သူမ . . .
တစိတ်စိတ် တစိတ်စိတ်နဲ့
ကျုပ်အသည်းကို
ဗန်ဂိုးရဲ့ ပန်းရိုင်းတွေကြား ထားခဲ့တယ်
မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းဟာ
နေစင်္ကြာဝရာထဲက
နေတစ်စင်းလို
လတစ်စင်းလို . . .
ကြယ်တစ်စင်းလို . . .
ပါဖောလ်မန့် အမျိုးမျိုးနဲ့
လှုပ်ရှားနေတဲ့ နဂါးငွေ့တန်းတွေလို
ပျားပိတုန်းတစ်ကောင်ကို မြုဆွယ်နေတဲ့
နေရောင်ဆမ်းကာ ယိမ်းနွဲ့နေတဲ့ အရိုင်းပန်းတွေလို
ကျုပ်ကို အဆုံးအစမဲ့ တပ်မက်မှုနွံထဲ ဆွဲနှစ်ချသွားတယ် ။
ကျုပ် . .
ပြောစရာ စကာလုံး မရှိခဲ့ဘူး
စွဲလမ်းမှုကို ဖြတ်တောက်ဖို့
နှလုံးသား နဲ့ စိတ်ဆန္ဒ တစ်စုံကို
သဂြိုလ်တိုင်းလည်း
အကြိမ်ကြိမ် ပြန်ရှင်သန်နေတယ် ။
ကျောခိုင်း လှည့်ထွက်သွားတဲ့ သဏ္ဍာန်တစ်ခုဟာ
ပက်ဘလို နဗားဒါးရဲ့ The lady shade ပန်းချီကားလို
ဝေးသွားလိုက် . . . နီးသွားလိုက် . . .
မှုန်သွားလိုက် . . . ဝါးသွားလိုက်နဲ့ . . .
နေခင်းကြောင်တောင် တစ္ဆေခြောက်ခံလိုက်ရတယ် ။
သူမဟာ မိုးကောင်းကင်နဲ့ မတူတဲ့
ကျုပ်ရဲ့ မိုးကောင်ကင်ပါ ။
ကိုယ့်ဆန္ဒ ကိုယ်မြိုချလိုက်တယ်
. . . . . .
ဆိုဖီယာ . .
. . . . . .
နံရံလေးတစ်ချပ် ကာရုံလောက်နဲ့
ကျုပ်ကို ချန်ခဲ့ဖို့ လုံလောက်တယ် မဟုတ်လား ။
ဗီလိန်တစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းဟာ
တစ်ခန်းရပ်ပြဇာတ် သာသာပါပဲ ။
ခွင့်လွတ်ပါ ဆိုဖီယာ . . .
မင်း ကျုပ်ဆီက ထွက်သွားတဲ့အခါ
ဗန်ဂိုးရဲ့ နှင်းဆီတယောကို
အလွမ်းတစ်ပုဒ်စာလောက် ဖြစ်ဖြစ်
ကျုပ်ကို တီးခတ်ခွင့်ပြုပါ ။
လင်းခေတ်ဒီနို ( 23.4.12 ၊ 8:50 AM )