Wednesday, January 29, 2014

ဒုက္ခကို ဇက်ကြိုးတပ်ပြီး ကျွန်တော် စီးထားတယ်

.
ဘဝမှာ
နာကျင်တာတွေ များလွန်းလာတော့
တွေ့သမျှ မျက်နှာတွေကို
အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို
ကြောက်ရွံ့တတ်လာတယ်

ကောင်းကင်ပေါ်က ခူးခူးပြီး သိမ်းထားတဲ့
" တစ်နေ့တော့ . ."  ဆိုတဲ့ စိတ်ကူးလေးတွေ
အမိမြေမှာမဟုတ်တဲ့  သူတွေအတွက်တော့
မိုးကုတ်စက်ဝိုင်း အဆုံးကို  လမ်းလျှောက် နေရသလိုပဲ

Return Date ဆိုတာ ကိုယ်ပိုင် အဘိဓာန်မှာ
အမေ့ခံထားရတဲ့ စကားလုံးပါ
ခြေတစ်ဖက် ကျွံထားပြီးမှတော့
နောက်တစ်ဖက် ကျွံသွားလည်း
ဒီနွံအိုင်ထဲမှာ ဘယ်သူမှ လာဆွဲမကူဘူး

အခန်းကျဉ်းထဲမှာ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
အပူတောထဲက ဘဝကို မျက်ရည်နဲ့ စိမ်ထားလိုက်တယ်

ခေါင်းရင်းနံရံပေါ်က အမေ့ရဲ့ ဓာတ်ပုံက ပြုံးနေတယ်လေ
မဟုတ်ဘူး . . ဒါဟာ လုံးဝမဟုတ်ဘူး . . .
အခန်းရဲ့ထောင့်တစ်နေရာမှာ အမေ မျက်ရည်ကျနေတာ
အမေရှိတဲ့အခန်းထောင့်ကို ကျွန်တော်သွားလိုက်တယ်
အမေနဲ့အတူ ကျွန်တော်မျက်ရည်တွေစီးကျလာတယ်

မနက်ဖြန် အော်ပရာစီ ဝင်မယ်တဲ့ အမေ
ကျွန်တော် ဖမ်းမိလို့ မဖြစ်ဘူး
ညီမလေးကို ကျောင်းထားရဦးမယ်
အမေ့ကို ခြံဝိုင်းလေး ပြန်ဝယ်ပေးရဦးမယ်
အံကို ပြန်ကြိတ်ရင်း
ဒီညကိုလည်း အိပ်မက်ဆိုးတွေနဲ့ အိပ်စက်ရဦးမယ်
ကယောင်ခြောက်ခြားပေါ့ 

ဘယ်ဓားသွားက ကိုယ့်ဗိုက်ကို ဓားအိမ်လာလုပ်မလဲ
အချိန်မရွေးဆိုတာအတွက်
သေတမ်းစာကို ခေါင်းအုံးအောက်မှာ ရေးထားပြီးသား
မျှော်လင့်ချက် ပျောက်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားတာပဲ
အရှေ့တံခါးခေါက်သံကြားရင်
အနောက်တံခါး ဂျက်ကိုဖြုတ်ဖို့
လက်တွေက အသင့်ပြင်ထားပြီးသား

ကိုယ်တွေက သေမင်းချောက်ကမ်းပါးမှာ
ခြေတစ်ဖက် တင်ထားတဲ့သူ
ကံကြမ္မာနဲ့ စိန်ပြေးတမ်း ကစားရတဲ့နေရာမှာ
အလောင်းအစားက  . . . ကိုယ့်ဘဝပဲ

ဒုက္ခကို ဇက်ကြိုးတပ်ပြီး ပြေးနေတဲ့လူတွေလေ
အိမ်ပြန်ချိန်ဆိုတာ 
ကိုယ်တွေအတွက်တော့
ခဏခဏ မီးသေနေတဲ့
ခပ်ပေါပေါ ဆေးပေါလိပ် တစ်လိပ်ပေါ့ . . . .

ဗညားရှိန် ( လင်းခေတ်ဒီနို ) ( ၂၉.၁.၁၄ )
.

လူကြည့်အများဆုံး စာတိုပေစများ