Friday, May 31, 2013

ကောင်းကင်ရေးတဲ့ ကြယ်

ဒဿရဲ့ နှလုံးသားကို ခြယ်လှယ်ခွင့်ရလိုက်တဲ့
အချစ်ရဲ့ လက်ပါးစေလား . . . .
မျက်လုံး လှလှလေးတွေနဲ့
ငါ့ စိတ်ကို ပွတ်သပ် ဆော့ကစားနေလိုက်တာများ
အဲ့ဒီ တဒင်္ဂကို
စိတ်ကူးယဉ်တွေလုပ်ပြီး
သက်တံပေါ် ပစ်တင်ထားလိုက်တယ်
မင်း မျက်ဝန်းအလှတွေထဲမှာ
ငါ့ကိုယ်ငါ
တိုးတိုးလေး မှောင်လိုက် ချင်ပါရဲ့
တိုးတိုးလေး လင်းလိုက် ချင်ပါရဲ့ ။

သူမဟာ ကျွန်တော်ရဲ့
ကောင်းကင်ရေးတဲ့ ကြယ်
သူမဟာ ကျွန်တော်ရဲ့
တေးဆိုနေတဲ့ နှင်းဆီတံယော
သူမဟာ ကျွန်တော်ရဲ့
ကြယ်စုံတဲ့ ရာသီကို လင်းစေတဲ့ လခြမ်း
ဒီလိုနဲ့ပဲ
ကျွန်တော်ဟာ သူမရဲ့ 
ကဗျာကမ်းနဖူးမှာ
ယဉ်ယဉ်လေး ရူးနေခဲ့တဲ့ကောင် . . .  ။

၁ နှစ် . . . 
၂ နှစ် . . . 
၃ နှစ် . . .
တစ်ခါတလေတော့လည်း
ချစ်ခြင်းလောကကြီးက
ကံကြမ္မာရဲ့ အမဲလိုက်ကောင်းတဲ့ ရာသီတစ်ခုလား . . . ။

ကိုယ့်ကိုယ်ကို
နမ်မီးဆစ် နတ်သမီးရဲ့ လက်ထဲ
အလျှော်အစားလုပ်လိုက် မိတယ် . . . ။

မိုးလင်းအောင် ငေးမိတဲ့ ကောင်းကင်မှာ
ကြယ်ရောင်မပါပဲ
တိမ်မည်းတွေအနောက် လိုက်ခဲ့မိပေါ့
မက်မက်မောမော မျှော်လင့်မိခဲ့တဲ့ လမင်းဟာ
သက္ကရာဇ်တွေထဲ ပြန်ဝင်သွားခဲ့တယ် ။

မိုးဖြိုင်းဖြိုင်းမည်း နေတဲ့ အောက်မှာ
တစ်ကိုယ်စာ
နွေခေါင်ခေါင် ဖြစ်နေတဲ့အထဲ
ကျိန်စာတစ်ခွင်လုံး မိုးစုန်စုန်ချုပ်မှတော့
လက်ကြားက နက္ခတ်မှာ
ကိုယ့်သေတမ်းစာ ကိုယ်ရေးလိုက်တယ်

ကိုယ့် အိပ်မက်တွေ
ကိုယ်ပြန်ခူးခဲ့ရတဲ့ နေ့ . . . ။

မြောက်ပြန်လေညှင်းမှာ
ကိုယ်သင်းရနံ့လေးနဲ့ ကြည်စယ်သွားတဲ့
နတ်ဆိုးမလေးရေ . . .
နွေတစ်မိုး ဆောင်းတစ်မိုးနဲ့
မိုးမမြင် လေမမြင် အိပ်မက်တွေကို
ကဗျာတွေနဲ့ပဲ ပြန်ခွါချနေရတယ်
နှင်းပန်းရိုင်းရိုင်းဟာ ခရမ်းလှိုင်းတွေနဲ့
မီးမြိုက်ခံရပေါ့  ။

အလင်းငွေ့ငွေ့ ကျန်နေသေးတဲ့ အခန်း
ပြတင်းပေါက် အပြင်ဘက်က နွားရိုင်းသွင်းချိန်
ဟိုးးးး ခပ်ဝေးဝေးက
အရွက်ကြွေစရာ မရှိတော့တဲ့ သစ်ခြောက်ပင်
ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
မွှန်းကြပ်မှုကို စုတ်ချက်တွေနဲ့ ရိုက်ထုတ်လိုက်တယ်
ငါ့မပါတဲ့ ငါ့စိတ်ဟာ
အလင်းသဲ့သဲ့မှာ
တစ်ယောက်တည်း မိုးချုပ်နေခဲ့တယ် ။

လင်းခေတ်ဒီနို  (31.5.13)

Monday, January 7, 2013

မြစ်တစ်စင်းရဲ့ လျှိုဝှက်ခြင်း

လတစ်ခြမ်းနဲ့ ညကမ်းပါးမှာ
သူမရဲ့ စကားထှာတွေက
မြစ်တစ်စင်းလို နက်ရှိုင်းတယ် ။

နက်ရှိုင်းမှုကို လိုက်လေလေ
ကျယ်ပြန့်မှုက မှန်းဆရ ခက်လေလေပဲ ။

အတက်အကျ မြန်တဲ့ စီးဆင်းမှုဟာ
ငါ့ ကမ်းပါးကို တတိတိ တိုက်စားလာတယ် ။

တိုက်စားခြင်းတွေရဲ့ အမှောင်ရိပ်အောက်မှာ
ပြိုလဲခြင်းတွေ . . . . . . . .

တစ် . စ . . . . . . .
တစ် . . စ . . . .
တစ် . . . စ .


ဒီလိုနဲ့ပဲ
ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ
မင်း . . . . . . .
နောက်ဆုံး ရောက်ခဲ့ပြီလဲ . . . ။

လင်းခေတ်ဒီနို ( 1.6.13 ၊ 10း 48 PM )

Friday, August 31, 2012

ညနေ

ညနေတစ်ခုရဲ တံစကမြိတ်မှာ မျက်ရည်တွေ တွဲခိုနေတုန်းပဲ ။ မိုးထဲ ရေထဲ ကပိုကရို ညွှတ်ကိုင်းလာတဲ့ ထီးကလေး မျက်နှာပြင်ကို ရိုက်ခတ်နေတဲ့ မိုးစက်လေးတွေရဲ့ တေးသွား လေပြေအဝှေ့မှာ လွှင့်မျောသွားတဲ့ ဆံနွယ် ကျွန်တော့်ကို လှုပ်မရအောင် ရစ်ပတ်ဖူးတဲ့နွယ် ကျွန်တော့်ကိုေ၀၀ါးခြင်းတွေထဲ လမ်းပျောက်စေခဲ့တဲ့ တေးသွား ကျွန်တော့်ကို နေရိပ်တွေ ခဏခဏ နမ်းမှာစိုးလို့ ညွှတ်ကိုင်းလာခဲ့ဖူးတဲ့ ထီးကလေး ။ နောက်ဆုံးတော့ သူ့နွယ် သူဖြတ် ၊ သူ့တေးသွား သူ တိကနဲ့ ရပ်ပြီး ကျွန်တော့်ကို နေမင်းရဲ့ ကျောရိုးတည့်တည့်မှာ ထားခဲ့တယ် ။ ညနေခင်းဟာ ခမ်းနားမှုတွေပျောက်ဆုံးနေသော မာယာမရှိတဲ့ မျက်ရည်ပန်း ၀င်သက် ထွက်သက်ဟာ ချောက်ကမ်းပါးထိပ်မှာ တေ့တေ့လေး တင်နေတဲ့ သစ်ရွက်တစ်ရွက်လို လေတစ်ချက်အပင့်မှာ သူ့ မနက်ဖြန်ဟာ စုန်းစုန်းမြုပ်သွားနိုင်တယ် ။ သူမကို မလွမ်းပါဘူးလို့ ပြောရင် ကျွန်တော့် ကဗျာတွေ ကျွန်တော့်ကို သူစိမ်းဆန်ကုန်လိမ့်မယ် ။ ဘာမှ မကျန်တော့တဲ့ ကံကြမ္မာ အတုကြီးနဲ့ အသက်၀၀ရှုဖို့ ပြတင်းပေါက်အသေကို ဂျက်ဖြုတ်ချလိုက်တယ် ။ Platonic Love ဆိုတာ ဓာတ်ရှင်မင်းသမီး တစ်ယောက်ကို မော်ဒယ် ခေတ်မှာ Catwalk လျှောက်ခိုင်းသလိုပဲ လူရာ မ၀င်တော့ဘူး ။ ညနေဟာ နပိုလီယံ မုန်းတဲ့ အရှုံး ငေးကြည့်မိတဲ့ နေ၀င်ချိန်ဟာ အလွမ်းတွေ တံစက်မြိတ်ကနေ ငိုနေတဲ့ အချိန်ပေါ့ ။ ငှက်ဆိုတာ နားခိုပြီးရင် အချိန်တန်တော့ သူ့အိမ် သူပြန်တာပဲလေ ။ သူမဟာ ကျွန်တော့်ရဲ့ စိတ်ကောက်တတ်တဲ့ နှင်းဆီ သူမဟာ ကျွန်တော့်ကို အိပ်မက်ထဲက ပေးမထွက်တဲ့ ဒီဇင်ဘာကဗျာ သူမဟာ ကျွန်တော့်ကို ရုပ်သေးရုပ်တစ်ရုပ်လို အသုံးတော်ခံခိုင်းခဲ့တဲ့ ကဝေပျို သူမဟာ ကျွန်တော့်ကို ထားရစ်ခဲ့တဲ့ နောက်ဆုံး ရထားတစ်စင်း ကျွန်တော်ဟာ သူမ နှုတ်ဖျားဓားသွားပေါ်မှာ အသက်စင်းပေးထားတဲ့ . . . . . . . . . . . ညနေ . . ။ လင်းခေတ်ဒီနို ( 31.8.12 / 9:30 AM ) .

Wednesday, June 6, 2012

သူမဆီသို့ လွင့်စင်သွားသော နွေ

လေစိမ်းတွေတိုက်တိုင်း
အမှတ်တရတွေကိုအိပ်မက်နဲ့ လွမ်း
ဆုံဖူးတဲ့မျက်ဝန်းတွေကိုပဲ
တမ်းတမ်းတတစွဲလမ်းမိတယ် ။
တောင်တန်းတွေတောင်အသက်မရှိပဲ
တန်ပြန်ပဲ့တင်သံ ရှိသေးတာပဲ
နှလုံးသားရှိတဲ့သူတစ်ယောက်ဆီက
တန်ပြန်ပဲ့တင်သံ ငါ တမ်းတမိပါရဲ့ ။
နွေပျိုရဲ့ည
ကောင်းကင်ဝင်းရိုးစွန်းတန်းကို ကြည့်ရင်း
စိတ်ကူးနဲ့ပျော်အိပ်မက်နဲ့ လွမ်း
နင့်ပုံရိပ်တွေတမ်းတရင်း
လရောင်ချည်တိုင်အောက်က
ပြေးမထွက်နိုင်တဲ့ကြယ်လေးလို
နင်ငါ့ကို ဖမ်းစားခဲ့ပေါ့
ကောင်မလေးရယ်။
အနေဝေးရေမြေတွေ ခြားနေပေမဲ့
မဖွင့်ဟမိတဲ့စကားလုံးတွေနဲ့အတူ
နင့်ရဲ့ အတိတ်မှာ
ငါမကျန်ခဲ့ပါရစေနဲ့
နင့်မျက်နှာ ၀င်းပပလေး
ငါ ငေးကြည့် နေ ခွင့် လေး ရ ပါ ရ စေ ။
လင်းခေတ်ဒီနို ( 6.6.12 )

Tuesday, May 15, 2012

စေ . . .

ရိုးတံကျဲကျဲခပ်ဖွာဖွာလွင့်မျှောနေတဲ့ ကောင်းကင်ဟာ
အက်ကြောင်းရာတွေထပ်နေတဲ့ ပန်းတစ်ပွင့်လိုပါပဲ
ကျွန်တော်ဟာပန်းအကြေတွေ ကြားထဲမှာ
လက်ပြနှုတ်ဆက်သွားခဲ့တဲ့ အချစ်ကို ပြုံးပြခဲ့ဖူးတယ် ။

ညဉ့်ဦးယံရဲ့ကြယ်ရောင်ပျပျ အောက်မှာ
လေပြေဟာကျွန်တော်ကို
ကြေကွဲခြင်းလွင်ပြင်ကနေထွက်ခွါဖို့ နှစ်သိမ့်ပေးခဲ့တယ်
ကျေးဇူးတင်ပါတယ်လေပြေ . . . . .

ကျွန်တော်နဲ့ကြယ်စင်တွေဟာ
ချစ်သူရဲ့အစေအပါးအဖြစ်သာ နေချင်ခဲ့သူတွေပါ . . .

ဒီလိုနဲ့ပဲ . . .
စွယ်တော်ရွက်တစ်ရွက်မှာ
သူ့အတွက်ရေးခဲ့ဖူးတဲ့
ကဗျာ တစ်ဝက်ဟာလည်း
အေးစက်စက်စကားလုံးတွေ သီထားတဲ့
ဒိုင်ယာရီတစ်အုပ်ဖြစ်သွားခဲ့ပေါ့ ။

အိပ်မက်ဆိုတာ
နေမညိုတတ်တဲ့ကောင်းကင်မှ မဟုတ်တာပဲလေ . .
ပြိုကျလာတဲ့ မိုးခါးစက်တွေအောက်မှာ
ဥပေက္ခာတွေ ခပ်စိတ်စိတ် ပျိုးလှည့်ခဲ့ပါ
ချစ်သူ. . . 

အလွမ်းညနေနဲ့နေညိုချိန်ဆိုတာ
ကိုယ်နဲ့အသားကျပြီးသား
ခပ်နွမ်းနွမ်းကံကြမ္မာလေးပဲ. . .
ကိုယ်ကျေနပ်သင့်တာပေါ့ 
လမ်းဆုံးတစ်နေရာရောက်နေတာတောင်မှ
နောက်ပြန်မလှည့်ချင်ခဲ့ဘူး
ကိုယ်ရဲ့စိတ်စေတသိုက်ဟာ
ကိုယ့်ကိုယ်ကိုတောင်မစေနိုင်ခဲ့ဘူး . . . .

ချစ်သူ . . .
ကိုယ်ဟာမင်းရဲ့ စေလိုရာစေ ဖြစ်ခဲ့သူပါ

မင်းရဲ့နှုတ်ထွက်စကားတစ်ချက်ဟာ
ဓားသွားတစ်လက်ဆိုရင်
အဲဒီဓားအဖျားထက်မှာ
ကိုယ့်နှလုံးသားကိုတင်ထားပေးလိုက်မယ်
ကိုယ့်အိပ်မက်ကိုတောင်
မင်းစေလိုရာစေနိုင်တယ်ကွယ် 

လင်းခေတ်ဒီနို ( 14.5.12 , 1း40 AM )

Monday, April 23, 2012

ဆိုဖီယာ . . သို့မဟုတ် . . သူမ

သူမ . . .
တစိတ်စိတ် တစိတ်စိတ်နဲ့
ကျုပ်အသည်းကို
ဗန်ဂိုးရဲ့ ပန်းရိုင်းတွေကြား ထားခဲ့တယ်
မိန်းမ တစ်ယောက်ရဲ့ မျက်ဝန်းဟာ
နေစင်္ကြာဝရာထဲက
နေတစ်စင်းလို
လတစ်စင်းလို . . .
ကြယ်တစ်စင်းလို . . .
ပါဖောလ်မန့် အမျိုးမျိုးနဲ့
လှုပ်ရှားနေတဲ့ နဂါးငွေ့တန်းတွေလို
ပျားပိတုန်းတစ်ကောင်ကို မြုဆွယ်နေတဲ့
နေရောင်ဆမ်းကာ ယိမ်းနွဲ့နေတဲ့ အရိုင်းပန်းတွေလို
ကျုပ်ကို အဆုံးအစမဲ့ တပ်မက်မှုနွံထဲ ဆွဲနှစ်ချသွားတယ် ။

ကျုပ် . .
ပြောစရာ စကာလုံး မရှိခဲ့ဘူး
စွဲလမ်းမှုကို ဖြတ်တောက်ဖို့
နှလုံးသား နဲ့  စိတ်ဆန္ဒ တစ်စုံကို
သဂြိုလ်တိုင်းလည်း
အကြိမ်ကြိမ် ပြန်ရှင်သန်နေတယ် ။

ကျောခိုင်း လှည့်ထွက်သွားတဲ့ သဏ္ဍာန်တစ်ခုဟာ
ပက်ဘလို နဗားဒါးရဲ့ The lady shade ပန်းချီကားလို
ဝေးသွားလိုက် . . . နီးသွားလိုက် . . .
မှုန်သွားလိုက် . . . ဝါးသွားလိုက်နဲ့ . . .
နေခင်းကြောင်တောင် တစ္ဆေခြောက်ခံလိုက်ရတယ် ။

သူမဟာ မိုးကောင်းကင်နဲ့ မတူတဲ့
ကျုပ်ရဲ့ မိုးကောင်ကင်ပါ ။

ကိုယ့်ဆန္ဒ ကိုယ်မြိုချလိုက်တယ်
. . . . . .
ဆိုဖီယာ . .
. . . . . .
နံရံလေးတစ်ချပ် ကာရုံလောက်နဲ့
ကျုပ်ကို ချန်ခဲ့ဖို့ လုံလောက်တယ် မဟုတ်လား ။


ဗီလိန်တစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းဟာ
တစ်ခန်းရပ်ပြဇာတ် သာသာပါပဲ ။

ခွင့်လွတ်ပါ ဆိုဖီယာ . . .
မင်း ကျုပ်ဆီက ထွက်သွားတဲ့အခါ
ဗန်ဂိုးရဲ့ နှင်းဆီတယောကို
အလွမ်းတစ်ပုဒ်စာလောက် ဖြစ်ဖြစ်
ကျုပ်ကို တီးခတ်ခွင့်ပြုပါ ။

လင်းခေတ်ဒီနို ( 23.4.12 ၊ 8:50 AM )

Tuesday, February 7, 2012

အမှတ်တရတွေကို ပြန်ရှာဖွေကြည့်ကြသူများ . . .

ရှည်မျောမျောသဏ္ဍာန်နဲ့ ဖြတ်ကာ သွယ်တန်းနေတဲ့ တောင်ညို တောင်တန်း . . . စိမ်းမြမြအရိပ်တွေနဲ့ အေးချမ်းသာယာ လှတဲ့ တောင်ဝိုင်း တောအုပ်လေး . . . အထ္တရံမြစ် ၊ ဂျိုင်းမြစ် ၊ သံလွင်မြစ်တို့ရဲ့ အလှတရာတွေ ပေါင်းဆုံရာ နေရာ . .

မြန်မာသက္ကရာဇ် ၁၃၄၆ ခုနှစ် ပြာသိုလဆန်း ၁၀ ရက်နေ့ ၊ ရောင်နီဦးတို့ ပျိုးခင်ရာ နံနက်ခင်း ၉း၃၀ အချိန် . မောရမြိုင်လို့ ခေါ်တွင်ခဲ့တဲ့ မော်လမြိုင်မြိုလေးမှာ ကိုလိုနီလက်ထက် ကတည်းက တည်ဆောက်ခဲ့တဲ့ အမေရိကန်ဆေးရုံမှာ ကျွန်တော့်ကို ကျေးဇူးရှင် မိဘ နှစ်ပါးက လောကကြီးထဲကို မွေးဖွားသန့်စင် ပေးခဲ့တယ် ။

ကျွန်တော်က ငယ်ငယ်ကတည်းက ဆိုးတဲ့ ကလေးပါ ။ အဆော့လည်းသန်တယ် ။ ဘယ်လောက်ထိ ဆိုးလဲ ဆို ကျနော့်မှာ ခြေ ၊ လက် ၊ ခေါင်း . . သုံးနေရာလုံး ဒဏ်ရာ မဖြစ်ဘူးတဲ့ နေရာ မရှိဘူးလေ ။ မှတ်မှတ်ရရ ဆိုပေမဲ့ နေ့စွဲ အတိအကျတော့ မမှတ်မိဘူး ။ ကျွန်တော် လေးနှစ်သား အရွယ်ပေါ့ ။ ကျောင်းကြီးမတက်ခင် အင်္ဂလိပ်စာ ကြိုသင်ထားမယ်ဆိုပြီး မေမေက အင်္ဂလိပ်ကပြား ဘိုမ ဆရာမဆီမှာ စာသင်ဖို့ အပ်ခဲ့တယ် ။ အဲဒီ ဆရာမဆီမှာ အရမ်းလှ အရမ်းချစ်ဖို့ ကောင်းတဲ့ အဲဇေးရှင်း ခွေးနှစ်ကောင်ရှိတယ်ဗျ ။ ဘလက်ကီ နဲ့ ဝှိုက်တီ ဆိုပြီး အထီး အမ နှစ်ကောင်ပေါ့ ။ ဘလက်ကီက အထီးပီပီ နည်းနည်းဆိုးတယ် ။ ဝှိုက်တီကတော့ အရမ်းလိမ္မာတဲ့ ခွေးမလေးပါ ။ အရင်တုန်းကဆို ဆရာမက ကျွန်တော် စာလာသင်ရင် သူ့ခွေးတွေကို လှောင်အိမ်ထဲ ထည့်ပြီး သော့ခတ်ထားလေ့ ရှိတယ် ။

တစ်နေ့ ကျွန်တော် စာလာသင်တဲ့အချိန် ဆရာမလည်း ဧည်သည်လာတာနဲ့ ကြုံနေလို့ ခွေးတွေကို လှောင်အိမ်ထဲ မထည့်မိဘူး ။ ကျွန်တော် စာသင်တဲ့ ခုံလေးက ကလေးထိုင်တဲ့ ခုံဆိုပေမဲ့ အနည်းငယ်မြင့်နေလို့ ကျွန်တော့် ခြေထောက်က ကြမ်းပြင်နဲ့ မထိပဲ လွတ်နေတယ်ဆိုပါတော့ ။ ဒီတော့ ကျွန်တော် စာသင်နေတုန်းမှာပဲ ဘလက်ကီက ကျွန်တော့် ခုံအောက်ဘေးနားလေးမှာ လာထိုင်နေတယ် ။ ကျွန်တော်ကလည်း ကလေးပီပီ စာသင်ရင်း အင်္ဂလိပ်ကဗျာတွေ ဖတ်ရင်းနဲ့ ခြေထောက်လေးကို အရှေ့ အနောက် လွှဲပြီး ဆော့နေမိတယ် ။ စားပွဲ ဘေးမှာ ခွေးရှိနေမှန်း သိပေမဲ့ ဘာမှ မလုပ်လောက်ဘူးလို့ ထင်နေတာ ။ ဒါကို ဘလက်ကီက ဘေးနားက ကြည့်ရင်း မျက်စိ နောက်လာတာလား စိတ်တိုလာတာလားတော့ မသိဘူး . . ဝုတ် ကနဲ့ ကျွန်တော့် ညဘက် ခြေထောက်ကို ဆွဲကိုက်ပြီး ခဲ ထားပါလေရော ။ ဆရာမ အော်လည်း မလွှတ်ဘူး ဆက်ခဲထားပြီး သူ့ ခေါင်းကို ဆွဲဆွဲ ခါတာ ။ နောက်ဆုံး ဆရာမက ဘေးနားက ကြိမ်လုံးနဲ့ ဘလက်ကီကို ရိုက်တော့မှပဲ လွှတ်ပေးတော့တယ် ။

ဆရာမလည်း ချက်ချင်း ကျွန်တော့်ကို ချီပြီး တဖက်လမ်းက ဆေးခန်းကို ပြေးရတော့တာပဲ ။ ဒီလိုနဲ့ပဲ ကျွန်တော် ဆေးခန်းမှာ ၇ ချက် ချုပ်လိုက်ရတယ် ။ တကယ်ပါပဲဗျာ လေးနှစ်သား ကျွန်တော်နဲ့ အရွယ်၇ောက်ပြီးသား အယ်ဇေးရှင်းခွေး ယှဉ်လိုက်ရင် လေးနှစ်သား ကျွန်တော်က အရွယ်အစား တဝက်နီးပါးလောက် ငယ်မယ် ထင်ပါတယ် ။ ဘလက်ကီရဲ့ တစ်ကိုက်ဟာ ကျွန်တော် ညဘက်ခြေသလုံး တစ်ခုလုံးရော ခြေဖျားကိုပါ ကိုက် ခဲထားနိုင်လောက်အောင် ကြီးပါတယ် ။ အခုထိ ညဘက် ခြေသလုံးမှာ အမာရွတ်အကြီးကြီး ရှိနေပါသေးတယ်ဗျ ။ ဒါနဲ့ပဲ ကျွန်တော်ဟာ ငယ်ငယ် ကတည်းက ခွေးနဲ့အပြိုင်မိုက်ခဲ့ဖူးတယ် ဆိုပါတော့ဗျာ ။

နောက်တစ်ခုက ကျွန်တော် ရက်စွဲတွေတော့ သေချာမမှတ်မိတော့ဘူးဗျ . . . ကျွန်တော် ၃ တန်း အရွယ်မှာ ဆိုပါတော့ ။ တနင်္ဂနွေနေ့ တစ်ရက်ပေါ့ ။ ဖေဖေနဲ့ မေမေက အလုပ်ကိစ္စလေးရှိလို့ ကျွန်တော် နဲ့ ကျွန်တော် ညီကို မေ့မေ့ရဲ့ မောင် ၊ ကျွန်တော့် အန်းကူ အိမ်မှာ ထားခဲ့တယ် ။ အန်းကူရဲ့ အိမ်က ခြံဝင်းကြီးနဲ့မို့ တော်တော်ကျယ်တယ် ။ ရွှေမြိုင်မြို့က ခြံနဲ့ ဝင်းနဲ့ အိမ်ပီပီ တစ်ထပ်တိုက် ဆိုပေမဲ့ အနည်းငယ် မြင့်မြင့်လေး ဆောက်ထားပါတယ် ။ နောက်ပြီး အိမ်တံစက်မြိတ် ပတ်ပတ်လည်မှာ ၁ ပေလောက်ကျယ်ပြီး ၁ ပေလောက်နက်တဲ့ မြောင်းကို အုတ်ဘောင်လေးခတ်ပြီး လုပ်ထားပါတယ် ။

ဒီတော့ ကျွန်တော်က အိမ်ထဲ ပြတင်းပေါက်ကနေ ခွေးခြေခုံလေး ခုပြီး မြောင်းထဲကို ငါမျှားတမ်းဆော့ပါတယ် ။ မြောင်းဘောင်နဲ့ ပြတင်းပေါက် အမြင့်က ၅ပေ သာသာလောက်တော့မြင့်မယ် ထင်ပါတယ် ။ မိုးတွင်းမို့လို့ မိုးပက်တော့ ပြတင်းပေါက် အောက်ခြေနားမှာ မိုးရေတွေနဲ့ ချောနေတယ်ဆိုပါတော့ဗျ . . ။ အဲလိုချောနေတာကို ကျွန်တော်က ဂရုမစိုက်ပဲ ပြတင်းပေါက်ကို ကျော်ပြီး ငါးမျှားဖို့ပဲ အာရုံစိုက်နေတာ ။ ပြတင်းပေါက် အမြင့်ကို ကျွန်တော့် အရပ်က မမှီတော့ ခွေးခြေ ခုံလေးခု ၊ ပြတင်းပေါက်ကနေ ငါးမျှားတံလေး ထုတ်ပြီ အရှေ့ကို ကုန်းကြည့်ရင်း ငါးမျှားပါတော့တယ် ။ ဒီလိုနဲ့ အပြင်ဘက်ကို ကုန်းကြည့်ရင်း ကြည့်ရင်းနဲ့ ဝုန်း ကနဲ့ဆို အရှိန်လွန်ပြီး ပြတင်းပေါက်ကနေ ဇောက်ထိုး ကျသွားတော့တာပဲ ။ ကျသွားပြီးပြီးခြင်း ဂွပ်ခနဲ ဆို အသံတခုကြားလိုက်ပေမဲ့ ၊ ဘာမှ မဖြစ်တာနဲ့ ချက်ချင်းပြန်ထပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ ခြံထဲနေ အိမ်ရှေ့ကို ပတ်ပြီး ပြန်ထွက်လာတယ် ။ အိမ်ရှေ့ တံခါးပေါက် ရောက်တော့ တံခါးဝမှာ ထိုင်နေတဲ့ အမဝမ်းကွဲက “ ဟဲ့ မောင်လေး နင် ဘာတွေ ဖြစ်လာတာလည်း . . မေမေရေ မောင်လေး ခေါင်းမှာ သွေးတွေနဲ့ ” ဆိုပြီး ထ အော်တော့မှ အန်တီက သဘက်နဲ့ ခေါင်းကို အုပ်ပေးပြီး ဆေးခန်းပြေးပါလေရော ။ ဒီလိုနဲ့ပဲ အမောင် ကျွန်ုပ် ခေါင်းမှာ ၆ ချက် ချုပ်လိုက်ရပြန်ပါတယ် ။

နောက်တခုက ၅ တန်းမှာပါ ။ မေမေတို့က မော်လမြိုင် အောက်ဈေးမှာဆိုင်ဖွင့်တဲ့သူတွေဆိုတော့ ကျောင်းပိတ်ရင် ကျွန်တော်တို့ မောင်နှမတွေ ဆိုင်လိုက်သွားလေ့ရှိတယ် ။ ပြီးတော့ တစ်နေကုန် ဈေးမှာ ပတ်ပြီး လိုက်တမ်း ပြေးတမ်း ကစားကြလေ့ရှိတယ် မောင်နှမ ဝမ်းကွဲတွေ ။ တစ်နေ့တော့ ညနေ ဆိုင်သိမ်းခါနီးအချိန် မမ နဲ့ ကျွန်တော်လိုက်တမ်းပြေးတမ်းကစားကြတော့ မမက လိုက်ရသူပါ . . ဒီတော့ ကျွန်တော်က ရှေ့ကနေ ပြေးတာပေါ့ . . ပြေးရင်း နဲ့ မမကို အနောက် ပြန် လှည့်လှည့် ကြည့်တယ် ။ အဲဒီအနောက်ပြန်လှည့်ကြည့်ချိန်မှာ ရှေ့နားမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို မမြင်ပဲ ဆိုင်ကယ်ဒေါက် နဲ့ ခြေထောက် ချိတ်မိပြီး မှောက်ရက် လဲကျသွားပါတယ် ။ လဲကျတဲ့ အခါ ကျွန်တော် ညဘက်ပဲ လက်ဖဝါး ထောက်ကျပြီး ဘယ်ဘက်လက်က တံတောင်းဆစ်နဲ့ ကျပါတယ် ။ ဈေးရဲ့ လမ်းတွေက ကွန်ဂရစ် အပြည့်ခင်းထားတော့ ကျွန်တော့် ဘယ်လက် တံတောင်ဆစ် က တော်တော် နာသွားပါတယ် ။ ဒါနဲ့ မမက ကျွန်တော်ကို ထူပြီး မကစားတော့ဘူး ဆိုင်ပြန်မယ် ဆိုပြီး နှစ်ယောက်သား ဆိုင်ပြန်လာကြတယ် ။ ဆိုင်ရောက်တော့ ကျွန်တော့် တံတောင် ဆစ်က တဖြည်းဖြည်း ယောင်လာပြီး အကွေး အဆန့် သိပ်လုပ်လို့မရတော့ပါဘူး ။

ဒါနဲ့ မေမေက . . သား မင်းလက် ဘာဖြစ်တာတုန်း ယောင်ကိုင်းနေတယ်ပါလား ဆိုတော့မှာ . . သား လဲကျသွားလို့ မေမေ ဆိုပြီး ပြောပြတယ် ။ ဒါနဲ့ မေမေက ကျွန်တော်ကို ခေါ်ပြီး ဆေးခန်း သွားပြ ၊ ဓာတ်မှန် ရိုက်တော့မှ ဘယ်လက် တံတောင်ဆစ် အဆစ်လေး ထက်ခြမ်းပဲ့ထွက်သွားတာ ။ ဒါနဲ့ ဆေးရုံတက်ပြီး ခွဲရတော့တာပဲ ။ ခွဲတဲ့အခါ အရိုးနှစ်ခြမ်း ပြန်ဆက်ဖို့ စတီးချောင်းလေး အထဲမှာ ခံပြီး တေ့ ဆက်ရပါတယ် ။ ပြီးတော့ စတီးချောင်းကို အထဲမှာပဲ ထားပြီး ပြန်ချုပ် ကျောက်ပတ်တီ တစ်လလောက်ကိုင်ထားရတယ် ။ အရိုးဆက်သွားတော့မှ ကျောက်ပတ်တီးဖြည် စတီးချောင်းလေး ပြန်ထုတ်ပြီး တခါ ပြန်ချုပ်ရပါတယ် ။ ဒီလိုနဲ့ပဲ ကျွန်တော် ဘယ်လက် တံတောင်ဆစ်မှာ ကင်းခြေများ ခြေရာတွေလို ချုပ်ရာ ၉ ချက်နဲ့ အမာရွတ် ရှိနေပြန်ပါတော့တယ် ။ ကျွန်တော် ဆိုတာ ငယ်ငယ်တည်းက အဲဒီလို ဆိုးတဲ့ ကောင်လေး တစ်ယောက်ပေါ့ဗျာ ။

နောက်တစ်ခုက ကျွန်တော်ဟာ ၂၀၀၁ ခုနှစ် ဇူလိုင်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးထူးချွန်ချွန်ပဲ အင်္ဂလိပ်စာ မော်ဒရေးရှင်း နဲ့ အောင်မြင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုတော့ အဲဒီ အင်္ဂလိပ်စာ မော်ဒရေးရှင်းနဲ့ အောင်ခဲ့တဲ့ သူက အဂ်လိပ်လိုပြောနေရတဲ့ နိုင်ငံကို မမျှော်လင့်ပဲ ရောက်လာခဲ့ရပြီး Yes or No နှစ်လုံးတည်း နဲ့ အင်္ဂလိပ်နိုင်ငံ တစ်ခုလုံးကို ပတ်နေပါကြောင်း ပြောရင်း ကျွန်တော် ငယ်ငယ်က ဆိုးပေခဲ့တာလေးတွေကို အမှတ်တရ ပြန်တွေးမိလိုက်ပါတယ်ဗျာ ။

အခုလို ကျွန်တော့်ကို တဂ်တဲ့ သူငယ်ချင်းလည်းဖြစ် ဂျီးတော်လည်း ဖြစ်တဲ့ မိုးခါးကို ကျေးဇူးတင်ပါတယ် ။ ပြီးတော့ ကျွန်တော် ဆက်တဂ်ချင်တဲ့ ဘလော့ သူငယ်ချင်းမောင်နှမများဖြစ်ကြတဲ့ ဂျယ်လီ ပစ်ပစ် ၊ ယွန်း ၊ မြတ်ပန်းနွယ် တို့ကို ခင်မင်စွာနဲ့ ရေးပေးပါဦးလို့ တဂ်လိုက်ရပါတယ် ခင်ဗျာ ။

လူကြည့်အများဆုံး စာတိုပေစများ