.
ည
ပန်းတွေ တေးဆိုတော့
ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . .
အလင်းတွေ အိပ်တန်းဝင်တော့
အဲဒီညမှာ
မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ်
ဒါပေမဲ့ . . သူ ထွက်သွားတုန်းက ခေါ်သွားတဲ့
ငှက်ကလေးတွေ ၊ သူနဲ့အတူ ပြန်ပါမလာဘူး
အစိမ်းနက်ရောင်ရင့်ရင့် တောတန်းတွေက
သူတို့ချင်း နားလည်တဲ့ ဘာသာဗေဒ စကားလုံးတွေနဲ့
စကာထှာ ဝှက်ထားကြတယ်
ကောင်းကင်ကို မော့ကြည့်ရင်း
အိပ်ပျော်သွားတဲ့ လမင်းရဲ့
ရင်ဘတ်ကို ဆွဲဖွင့်ကြည့်တော့
ညဟာ နက်သနက် နက်လာတယ်
တိတ်ဆိတ် . . .
အေးချမ်း . . .
ကျွန်တော် အဲဒီညထဲ ဝင်ထိုင်လိုက်တယ်
ခဏကြာတော့
တောပန်းတွေ ၊ ရနံရေတံခွန်ကြီး သွန်ချလို့
ခုနှစ်စင်ကြယ်တွေ အမြီးထောင်ပြီ
ကွေးနေအောင် က သတဲ့
ဒါဟာ ဗင်းဆင့် ဗန်ဂိုး ဆွဲခဲ့တဲ့
Starry Night ပန်းချီကားမျိုးလား
ကျွန်တော်ဟာ ကောင်းကင်ဘုံတံခါးဝမှာ ရပ်ပြီ
တံခါးခေါက်ဖို့ တွေဝေနေတဲ့သူ
လှမ်းကြည့်လိုက်တော့
ကျွန်တော့် အဖြူရောင် နတ်သမီးဟာ
နေကြာပန်းပင်တွေကြားမှာ လှနေတယ်
သူမဟာ ကျွန်တော့်ကို ကြယ်တွေနဲ့ လှလှပပ ပြုစားတဲ့ည
သူမဟာ ကျွန်တော့်ကို စကာထှာတွေ တစ်ခုပြီးတစ်ခု ဝှက်တဲ့ည
သူမဟာ ကျွန်တော့်ကို ရနံ့တွေနဲ့ ငြို့ငင်နေတဲ့ည
သူမဟာ ကျွန်တော့်ကို လေနုအေးနဲ့ နွေးထွေးစေတဲ့ ည
သူမဟာ . . .
သူမ . . .
.
. .
ကျွန်တော် သူမရဲ့ ရင်ဘတ်တံခါးကို ခေါက်ဖို့သင့်ပြီ
ည
ကြယ်ကလေး တေးဆိုတော့
ပန်းလေး မျက်လွှာချရင်း ရှက်လိုက်ရတဲ့ည . . .
လင်းခေတ်ဒီနို