Saturday, April 10, 2010

အနတ္တကဗျာဆရာ

. မိုးတိမ်တွေက ငါ့စိတ်ကိုပြိုအောင်ညို့တယ် မိုးသံတွေက ငါနားတွေကို လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ထားပေးတယ် ။ စည်းစိမ်ဂုဏ် မက်သူတွေရဲ့ အထင်သေးတဲ့ စကားတွေရဲ့နောက်ကွယ်မှာ ငါ့လို ကဗျာဆရာတစ်ယောက်ရဲ့ ဘ၀ဟာ မိုးစိုလို့ ………………………….. ကဗျာဆရာလည်း လူထဲကလူတစ်ယောက် တခြားသူတွေထက် ဘာမှပိုမထူးသလို တခြားသူတွေလဲ သူ့ထက် ဘာမှပိုမထူးဘူး …………………………… သူရဿဝါက “ ကဗျာဆရာသည် သူရဲကောင်းတစ်ဦး ( သို့ ) ရူးရူးနှမ်းနှမ်း လူ့အနတ္တ တစ်ဦးဖြစ်သည် ” လို့ ဆိုတယ် မှန်လိုက်လေခြင်း ငါကတော့ သူရဲကောင်းတစ်ဦးဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့ သေချာတာက အနတ္တကဗျာဆရာတစ်ဦး …………………………. အနတ္တကဗျာဆရာ ဆန်အိုးထဲမှာ ဆန်မရှိ အိပ်ကပ်ထဲမှာ အကြွေးစားရင်းတွေ တစ်လတစ်လ ထပ်လို့ လူချမ်းသာတွေ အထင်မကြီးပေမဲ့ ကဗျာထဲမှာပျော်ရင်း ကဗျာရေးနေရတဲ့ စိတ်ချမ်းသားမှုမျိုး ခင်ဗျားတို့ ကျွန်တော့လောက်မချမ်းသာသေးဘူး …………………………... အနတ္တကဗျာဆရာ သူတတ်တဲ့ ပညာနဲ့ စာဖတ်သူတွေကို ရသပေးတယ် ငါ့ကဗျာတွေ ကောင်းချင်မှကောင်းမယ် လန်းချင်မှလန်းမယ် စာဖတ်သူ ခံစားချက်ရသ တစ်ခုခုရသွားရင် ငါကျေနပ်တယ် အဲဒါ ငါ့ခံယူချက် ……………………………. ကဗျာဆရာရဲ့သွေးက အပြာရောင်ပဲ စာဖတ်သူကို မညာဘူး ၊ ခေတ်ကိုမညာဘူး အသွေးအသားကို မညာဘူး ၊ ဘ၀ကို ရောင့်ရဲခြင်း ထီးကလေးဆောင်းပြီး ကျေနပ်နေတတ်သူ အဲဒါ အနတ္တကဗျာဆရာ ………………………………..

1 comment:

မိုးဇက် said...

ကဗျာဆရာရဲ့သွေးက အပြာရောင်ပဲ
စာဖတ်သူကို မညာဘူး ၊ ခေတ်ကိုမညာဘူး
အသွေးအသားကို မညာဘူး ၊ ဘ၀ကို ရောင့်ရဲခြင်း
ထီးကလေးဆောင်းပြီး ကျေနပ်နေတတ်သူ
အဲဒါ အနတ္တကဗျာဆရာ ………………………………..


မိုက်တယ် ၊ ဗီညား ၊ ထပ်ခနဲမြည်အောင်ကို ဘဝတွေထပ်တူကျနေပါလား ( ငါနှင့် )

ခင်တဲ့

လူကြည့်အများဆုံး စာတိုပေစများ