ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ
အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ
ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ
လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။
ညဉ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ
လေပြေဟာကျွန်တော်ကို
ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ်လေပြေ . . . . .
ကျွန်တော်နဲ့ကြယ်စင်တွေဟာ
ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ . . .
ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက်တစ်ရွက်မှာ
သူ့အတွက်ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။
အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . .
ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ
ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ
ချစ်သူ. . .
အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ
ကိုယ်နဲ့အသားကျပြီးသား
ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . .
ကိုယ်ကျေနပ်သင့်တာပေါ့
လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .
ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပါ
မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ်
လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )