Saturday, April 10, 2010

ဇောက်ထိုး မိုးမျှော် ကမ္ဘာ

.
ငှက်တွေလည်း အိပ်တန်းပြန်နေပြီ . .
နွားကျောင်းသားလည်း နွားသိမ်းနေပြီ . .
နေစွယ်ကလည်း တောင်ကွယ်နေပြီ . .
ကမ္ဘာကြီးလည်း အီကောနောမစ်
ခရစ်ဆစ်ကြီးထဲ ခုန်ဆင်းနေပြီး . .
အလုပ်လက်မဲ့ ငါလည်း ပြုတ်ကျနေတဲ့
စိတ်ဓာတ်တွေ ခေါက်သိမ်းလို့ အိပ်တန်းပြန်ချိန်တန်ပြီ
လူသားတွေ စီးပွါးရေးနဲ့
ကမ္ဘာကြီး တည်ဆောက်ခဲ့ကြတယ် . .
လူသားတွေ စီးပွါးရေးနဲ့ပဲ
ကမ္ဘာကြီးကို ဖျက်စီးနေကြတယ် . .
တစ်ယောက်နဲ့ တစ်ယောက်
မျက်နှာခြင်း ဆိုင်လို့
မုသားတွေ ခြယ်ပေးနေကြတယ်
တစ်ခါတစ်ခါ ရိုးရှင်းတယ် ထင်တဲ့
ပဉ္ဖလက်ဆန်လွန်းတဲ့ လောကကြီးကို
ဇောက်ထိုးကြည့်ချင်တယ်
တစ်ခါတစ်ခါ တိုးတက်နေတယ် ထင်တဲ့
ဆုတ်ယုတ်နေတဲ့ ကမ္ဘာကြီးကို
ဇောက်ထိုးကြည့်ချင်တယ်
တစ်ခါတစ်ခါ တော်တယ်လို့ထင်တဲ့
ညံ့ဖျင်းနေတဲ့ ငါ့ကိုယ်ငါ
ဇောက်ထိုးကြည့်ချင်တယ်
နာမည်ကျော် သတင်းစာတွေ
ခေါင်းစီးမှာ အော်ဟစ်နေကြတယ်
ခရစ်ဆစ် ဘီလူးကြောင့် အနောက်သားတွေ
စားသောက်ဆိုင်မသွားနိုင်ပဲ ပေါင်မုန်တွေပဲစားနေရတယ်တဲ့
အာ . . . . ကြောက်ခမန်းလိလိ ပါပဲလားဟ
ငါတို့ မဲဇာ ဂနိုင်မှာ ထမင်းရည်သောက်နေရတာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီး

1 comment:

johnmoeeain said...

ဇောက်ထိုးမိုးမျှော် ကမ္ဘာ.... !

စက္ကန့်မိနစ် တစ်ခုနဲ့တစ်ခုကြား
အပြောင်းအလဲတွေ ဘယ်လောက်များများ...
အိပ်တန်းပြန်ချိန်မှာ...
အမေ့မျက်လုံးကတော့ ထွက်လာစဉ်ကနဲ့
ထပ်တူကျနေတုန်းပဲ....။

ကျွန်တော်တို့ ပိုင်ဆိုင်တဲ့
မပြောင်းလဲတဲ့တစ်ခုတည်းသောအရာပေါ့...။

လူကြည့်အများဆုံး စာတိုပေစများ