Tuesday, May 15, 2012

စေ . . . . . .

ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ
အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ
ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ
လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။
ညဥ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ
လေပြေဟာကျွန်တော်ကို
ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ်လေပြေ . . . . .
ကျွန်တော်နဲ့ကြယ်စင်တွေဟာ
ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ ။
ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက်တစ်ရွက်မှာ
သူ့အတွက်ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။
အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . .
ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ
ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ
ချစ်သူ. . . ။
အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ
ကိုယ်နဲ့အသားကျပြီးသား
ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . .
. . .. . .
ကိုယ်ကျေနပ်သင့်တာပေါ့ ။
လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .
ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပေါ့ ။
မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် ။
လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )

16 comments:

လွင်ပြင်လှိုင်းငယ် said...

ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက် တစ်ရွက်မှာ
သူ့အတွက် ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ် ဖြစ်သွားခဲ့ပေါ့ ။

ဒီအပိုဒ်လေး အရမ်းကြိုက်တယ်

လွင်ပြင်လှိုင်းငယ်

စံပယ်ချို said...

ဗညားရေ
အလွမ်းညနေနဲ့ နေညိုချိန်ဆိုတာ
ကိုယ်နဲ့ အသားကျပြီးသား
ခပ်နွမ်းနွမ်း ကံကြမ္မာလေးပဲ----ဆိုတာလေးကို သဘောကျတယ်ဟ----

Cameron said...

“အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ ကောင်းကင်မှ မဟုတ်တာပဲလေ...”
ငါ့မောင်လေးရဲ့ ကဗျာတွေကတော့ လွမ်းမဆုံးတမ်းမဆုံးပဲ..ခံစားရတာမိုက်တယ် ဖတ်ပြီးတော့..။

မြတ်ပန်းနွယ် said...

ကဗျာလှလှလေးကို ဖတ်သွားခဲ့ပါတယ်။ :)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

စစ်မှန်တဲ့ ချစ်ခြင်းဟာ ရက်စက်တတ်သူအတွက် ထိုက်တန်ရဲ့လား ဗညား..

ခင်တဲ့
မမဝသုန်

မိုးဇက် said...

နေမညိုတဲ့ အိမ်မက်တွေကိုမက်ပီး
ဥပေက္ခာတွေ ရှင်သန်ဖို့ မိုးခါးတွေရွာစေခဲ့တဲ့
ဗညားရဲ့ ချစ်သူက အရမ်းရက်စက်လှချေလား ....

စာသားတွေက နင့်ကနဲပဲ

နေ၀သန် said...

မင်းရဲ့ နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီ ဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကို တင်ထားပေးလိုက်မယ်

သိပ်လှလိုက်တဲ့ စကားလုံးတွေ...

ခင်မင်လျက်
နေ၀သန်

San San Htun said...

စာသားတွေလှတဲ့ ကဗျာ လာဖတ်တယ်...

mstint said...

'အလွမ်းညနေနဲ့ နေညိုချိန်ဆိုတာ
ကိုယ်နဲ့ အသားကျပြီးသား
ခပ်နွမ်းနွမ်း ကံကြမ္မာလေးပဲ' တဲ့။ အတွေးနက်နက်နဲ့ စပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ပါလား ဗညားရေ။
လွတ်သွားတဲ့ ကဗျာလေးတွေလည်း အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

“ လမ်းဆုံး တစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့ စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင် မစေနိုင်ခဲ့ဘူး . . .”

စေတစ်လုံးပိုင်ရှင်ကြောင့် ကိုယ့်စိတ်တောင်ကို မစေနိုင်ခဲ့သူပေါ့..။

ဆူးသစ် said...

စေလိုရာကိုစေနိုင်တယ်။ ချစ်သူ့မို့ပေါ့။ ကိုယ့်ကိုယ်ကိုတောင် မစေနိုင်သူက ချစ်သူကိုစေခိုင်းတာလေ။ ကဗျာရဲ့အဓိပ္ပါယ်ကို လိုက်ဖမ်းရတာများတဲ့အခါ တစ်ခါတစ်ခါ ခံစားမှုတွေ လွင့်လွင့်သွားတာကို ကျွန်တော့်ဘာသာနှမြောမိတယ်။ ခင်ဗျားကဗျာက ကောင်းလွန်းတာကိုး။

သိ င်္ဂါ ရ said...

အရင် တစ်ခေါက် ... Blogging Sphere ထဲကို

ရောက်စက ... ကို ဗညားရှိန် ဆိုတာ သိခဲ့ဖူးသလိုပဲ

ခု ... ကို လင်းခေတ် ဒီနို ဆိုတာက အဲ့ဒီ ကို

ဗညားရှိန်ပဲလား ခင်ဗျာ ...

Unknown said...
This comment has been removed by a blog administrator.
နှင်းနုလွင် said...

စေ ဆိုတဲ့ ခေါင်းစဉ်စကားလုံးကို ဖတ်လိုက်မိတည်းက ကဗျာက ပြည့်စုံနေတယ်။

Anonymous said...

[url=http://datingdirectlyservices.com/#vwjme]online dating site[/url] - dating seeking , http://datingdirectlyservices.com/#zpzzh relationships dating

Thwin said...

ကိုယ့် အိပ်မက်ကို တောင် စေလိုရာ စေနိုင်တယ် တဲ့ လား...။ ကဗျာလေးက အရမ်း လှတာပဲ..။

လူကြည့်အများဆုံး စာတိုပေစများ