ဒဿရဲ့ နှလုံးသားကို ခြယ်လှယ်ခွင့်ရလိုက်တဲ့
အချစ်ရဲ့ လက်ပါးစေလား . . . .
မျက်လုံး လှလှလေးတွေနဲ့
ငါ့ စိတ်ကို ပွတ်သပ် ဆော့ကစားနေလိုက်တာများ
အဲ့ဒီ တဒင်္ဂကို
စိတ်ကူးယဉ်တွေလုပ်ပြီး
သက်တံပေါ် ပစ်တင်ထားလိုက်တယ်
မင်း မျက်ဝန်းအလှတွေထဲမှာ
ငါ့ကိုယ်ငါ
တိုးတိုးလေး မှောင်လိုက် ချင်ပါရဲ့
တိုးတိုးလေး လင်းလိုက် ချင်ပါရဲ့ ။
သူမဟာ ကျွန်တော်ရဲ့
ကောင်းကင်ရေးတဲ့ ကြယ်
သူမဟာ ကျွန်တော်ရဲ့
တေးဆိုနေတဲ့ နှင်းဆီတံယော
သူမဟာ ကျွန်တော်ရဲ့
ကြယ်စုံတဲ့ ရာသီကို လင်းစေတဲ့ လခြမ်း
ဒီလိုနဲ့ပဲ
ကျွန်တော်ဟာ သူမရဲ့
ကဗျာကမ်းနဖူးမှာ
ယဉ်ယဉ်လေး ရူးနေခဲ့တဲ့ကောင် . . . ။
၁ နှစ် . . .
၂ နှစ် . . .
၃ နှစ် . . .
တစ်ခါတလေတော့လည်း
ချစ်ခြင်းလောကကြီးက
ကံကြမ္မာရဲ့ အမဲလိုက်ကောင်းတဲ့ ရာသီတစ်ခုလား . . . ။
ကိုယ့်ကိုယ်ကို
နမ်မီးဆစ် နတ်သမီးရဲ့ လက်ထဲ
အလျှော်အစားလုပ်လိုက် မိတယ် . . . ။
မိုးလင်းအောင် ငေးမိတဲ့ ကောင်းကင်မှာ
ကြယ်ရောင်မပါပဲ
တိမ်မည်းတွေအနောက် လိုက်ခဲ့မိပေါ့
မက်မက်မောမော မျှော်လင့်မိခဲ့တဲ့ လမင်းဟာ
သက္ကရာဇ်တွေထဲ ပြန်ဝင်သွားခဲ့တယ် ။
မိုးဖြိုင်းဖြိုင်းမည်း နေတဲ့ အောက်မှာ
တစ်ကိုယ်စာ
နွေခေါင်ခေါင် ဖြစ်နေတဲ့အထဲ
ကျိန်စာတစ်ခွင်လုံး မိုးစုန်စုန်ချုပ်မှတော့
လက်ကြားက နက္ခတ်မှာ
ကိုယ့်သေတမ်းစာ ကိုယ်ရေးလိုက်တယ်
ကိုယ့် အိပ်မက်တွေ
ကိုယ်ပြန်ခူးခဲ့ရတဲ့ နေ့ . . . ။
မြောက်ပြန်လေညှင်းမှာ
ကိုယ်သင်းရနံ့လေးနဲ့ ကြည်စယ်သွားတဲ့
နတ်ဆိုးမလေးရေ . . .
နွေတစ်မိုး ဆောင်းတစ်မိုးနဲ့
မိုးမမြင် လေမမြင် အိပ်မက်တွေကို
ကဗျာတွေနဲ့ပဲ ပြန်ခွါချနေရတယ်
နှင်းပန်းရိုင်းရိုင်းဟာ ခရမ်းလှိုင်းတွေနဲ့
မီးမြိုက်ခံရပေါ့ ။
အလင်းငွေ့ငွေ့ ကျန်နေသေးတဲ့ အခန်း
ပြတင်းပေါက် အပြင်ဘက်က နွားရိုင်းသွင်းချိန်
ဟိုးးးး ခပ်ဝေးဝေးက
အရွက်ကြွေစရာ မရှိတော့တဲ့ သစ်ခြောက်ပင်
ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
မွှန်းကြပ်မှုကို စုတ်ချက်တွေနဲ့ ရိုက်ထုတ်လိုက်တယ်
ငါ့မပါတဲ့ ငါ့စိတ်ဟာ
အလင်းသဲ့သဲ့မှာ
တစ်ယောက်တည်း မိုးချုပ်နေခဲ့တယ် ။
လင်းခေတ်ဒီနို (31.5.13)