး အိပ်မက်တွေ ရေသောက်ဆင်းဖို့တောင် မြစ်တွေက ပက်ကြားအက်လို့ ဒေါသက ရှားမီးလို ရဲခနဲတောက်လာတယ်............... ငါ့ဂြိုဟ်မှာ နက္ခတ်ချင်းခွပ်နေတယ် ဖြစ်ချင်တဲ့ စိတ်ကူးချိုချိုလေးတွေ အခါခါ အိပ်မက်ထဲ ဆွဲသွင်းပေးခဲ့ပေမယ့် ဖြစ်လာတာတွေက အကျနာလွန်းလို့ ဘ၀တစ်ခုလုံး အရေခွံစုတ်ခံထားရတယ်............. ကြယ်ကြွေချိန် ဆုတောင်းရင် ပြည့်တယ်ဆိုတာ မင်းယုံလား ငါ့ဆုတောင်းတွေ ခုချိန်ထိ တစ်ခုမှဖြစ်မလာသေးလို့ စိတ်ကူးယဉ် ခပ်ပြင်းပြင်းလေးကို ရေရောမိပြီထင်ပါရဲ့ .................... အမှောင်နဲ့ ယက်လုပ်ထားတဲ့ ကမ္ဘာပျက်မှာ ငါဟာ ပြဿဒါးကို ခေါင်းအုံးလုပ်ဖို့ ရက်ရာဇာတွေ သော့ခတ်ခံခဲ့ရတယ် ဘ၀က အံကိုကြိတ် လက်သီးဆုပ်တာကလွဲလို့ လောကကြီးကို အယူခံမ၀င်နိုင်ခဲ့ဘူး.................. ညခဲကြီးအောက်မှာ သက်ပြင်းတွေပစ်ပစ်ချလို့ မိုးလင်းထိ တစ်ယောက်တည်း ကြောင်တောင်ကန်းထိုင်နေမိတယ် မိုးလင်းတော့ရော........... ဒုက္ခတွေကင်းပြီလား............ ဝေးပါသေးတယ် ငါ့အိပ်မက်တွေ အကျဉ်းကျနေဆဲပါ..............

ဘာမှ လှုပ်လို့မရတဲ့ နေ့

.

ဘာတစ်ခုမှ လုပ်လို့မရတဲ့ နေ့တစ်နေ့ ခြေလေးချောင်းနဲ့ ရပ်နေတဲ့ ကွပ်ပစ်ပေါ် လေးလေးပင်ပင် ခန္တာကိုယ်ကို အပုံလိုက်တင်လို့ ကြယ်မနေတဲ့ ကောင်းကင်ပြတင်းပေါက်ဆီ စိတ်ကို လွတ်တင်ထားရဲ့ ……………………………

အေးအေးဆေးဆေး အနားယူမလို့လုပ်တုန်း ရေမရှိတဲ့ အိုင်ထဲက ကိုဂုံညင်း အရှက်မရှိတဲ့ သူ့အာသံဗြဲနဲ့ သီချင်းအော်ဆိုနေရဲ့ စိတ်တိုလာတယ် ……. “ဟေ့ကောင် ဂုံညင်း တိတ်စမ်းကွာ ငါ မင်းလည်ပင်း လိမ်ချိုးမိတော့မယ်” ……………………………….

စိတ်ကြီးရယ် ညစ်ပါပေ့ စိတ်ညစ်ရတဲ့ အထဲ သူကဗျာတွေ အတင်းလိုက်ဖတ်ခိုင်းပြီး သူများကဗျာတွေ လိုက်မဖတ်ပေးတဲ့ ကဗျာဆရာ သူရဿဝါလည်း ပါရဲ့ ………………………………

လူပုံစံက ပိန်ကပ်ကပ် ခန္တာကိုယ်မှာ စပုတ်တံတွေ ထောက်ထားတယ် ကိုယ်မှာ စောင်ပတ်ထားရင် အရောင်ခပ်မွဲမွဲ ၀ါလုံးတစ်လုံးနဲ့ တူပါရဲ့ အယ် ……………. ဒီကောင်ကိုရော လည်ပင်း လိမ်ချိုးထားရင် ဘယ်လိုပုံ ဖြစ်နေမှာလဲ …………………………..

အင်း....... တစ်နေကုန် လှုပ်လို့မရဘူး တစ်နေကုန် အဆင်မပြေဘူး ဘယ်သူနဲ့မှ ကီးမကိုက်ဘူး ဒီတော့ …………… ကိုယ်အခန်းထဲ ကိုယ်ဝင် လောင်းကုတ်ရှည်ရှည် ၀တ်ထားတဲ့ ပလက်ကုလားထိုင်ပေါ် ထိုင် ကိုယ့်မျက်လုံးတွေ ကိုယ်ဖောက်ထုတ်ပြီး ကိုယ့်နားတွေ ကိုယ်မြေဖို့ပစ်လိုက်တယ် “---------------------------------- ” …………………………….

အနတ္တကဗျာဆရာ

. မိုးတိမ်တွေက ငါ့စိတ်ကိုပြိုအောင်ညို့တယ် မိုးသံတွေက ငါနားတွေကို လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားပေးတယ် ။ စည်းစိမ်ဂုဏ် မက်သူတွေရဲ့ အထင်သေးတဲ့ စကားတွေရဲ့နောက်ကွယ်မှာ ငါ့လို ကဗျာဆရာတစ်ယောက်ရဲ့ ဘ၀ဟာ မိုးစိုလို့ ………………………….. ကဗျာဆရာလည်း လူထဲကလူတစ်ယောက် တခြားသူတွေထက် ဘာမှပိုမထူးသလို တခြားသူတွေလဲ သူ့ထက် ဘာမှပိုမထူးဘူး …………………………… သူရဿဝါက “ ကဗျာဆရာသည် သူရဲကောင်းတစ်ဦး ( သို့ ) ရူးရူးနှမ်းနှမ်း လူ့အနတ္တ တစ်ဦးဖြစ်သည် ” လို့ ဆိုတယ် မှန်လိုက်လေခြင်း ငါကတော့ သူရဲကောင်းတစ်ဦးဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့ သေချာတာက အနတ္တကဗျာဆရာတစ်ဦး …………………………. အနတ္တကဗျာဆရာ ဆန်အိုးထဲမှာ ဆန်မရှိ အိပ်ကပ်ထဲမှာ အကြွေးစားရင်းတွေ တစ်လတစ်လ ထပ်လို့ လူချမ်းသာတွေ အထင်မကြီးပေမဲ့ ကဗျာထဲမှာပျော်ရင်း ကဗျာရေးနေရတဲ့ စိတ်ချမ်းသားမှုမျိုး ခင်ဗျားတို့ ကျွန်တော့လောက်မချမ်းသာသေးဘူး …………………………... အနတ္တကဗျာဆရာ သူတတ်တဲ့ ပညာနဲ့ စာဖတ်သူတွေကို ရသပေးတယ် ငါ့ကဗျာတွေ ကောင်းချင်မှကောင်းမယ် လန်းချင်မှလန်းမယ် စာဖတ်သူ ခံစားချက်ရသ တစ်ခုခုရသွားရင် ငါကျေနပ်တယ် အဲဒါ ငါ့ခံယူချက် ……………………………. ကဗျာဆရာရဲ့သွေးက အပြာရောင်ပဲ စာဖတ်သူကို မညာဘူး ၊ ခေတ်ကိုမညာဘူး အသွေးအသားကို မညာဘူး ၊ ဘ၀ကို ရောင့်ရဲခြင်း ထီးကလေးဆောင်းပြီး ကျေနပ်နေတတ်သူ အဲဒါ အနတ္တကဗျာဆရာ ………………………………..

ခေါင်းစဉ် စဉ်းစားမရတဲ့ ကဗျာ

.

တနေ့ကျရင် ကိုယ်အသည်းနှလုံးကို

မင်းပိုင်စိုးသွားမယ်ဆိုတာ

ကိုယ်သိနေတယ် ချစ်ရသူရယ်

မင်းတော်ပါပေတယ် ချစ်ရသူ၇ယ်

မျှားတစ်စင်း စစ်သည်တစ်ဂျိပ် မသုံးရပဲ

ကိုယ်နှလုံးသား မြို့ရိုး ခံတပ်ကို

မင်းဖောက်ဝင်သွားခဲ့တယ်

ဒါပေမဲ့ မင်းကတော့ ကိုယ်ကို

ရှူံးနိမ့်တဲ့ စစ်သည်သုံ့ပန်းတစ်ယောက်လို

ရှိတယ်လို့တောင် သဘောမထာ်းခဲ့ဘူး

ကိုယ်ကျေနပ်ခဲ့ပါတယ် ချစ်သူ

မင်းရဲ့အသည်းနှလုံးနန်းတော်တံခါး

ရှေ့မှာ မြေကြီးကို သလွန်လုပ်

ကောင်းကင်ကို အမိုး မိုးပြီး

မင်းတံခါးဖွင့်ပေးတဲ့အထိ မင်းအချစ်ကို

ကိုယ် ဒူးထောက်မျှော်လင့်နေပါ့မယ်

ရင်ထဲမှာတော့ မင်းအတွက်

အကောင်အထည်မပေါ်သေးတဲ့ ကိုယ်အိမ်မက်တွေ

မတီးခတ် ရသေးတဲ့ ကိုယ်ဂီတသံစဉ်တွေ

မသီဆိုရသေးတဲ့ ကိုယ်တေးသံတွေ က

ကိုယ်နှလုံးသား စောင်းကြိုးမှာ တွဲခိုလို့

မင်းကို ဖျော်ဖြေဖို့ အသင့်ကြိုနေတယ်

ဆိုတာ မင်းလေးသိစေချင်တယ်

ချစ်ရသူရယ်

ခေါင်းစဉ်မဲ့ နောင်တ

.

ကိုယ်တို့နှစ်ယောက် ကြားမှာအချစ်ကို

ကစားစ၇ာ လုပ်တာမဟုတ်ပါဘူး ကောင်မလေး၇ယ်။

အော်မြည်နေတဲ့ မုန်တိုင်း ညတွေက ကိုယ်အပေါ် မကြာခဏ

ကျေ၇ာက်လာပြီး ကိုယ်မီးအိမ်လေးကို ငြိမ်းပစ်ခဲ့တယ်။

မဲမှောင်တဲ့ သံသယတွေဟာ ကိုယ်ကောင်းကင်က လင်းလက်နေတဲ့

ကြယ်ပွင့်တွေကို ဖုံးအုပ်ဝါးမျို သွားခဲ့တယ်။

ငိုညည်းသံ နဲ့ စိတ်ပျက်သံဟာ ကိုယ်ကောင်းကင်ကို

ဟိုဘက် ဒီဘက်နှစ်ခြမ်း ဟက်တက် ကွဲသွားစေခဲ့တယ်

ဒီအကြောင်းတွေ ကိုပြန်တွေးမိတော့

မင်၇ဲ့ အချစ်တွေထဲမှာ သေခြင်းတ၇ားရဲ့ အေးစက်တဲ့

ဥပေက္ခာတ၇ားမ၇ှိပဲ လေးနက်တဲ့ ဝေဒနာအချစ်ဒဏ်ချက်တွေ

၇ှိတယ်ဆိုတာ သိလိုက်၇ပေမဲ့ ကိုယ်အ၇မ်း

အသိနောက်ကျခဲ့ပါပြီး။ ကိုယ်ကို ခွင့်လွတ်ပါတော့ ကောင်မလေး၇ယ်။

နေ့တွေညတွေ သေတဲ့အချိန်

.

နှလုံးသားက တဖျတ်ဖျတ်နာလို့ ဦးနှောက်သွေးကြောက တဆတ်ဆတ် ခါလို့ အသိမဲ့အာရုံနဲ့ ငါမခိုင်းစေတဲ့ ငါခြေထောက်တွေက အလိုလိုရွှေ့လျှားရင်း ၀မ်းနည်းမှု မိုးပေါက်တွေက ပြင်းရှရှ ငါ့ကိုယ်ပေါ် ကျဆဲထိဆဲပါပဲ……….. မင်းအခါခါ လိမ်ခဲ့သမျှ အရူးတစ်ယောက်လို အခါခါယုံလို့ မင်းကန်းပစ်ခဲ့တဲ့ ငါ့မျက်လုံးတွေနဲ့ လမ်းမမြင်တော့တဲ့ ငါ့ရင်မှာ နင့်နင့်ထင့်ထင့် တစိမ့်စိမ့်စီးတဲ့ ၀မ်းနည်းမှု အဆိပ်တွေပြည့်လို့ ………….. " ကိုကို " တဲ့ ငါ့ကိုခေါ်တာမှ ဟုတ်ရဲ့လား မင်းခေါ်တဲ့ ကိုကိုထဲမှာ ငါက ဘယ်နှစ်ယောက်မြောက်ခဲ့ပါလိမ့် ငါမရှိတဲ့ မနက်ဖြန်မှာမင်းဘယ်နှစ်ယောက်များ

ထပ်ခေါ်ဦးမှာလဲ ကောင်မလေး …………………… သစ္စာတရား မေတ္တာတရား တဲ့…... လူတွေကပြောတယ် ရောင်ပြန်ဟပ်တယ်တဲ့ ဟားဟား ငါ့အတွက်တော့ အလင်းတစ်မှုံစာတောင် ပြန်မမြင်ခဲ့ရပါလား ………… ၀မ်းနည်းမှု အပိုင်းအစတွေနဲ့ ဖွဲသီခဲ့မိတဲ့ ဒီကဗျာ ဘယ်သူကို အရင်ဆုံး အသိအမှတ်ပြုခိုင်းရပါ့မလဲ ငါ့အရှေ့မှာ ချထားတဲ့ ဒီကဗျာ ငါ့မြင်ကွင်းမှာ ဝေတလှည့် ၀ါးတလှည့်နဲ့ ရီဝေဆဲပါပဲ ………………… သူငယ်ချင်းတစ်ယောက်ကပြောတယ် " နင်ဒီလောက် ကြေကွဲမနေနဲ့ မတန်ဘူးတဲ့ " ဟုတ်တယ် မတန်ခဲ့ဘူး ငါမကြေကွဲဘူး ဒါပေမဲ့ မချင့်မရဲလေးတော့ ၀မ်းနည်းမိတယ် ………………

ကာရံမဲ့ အလွမ်း

. အမှတ်တရတွေနဲ့

အမှတ်ရနေအောင်လုပ်ခဲ့ပြီးမှ

မင်းကိုသိပ်ချစ်ခဲ့တဲ့ ငါ့နှလုံးသားထဲ

ချွန်မြနေတဲ့ စကားလုံးဓားတစ်လက်

သပ်လျွှိုထိုးသွင်းသွားပုံက

မင်းသိပ်တော်လွန်းပါတယ်.......

မပြီးဆုံးသေးတဲ့ သက္ကရာဇ်တွေထဲ

မင်းကို ငါလွမ်းတဲ့ရက်တွေက

တစ်နေတစ်ရွတ် ဆုတ်ခဲ့တဲ့

ရွတ်ဆုတ် ပြက္ခဒိန်တောင်

ခုဆို ၁၅၆ ရွတ်ပြည့်ခဲ့ပြီးလေ.......

မင်းယုံပါ့မလား

မင်းကိုလွမ်းတဲ့စိတ်နဲ့ ကျောင်းတော်ကြီးထဲမှာ

မင်းခြေရာတွေ့မလားလို့ ခေါင်းငုံရှာခဲ့တဲ့ငါ့ကို

အဓိပတိလမ်းမကတောင် လှောင်ရီလို့ပေါ့..

မင်းကိုတမ်းတတဲ့စိတ်နဲ့ ကျောင်းတော်ကြီးထဲမှာ

မင်းအရိပ်ကလေးများတွေ့မလားလို့ လိုက်ရှာခဲ့တဲ့ငါ့ကို

ဂျပ်ဆင်ကတောင် ဟားတိုက်လို့ပေါ့.......

တို့နှစ်ယောက်သွားဖူးခဲ့တဲ့

အင်းယားကန်ဘောင်ပေါ်မှာ

ဂစ်တာကိုတီး သီချင်းဆိုမိတဲ့အခါတိုင်း

မင်းကိုလွမ်းမိတဲ့ ငါ့နှလုံးသားရင်ခုံသံတွေတောင်

ခုထိ အတိုအရှည်မညီဆဲပါပဲလေ.......

မျက်ရည်မဲ့ ရင်ခွင်.......

.

နှင်းခတဲ့ ဆောင်းတစ်ည

ချမ်းအေးတဲ့ ဒီဟေမာန်

မြစ်ပြင်ကျယ် ဘယ်လိုပင်

အေးခဲသော်လည်း

ကိုယ်ရင်ခွင် အပူမီးကိုလ

အံတုလို နိုင်မယ်မထင်.....

မှောင်လွန်းတဲ့ ဆောင်တစ်ည

လမိုက်ကာ လင်းရောင်ပျောက်တယ်

နက္ခတ်မဲ့ ဒီရင်ခွင်

မျှော်လင့်ကာ စောင့်စားမှ

လမ်းပြမယ့် လမင်းငယ်

မင်းဘယ်ရောက်နေပါ့....

နွေးထွေးစွာ ဆုပ်ကိုင်ပေးထားမယ်လို့

ကမ်းလင့်သော မောင်လက်ဖ၀ါးတွေကိုဖြင့်

လှမ်းလင့်လို့ ခင်မယူငင်

မတွယ်ငင် ခင်လေးငြင်းလေတော့

ပျက်ကြွေပေါ့ မောင့်ဘ၀အစဉ်...

မကြင်သူ ခင်ကိုမှ

ချစ်မိတဲ့ ဒီနှလုံးသား

ရှုံးမှာကို ကြိုသိလျှက်နှင့်

မျက်စိကို စုံမှိတ်ကာ

ရူးမိုက်စွာ စွဲလမ်းပြီး

အံကြိတ်ကာ လည်စင်းခံခဲ့

မျက်ရည်မဲ့ ရင်ခွင်...

သြော်........

မျက်ရည်မဲ့ ရင်ခွင်...

အဆုံးအစမရှိတဲ့ လွမ်းဆွတ်ခြင်း

.

မင်းနဲ့ဝေးရပြီးလို့ ကိုယ့်ဦးနှောက်က

နာကျင်စွာ လက်ခံလိုက်ရချိန်

နှလုံးသားကတော့ လက်မခံနိုင်လောက်အောင်

ခါးသီးစွာ ငြင်းဆန်နေခဲ့တယ်...

မင်းနဲ့နီးရဖို မြားနတ်မောင်ကို အားကိုးမိခါမှ

သူပစ်တဲ့မြှားတစ်ချက်မှမထိ လွဲနေတာချည်းကတော့

ငါ့ဘ၀ရဲ့ ဆိုးလိုက်တဲ့ကံတရားလားကွာ...

ကြေကွဲစွာ ရူးမတတ်ဖြစ်ခဲ့တဲ့ ငါ့ဘဝ

နာကျင်မှုဆိုတာ ဘာလဲလိုမေးရလောက်အောင်ကို

နှလုံးသာက ဒဏ်ရာတွေနဲ့ ထုံကျင်နေခဲ့တယ်...

အဆုံးအစမရှိတဲ့ လွမ်းဆွတ်ခြင်းက

အဆိပ်ရှိတဲ့ ဆူးတစ်ချောင်းလို

ငါရင်ထဲမှာ စူးစူးနစ်နစ်ဝင်နေတာက

နှလုံးသားကို တဆစ်ဆစ်နာကျင်နေစေတယ်

အဲဒီနာကျင်မှု ကျန်ရစ်ဖူးသူသာသိမှာပါ

သြော်........

ကျန်ရစ်ဖူးသူသာသိမှာပါ..

သက်ထား

.

သံယောဇဉ် နှင့်တည်ထား

နှလုံးသား ဖြင့်ဖွဲဆောင်

ချည်နှောင်သည့် ဤကြိုး

မြတ်နိုးနေမှန်းမသိ

ချစ်နေသည့် စိတ်များ

နှလုံးသားက နားမလည်ခဲ့

ရင့်သန်ခဲ့ ချစ်စိတ်တွေ

တိုးတိတ်စွာ အိပ်နေသမျှ

နှလုံးသားက သိစဉ်

အလွန်ပင်နောက်ကျ

နောင်တဖြင့် ၀မ်းနည်း

သောကတွေ ကျန်ရစ်ခဲ့လေသမျှ

သြော်.........

ကိုယ်သက်ထား မသိစေချင်............

တနေမှာ ပွင့်လန်းလာလိမ့်မယ်လို့

မျှော်လင့်ရင်း စောင့်စားမှူ့တွေနဲ့

ကိုယ့်အချစ်တွေ ရှင်သန်ခဲ့လေသမျှ

ရက်များစွာ ကြာညောင်းခဲ့သော်လည်း

လွမ်းစေရာ အဖြစ်များသာပဲ

ကြေကွဲကာ ဝေဒနာများစွာဖြင့်

ရင်ထဲမှာ နှလုံးသားတွေကြွေကာသွားလေတော့...........

မြတ်နိုးစွာ ချစ်နေတတ်ပါရဲ့ ကိုယ်ရဲ့ရင်မှာ

ကြေကွဲမှာ ကြိုသိခဲ့ပေမဲ့လည်း

တနေ့မှာ သူ့လက်တွေကမ်းလာလိမ့်မယ်လို့

မျှော်လင့်ကာတမ်းတခဲ့လေသမျှ

သြော်......(အခုတော့)

ကိုယ့်သက်ထား တကယ်စိမ်းရက်ခဲ့ပြီးပေါ့...............

မင်းသင်ပေးခဲ့တဲ့ အလွမ်း

.

ကောင်မလေးေ၇

ငါ့ဘေးနာမှာမင်းမရှိတော့

အဖော်မဲ့ အထီးကျန်စွာ

အနာဂတ်လမ်းမပေါ်

ငါတစ်ယောက်တည်း

လျှောက်လှမ်းနေတဲ့အချိန်

မျက်နှာပြင်ပေါ်ဖြတ်တိုက်

ငါ့ကိုနမ်းရှိုက်ဆော့ကစားသွားတဲ့

လေပြေတွေကတောင်

ရင်ထဲက အပူအလွမ်းလေးကို

ပြင်းပြင်းပြပြ ခံစားစေရတယ်

ကောင်မလေးရယ် မင်းသိခဲ့ရဲ့ လား

တချိန်တုန်းက ငါမခံစားတတ်ခဲ့တဲ့အလွမ်းတွေကို

အခု အချိန်တိုင်း ခံစားတတ် လွမ်းတတ်လာအောင်

မင်း သင်ပေးသွားခဲ့ ပြီပေါ့ ကောင်မလေးရယ်

နှလုံးသားတွေ ကွဲအက်

နှလုံးသွေးတွေ ခန်းခြောက်

သည်းခြေပြတ် အရူးတစ်ယောက်လို

ဖြစ်သွားတာတောင်

မင်းသင်ပေးခဲ့တဲ့ အလွမ်းတွေ ကို

ကိုယ်ထာဝရ ထွေးပိုက်ထားမှာပါ

အလှချင်းရယ် မှီနိင်ပါ့

.

ချမ်းအေးကြည်လင်တဲ့ ညကလေးမှာ

ကောင်းကင်က ကြယ်ကလေးတွေ

ဘယ်လိုပင် တောက်ပ တောက်ပ

ငါ့ရင်ထဲက မင်းကလေးရဲ့

မျက်ဝန်းကိုတော့ ဘယ်မှီနိုင်ပါ့

ချမ်းအေးကြည်လင်တဲ့ ညကလေးမှာ

ကောင်းကင်ပေါ်က လမင်းလေး

ဘယ်လိုပင် လှပ လှပ

ငါ့ရင်ထဲက မင်းကလေးရဲ့

အလှတရားကိုတော့ ဘယ်မှီနိုင်ပါ့

နန်းထိုက်ရယ်တဲ့တော်ဝင် မြတ်ပန်းသဇင်က

ဘယ်လိုပင် တင့်တယ် တင့်တယ်

ငါ့ရင်ထဲက မင်းကလေးရဲ့

မဟာဆန်တဲ့ တင့်တယ်မှူကို ဘယ်မှီနိုင်ပါ့

စံပယ်ကလေးက သင်းထုံလှိုင်ကာ

ဘယ်လိုပင် မွေးကြိုင် မွေးကြိုင်

ငါ့ရင်ထဲက မင်းကလေးရဲ့

သင်းပျံ့ ထုံးမွေးတဲ့

ကိုယ်သင်းရနံ့ ကိုတော့ ဘယ်မှီနိုင်ပါ့

ပုရိသယောင်္ကျား မင်းမြတ်တွေ မင်းကလေးကို

ဘယ်လိုပင် ချစ်တယ် ပြောပြော

ငါ့ရင်ထဲက မင်းကလေးကို

ချစ်တဲ့ အချစ်ကို ဘယ်မှီနိုင်ပါ့

ကောင်မလေးရယ်

တိတ်တခိုးအချစ်

မင်းကိုပြောရမယ့် အလေးနက်ဆုံး

စကားတွေကို ပြောချင်နေတာကြာလှပြီးကွယ်

ဒါပေမဲ့ မင်းရယ်မှာစိုးလို့ ကိုယ်မပြောဖြစ်ခဲ့ဘူး

ဒါကြောင့်မို့ကိုယ့်ကိုယ် ကိုပြန်ရယ်ပြီးလျိုဝှက်ချက်ကို

လှောင်စရာတခုအနေနဲ့ ဖျောက်ဖျက်ပစ်ထားခဲ့တာပါ

မင်းကိုပြောစရာရှိတဲ့ အမှန်ကန်ဆုံးစကားတွေကို

ပြောချင်နေတာကြာပြီးကွယ် ဒါပေမဲ့ မင်းမယုံမှာစိုး၇ိမ်တယ်

ဒါကြောင့်မို့ဒီစကားတွေကို မုသားအဖြစ်ဟန်ဆောင်

ကိုယ်ဝေဒနာကို ၇ယ်စ၇ာဖြစ်အောင်လုပ်ပြီး

မင်းကို ပျော်ရွင်အောင် ကိုယ်ဖျော်ဖြေခဲ့တာပါ

မင်း မယုံမှာ စိုး၇ိမ်လို့ပေါ့ ကောင်မလေး၇ယ်

မင်းကိုပြောစရာ၇ှိတဲ့ အဖိုးတန်ဆုံး စကားတွေကို

ပြောချင်နေတာကြာပြီပေါ့ကွယ်

ဒါပေမဲ့ တန်ရာတန်ဖိုး ပြန်မ၇မှာ

စိုး၇ိမ်ကြောက်ရွံ့လွန်းလို့

မပြောဖြစ်ခဲ့တာပါ ကောင်မလေးရယ်

မင်းဘေးမှာ တိတ်တိတ်လေး

ထိုင်နေခဲ့တာနှစ်ပေါင်း ကြာပြီးပေါ့ကွယ်

ဒါပေမဲ့ ကိုယ်နှလုံးသားထဲက

စကားတွေကို ထုတ်မပြောရဲခဲ့ပါဘူး

ဒါကြောင်မို့ အေ၇းမကြီးတဲ့ အသေးအဖွဲ

စကားတွေကို လျှောက်ပြောပြီး

ကိုယ်နှလုံးသားကို စကားလုံးတွေရဲ့

နောက်မှာ ဖုံးကွယ်ထားခဲ့တယ်

ကိုယ် ဝေဒနာကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ခဲ့တယ်

မင်း စိတ်ညစ်မှာ စိုး၇ိမ်လို့ပေါ့ကွယ်

မင်းပြောတဲ့ စကားလုံးတွေ နဲ့

မင်း မျက်ဝန်းအကြည့်တွေ ရဲ့

ထိုးနက်ချက်ဟာ ကိုယ်ဝေဒနာကို

အမြဲအသစ်ဖြစ်စေခဲ့တယ် ကောင်မလေးရယ်

သူငယ်ချင်း

မင်း အသည်းနှလုံးရဲ့လျို့ဝှက်ချက်ကို ဖုံးကွယ်မထားပါနဲ့ သူငယ်ချင်းရယ် ကိုယ်ကို...ကိုယ့်တစ်ယောက်တည်းကို တိတ်တိတ်လေး ပြောပြပါလားကွယ်...... ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ချိုချိုသာသာ ပြုံးတတ်သူလေးရယ် မင်းပြောမဲ့နှလုံးသားထဲက စကားတွေကို ကိုယ်နားတွေနဲ့ မဟုတ်ပဲ ကိုယ်အသည်းနှလုံးနဲ့ နားထောင်ပေးမှာပါ သူငယ်ချင်းလေးရယ်......... အချစ်ဆိုတာ သောကတွေပဲ ယူဆောင်လာတယ်လို့ မင်းထင်နေသလားကွယ် အချစ်ဆိုတာ သုခတွေကိုလည်း ယူဆောင်လာပေးတယ်ဆိုတာ မင်းယုံအောင် ကိုယ်သက်သေပြချင်ပါတယ်ကွယ် အချစ်ကို ယုံကြည်သင့်ပါတယ် အချစ်မှာအပြစ်မရှိပါဘူကွယ် အချစ်ကို ကစားတဲ့သူတွေသာမယုံသင့်တာပါ သူငယ်ချင်းလေးရယ်......... နှလုံးသား အချစ်ဆိုတာ မျက်၇ည်တစ်စက် လင်္ကာတပုဒ်နဲ့ တူတဲ့ ပေးဆပ်ရမယ့် ခါးသီးခြင်း အရာလို့ မင်းထင်နေခဲ့ရင် နှလုံးသား အချစ်ဆိုတာ ပျားရည်တစ်စက် ကဗျာတပုဒ်နဲ့ တူတဲ့ ရယူရမယ့် ချိုမြိန်ခြင်း အရာလို့ မင်းထင်အောင် ကိုယ်သက်သေပြချင်ပါတယ် သူငယ်ချင်းလေးရယ်........ အဆုံးအစမရှိတဲ့ ကိုယ်ရဲ့အိမ်မက်တွေထဲမှာ အမြဲစိုမိုးထားသူလေးရယ် မင်းဟာကိုယ်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပုလဲရတနာတစ်ပါး ပါပဲကွယ် မင်းနှလုံးသားထဲက လျို့ဝှက်ချက်ကို ကိုယ့်ကို ပြောပြပေးပါတော့ သူငယ်ချင်းလေးရယ်........

ချစ်ခြင်းကမ်းခြေ

အချစ်ရယ် မင်းရဲ့မာယာတွေကို ဘေးချပြီး ကိုယ့်ကိုပွေ့ဖက်ဖို့ မင်းရဲ့နှလုံးသားကို အနားပေးလိုက်ပါတော့ မင်းရဲ့အထိအတွေ့ဟာ အရည်ပျော်နေတဲ့ ကိုယ်နှလုံးသားကို ခန္တကိုယ်ရဲ့ အစွန်အဖျားကိုရောက်အောင် ပို့လိုက်ပါတော့။ အို..... ခေါင်းငုံထားပြီး မျက်နှာကို လွဲမသွားနဲ့လေ အဖူးအငုံ တစ်ခုထဲမှာ ကြာရှည်ပိတ်လှောင်ထားတဲ့ ရနံ့နဲ့ တူတဲ့အနမ်းတခုကို ကိုယ့်ကိုပေးပါလားကွယ် ။

ဘာမဟုတ်တဲ့ စကားလုံးတွေအောက်မှာ တန်ဖိုးရှိတဲ့ ဒီအချိန်လေးကို ပျောက်ဆုံးမသွားစေချင်ဘူးကွယ် ဒီအချိန်လေးဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုယ်နှလုံးသားကို တုန်လှူပ်စေပြီး ကြည်နူးမှူတွေနဲ့ ပြည့်နေတဲ့ ကိုယ်အတွေး တွေကို အေးချမ်းသာယာ လှပတဲ့ ကမ်းခြေတစ်ခုဆီကို သယ်ဆောင်သွားစေချင်တယ်။

လမ်းခွဲ

ကိုယ်သွားတော့မယ့်လို့ သူကို ကိုယ်ပြောတော့

သူက စကားတစ်ခွန်းတောင်ပြန်မပြောခဲ့ဖူး

ဒါပေမဲ့ သူ တုန်တုန်ယင်ယင် ဖြစ်နေပုံကိုကြည့်ပြီး

“ ဟင်အင်း...မသွားနဲ့ဦး ကိုယ်၇ယ် ” လို့

သူမျက်ဝန်း ထဲမှာပြောနေသယောင် ကိုယ်ထင်မိတယ်။

ကျွန်တော်သွားတော့မယ်ဆိုတော့ သူရဲ့တောင်းပန်တဲ့

ပျော့ပျောင်းသွယ်လျတဲ့ လက်တွေ ကိုယ်ကို လာထိတဲ့အခါမှာ

ဒီလက်တွေကနေ သူရင်ထဲကတောင်းပန်သံ တွေကို

ကြားးနေရတယ်လို့ ကိုယ် ထင်နေမိတယ်

ဒီအချိန်မှာ သူက “ မသွားပါနဲ့ ကိုယ်ရယ်”လို့

တစ်ခွန်းလောက်ပြောခဲ့၇င် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို

ပြင်မိမှာ အသေအချာပါပဲ ဒါပေမဲ့ သူမပြောခဲ့ဘူး

သူ့ ခေါ်သံကို ကိုယ်စောင့်နေပေမယ် သူမခေါ်ခဲ့ဘူး

ကိုယ် ၀မ်းနည်းကြေကွဲစွာနဲ့ ကျောခိုင်းထွတ်ခဲ့ ၇တယ်

ကိုယ် ကြေကွဲသလို သူလည်း ကြေကွဲ နေလိမ့်မယ် လို့...................

အချစ်ဦး

.

ကောင်မလေးရယ်

မင်းက ငါ့ရဲ့နှလုံးသားထဲကို

ငါသတိမထားမိတဲ့ အချိန်မှာ

တံခါးမခေါက်ပဲ ၀င်ရောက်ခဲ့သူပါ။

မင်းကို ငါသတိထားမိတဲအချိန်မှာ

မင်းပြန်ထွတ်သွားမှာကို

ရူးမတတ် ကြောက်ရွံ့ခံစားမိတယ်။

မင်းနဲ့ပက်သက်လာရင်

မျှော်လင့်ချက်တွေလည်း

သစ်ရွှတ်တွေလိုပဲ

တဖွဲဖွဲကြွေကျတတ်လွန်းတော့

လေပြည်လေညှင်း တိုက်ခတ်မှာကိုတောင်

ငါကြောက်ရွံ့နေမိတယ်။

မင်းနဲ့ပက်သက်ရင်ငါဟာ

အချစ်ဦးမို့ မချစ်ဖူးလို့ ရူးတော့မယ်”

ကောင်မလေးရယ်။

မာယာမရှိတဲ့ အချစ်

အချစ်ရယ်

မင်းရဲ့ချစ်ခင်ချိုမြိန်စရာကောင်းတဲ့

အနှောင်အဖွဲ့တွေက

ကိုယ်ကိုလွတ်ပေးပါတော့ကွယ် ။

မူးယစ်ရီဝေစေတဲ့အနမးတွေလည်း

ထပ်မတိုက်ကျွေးပါနဲ့တော့ကွယ်

မင်းရဲ့ စွဲမက်အောင် ခြယ်သထားတဲ့

နံသာအခိုးအငွေ့တွေကလည်း

ကိုယ်နှလုံးသားကို မွန်းကျပ်စေခဲ့ပြီးကွယ်။

မင်းရဲ့မာယာနှောင်ကြိုးတွေကနေ

ကိုယ့်ကလွတ်ပေးပါတော့ကွယ်။

ကိုယ်ရဲ့ နှလုံးသားကို မင်းရဲ့မာယာတွေနဲ့ မထုံလွမ်းစေခြင်ဘူး။

မင်းကို မာယာတွေနဲ့ရစ်ပတ်ခြင်းမရှိတဲ့

ကိုယ်ရဲ့ ဖြူစင်တဲ့နှလုံးသား နဲ့ပဲ ချစ်ချင်ပါတယ်။

ကိုယ်ကို မင်းရဲ့ မာယာတွေကနေ

လွတ်ပေးပါတော့ကွယ်။

ကြေကွဲခြင်းရဲ့ဒိုင်ယာရီ

.

ငါ့ရဲ့ မလိမ်မိုး မလိမ်မာ အိမ်မက်တွ

ညတိုင်း မင်းမျက်နှာလေးကိုပဲ

ပြေးပြေးကြည့်နေခဲ့တယ် . . . . . .

ဆုံဆည်းခွင့်ရတဲ့ အဖြစ်ဟာ

တကယ်တော့ ဘာမှ မထူးဆန်းခဲ့ဘူး . . . . .

မထူးဆန်းတဲ့ မထူးဆန်းတာ ကိုပဲ

နှလုံးသားထဲ ငါ အကျဉ်းချထားခဲ့တယ် . . . . . .

ကံမကြုံလို့ မဆုံဆည်းခဲ့ ရရင်တောင်

မင်းရဲမျက်နှာလေးကို

တဘ၀စာသိမ်းထားဖို့ အတွက်

တခဏတာ ကြည့်ခွင့်လေးတော့

အခွင့်အရေး ပေးခဲ့ပါ။

သတိရတဲ့အခါ နှလုံးသားထဲက

မကြာခဏ ထုတ်ကြည့်ခွင့်ရချင်လို့ပါ။

လူကြည့်အများဆုံး စာတိုပေစများ