Wednesday, September 25, 2013

လမ်းဆုံး



သူမက ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ တံလျှပ်ထနေတဲ့ ကိုယ့်ဘ၀ထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့ ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့ တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ . . . တညနေ မှာပဲ
အိပ်မက်ကို ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို မှုတ်ငြိမ်းခဲ့ကြပေါ့ ။

ဘယ်လို အငြိုးမျိုးနဲ့
ပန်းတွေကို အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘ၀က မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့ လမ်းဆိုရင်တောင်
အဲ့ဒီ အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။

လမ်းဆုံး
အဆုံးမရှိတဲ့ လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့ ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည် ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန် ချုပ်ခဲ့ကြပေါ့ ။

ချစ်ရက်နဲ့ လမ်းခွဲခဲ့တာလား
လခြမ်းကို မြင်လို့
ကြယ်မှုံကို ထားခဲ့တာလား
မီးပွင့်မတတ် ခါးထောက်ပြီး
ငါ့အပြစ်လို့ ဆိုမှတော့
ကောင်မလေးရေ . . .
တစ်ယောက် တစ်ကမ္ဘာစီပဲ
. . . . . 
ကြေကွဲ လိုက်ကြရုံပေါ့ ။

လင်းခေတ်ဒီနို ( 24.9.13 )


Sunday, September 1, 2013

We United We Blog ( 3108 DAY )



ကျွန်တော် Blogger တစ်ယောက် ဖြစ်လာတာက ၂၀၀၇ နှစ်ကုန်လောက်မှာပါ ။ ပထမဦးဆုံး ဘလော်ဂါ မဖြစ်ခင် ၂၀၀၆ လောက်က Multi Social Site  တစ်ခုဖြစ်တဲ့ Mysuboo.com မှာ ကျွန်တော် စတင်ပြီး စာဖတ်သူ တစ်ဦး အဖြစ် စတင်ခဲ့တာပါ ။ ၂၀၀၇ လောက်မှာ စာတွေ စရေးခဲ့ပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော် Blog ဆိုတာကို မသိသေးပါဘူး ။ Multi Social Site တွေမှာပဲ စာရေး စာဖတ်ရင်းနဲ့ Online Writer အဖြစ် စတင်ခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်တို့ လူငယ်တွေကြားမှာ Planet တို့ Mysuboo တို့ဆိုတာ တော်တော် ခေတ်စားခဲ့တဲ့ အချိန်ပါ ။ ဒီလိုနဲ့ Mysuboo socail network ထဲမှာ သူရဿဝါ  တို့နဲ့ စပြီး ခင်မင်ရင်း ၊ ၂၀၀၇ နှစ်ကုန်လောက်မှာ သူရဿဝါ နဲ့ ဇာတိ တို့က Blog လုပ်ကြမယ် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Page လေး တစ်ခု တည်ဆောက်ကြမယ် ဆိုတော့ ကျွန်တော်ပါ  Blog တစ်ခု စတင်လုပ်ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် မှတ်မိပါသေးတယ်  ကျွန်တော် Blog စတင်လုပ် တုန်းကဆိုရင် Blogger ဦးရေ သိပ်မရှိသေးဘူး ။ မှတ်မိသလောက် အယောက် ၁၀၀ မကျော်သေးတာတော့ အမှန်ပဲ ။

ကိုရန်အောင်တို့ ၊ မန္တလေးက ကိုမောင်လှတို့ ၊ နောက်ပြီး စေတန်ဂေါ့ တို့ဆိုတာ ကျွန်တော် ဘလော့ စလုပ်ချိန်မှာ Template ပြင်ဆင်ဖို့ နည်းပညာ အကူအညီရယူခဲ့ရတဲ့ သူတွေပါ ။ နောက်ပြီး မလေးအိမ့်ချမ်းမြေ့ ၊ ကိုညီလင်းဆက် ၊ ကိုနေဘုန်းလတ် ၊ မမေဓာဝီ ၊  မပင့်ဂိုး ၊ မဘာညာကွိကွိ ၊ ကိုမင်းယွန်းသစ် ၊ ကိုဖိုးသူတော် ၊ ကိုမျက်လုံး ၊ ကိုစိုးဇေယျာထွန်း ၊ သူတို့တွေကတော့ ကျွန်တော့်ထက် စီနီယာကျတဲ့  Blogger တွေပါ ။ အဲ့ဒီထဲက ကိုနေဘုန်းလတ် ရဲ့ Blogger နဲ့ Chatter ဆိုတဲ့ ပို့စ်လေးက ကျွန်တော့် ဘလော်ဂါ ဘဝမှာ အမှတ်တရ အရှိဆုံးနဲ့ ဘလော်ဂါ တစ်ဦးရဲ့ လမ်းကြောင်းမှန်ကို ရောက်အောင် တွန်းပို့ပေးတဲ့ ပို့စ်လေး ဆိုလည်း မမှားခဲ့ပါဘူး ။ Blogger ဆိုတာ ကိုယ်ရေးတဲ့ အမှားအမှန်ကို တာဝန်ယူရဲရမယ် ဆိုတဲ့ စိတ် ၊ Chatter ဆိုတာ ထက်ကို ပိုပြီး တာဝန်ကြီးမားတယ် ဆိုတဲ့ စိတ်လေးကို အဲ့ဒီပို့စ်လေးကနေ သင်ပေးခဲ့တာပါ ။

ဒီလိုနဲ့ ၂၀၀၉ လောက်မှာ Blog တွေ တော်တော်များများကို ပေါ်လာကြပါတယ် ။ ထာဝရကြယ်စင် မိုးခါး ၊ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ကိုချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန် ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။

၂၀၁၀ ကျတော့ လိုက်မဖတ် နိုင်အောင်ပါပဲ ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို ၊ အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် ၊ မြရေလျဉ် ၊ မောင်မျိုး ၊ မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ဒီလိုနဲ့ပဲ အဲ့ဒီအချိန် တုန်းက Blogger ဘ၀ ဆိုတာ အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ် ။ ပို့စ်တစ်ပုဒ်မှာ Commend တွေက မရှိဘူးဆိုရင် အနည်းဆုံး ၂၀ လောက်ကတော့ အနည်းဆုံးပါပဲ ။

၂၀၁၁ လောက်ကျတော့ FB ကို လူသုံးများလာတဲ့အချိန်မှာ Blogging တဲ့ လူဦးရေ တဖြည်းဖြည်း ကျဆင်းလာ တော့တာပဲ ။ ဒါဟာ FB ရဲ့ အစစ အရာရာ အားသာချက်တွေကြောင့်ဆိုရင် ငြင်းမရတဲ့ အချက်ပါ ။ ဒါပေမဲ့ ကျွန်တော်ဟာ Facebooker တစ်ဦးထက် စာရင် Blogger တစ်ဦး အဖြစ်ကို ယနေ့ ထိ တန်ဖိုးထားတုန်းပါ ။ အရင်ကလောက် Blog post တွေ မရေးနိုင်တော့ပေမယ့် ၊ အချိန်ရရင် ရသလို ရေးသားနေတုန်းပါ ။ 

ကျွန်တော် အနေနဲ့ FB ကို မြစ်တစ်စင်းရဲ့ ရေပြင်ပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လို့ တင်စားမယ်ဆိုရင် Blog ကို ကင်းဘတ်စပေါ်  ရေးချယ်နေတဲ့ ဆီဆေး ပန်ချီကားတစ်ချပ်လို့ တင်စားချင်တယ် ။ FB ဟာ မြစ်တစ်စင်းပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လိုပဲ ၊ အချိန်ကာလ ရွှေ့လျားနေတာနဲ့ အမျှ ၊ ရေးသမျှ အချိန်ပိုင်းအတွင်း ရေစီးနဲ့ မျောပါသွား သလို ပျောက်ကွယ်တာ မြန်လွန်းပါတယ် ။ Blog ကျတော့ အဲ့ဒီလို မဟုတ်ပြန်ဘူး ၊ ကင်းစဘတ်စပေါ်မှာ ရေးနေတဲ့ ဆီဆေး ပန်းချီကား တစ်ချပ်လိုပဲ ၊ ကိုယ်လှအောင် ချယ်မှုန်းနိုင်ရင် ချယ်မှုန်းနိုင်သလောက် ကိုယ့်ရဲ့ အနုပညာ ကို ထင်ဟပ်စေတယ် ။ သမိုင်းကို ကျန်ရစ်စေတယ် ။ ဒါကြောင့် Blog ဆိုတာကြီး ရှိနေသမျှတော့ Blogger ဆိုတာ ရှိနေဦးမယ်လို့ ထင်ပါတယ် ။ Blogger တို့ရဲ့ သမိုင်း မှတ်တိုင်တွေ ၊ အမှတ်တရတွေ ကျန်ရစ်နေဦးမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ် ။ 

လင်းခေတ်ဒီနို (ခ) ဗညားရှိန်
http://www.lynnkhitdeno.com

( အလုပ်မအားတဲ့ ကြားထဲကနေ ၊ တတ်နိုင်သမျှ  ရေးလိုက်ရတဲ့ ပို့စ်တစ်ခုမို့ ၊ ရှည်ရှည်မရေးနိုင်တာ အတွက်ရော ၊ အချက်အလက် အစုံအလင် မရေးသားနိုင်ခဲ့တာ အတွက်ရော ၊ ကျွန်တော် တောင်းပန်အပ်ပါတယ် ) 

လူကြည့်အများဆုံး စာတိုပေစများ