Wednesday, September 25, 2013

ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်း



သူမက ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ တံလျှပ်ထနေတဲ့ ကိုယ့်ဘဝထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့ ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့ တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ . . . တညနေ မှာပဲ
အိပ်မက်ကို ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို မှုတ်ငြိမ်းခဲ့ကြပေါ့ ။

ဘယ်လို အငြိုးမျိုးနဲ့
ပန်းတွေကို အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘဝက မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့ လမ်းဆိုရင်တောင်
အဲ့ဒီ အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။

လမ်းဆုံး
အဆုံးမရှိတဲ့ လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့ ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည် ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန် ချုပ်ခဲ့ကြပေါ့ ။

ချစ်ရက်နဲ့ လမ်းခွဲခဲ့တာလား
လခြမ်းကို မြင်လို့
ကြယ်မှုံကို ထားခဲ့တာလား
မီးပွင့်မတတ် ခါးထောက်ပြီး
ငါ့အပြစ်လို့ ဆိုမှတော့
ကောင်မလေးရေ . . .
တစ်ယောက် တစ်ကမ္ဘာစီပဲ
. . . . . 
ကြေကွဲ လိုက်ကြရုံပေါ့ ။

လင်းခေတ်ဒီနို ( 24.9.13 )

Sunday, September 1, 2013

We United We Blog ( 3108 DAY )



ကျွန်တော် Blogger တစ်ယောက် ဖြစ်လာတာက ၂၀၀၇ နှစ်ကုန်လောက်မှာပါ ။ ပထမဦးဆုံး ဘလော်ဂါ မဖြစ်ခင် ၂၀၀၆ လောက်က Multi Social Site  တစ်ခုဖြစ်တဲ့ Mysuboo.com မှာ ကျွန်တော် စတင်ပြီး စာဖတ်သူ တစ်ဦး အဖြစ် စတင်ခဲ့တာပါ ။ ၂၀၀၇ လောက်မှာ စာတွေ စရေးခဲ့ပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော် Blog ဆိုတာကို မသိသေးပါဘူး ။ Multi Social Site တွေမှာပဲ စာရေး စာဖတ်ရင်းနဲ့ Online Writer အဖြစ် စတင်ခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်တို့ လူငယ်တွေကြားမှာ Planet တို့ Mysuboo တို့ဆိုတာ တော်တော် ခေတ်စားခဲ့တဲ့ အချိန်ပါ ။ ဒီလိုနဲ့ Mysuboo socail network ထဲမှာ သူရဿဝါ  တို့နဲ့ စပြီး ခင်မင်ရင်း ၊ ၂၀၀၇ နှစ်ကုန်လောက်မှာ သူရဿဝါ နဲ့ ဇာတိ တို့က Blog လုပ်ကြမယ် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Page လေး တစ်ခု တည်ဆောက်ကြမယ် ဆိုတော့ ကျွန်တော်ပါ  Blog တစ်ခု စတင်လုပ်ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် မှတ်မိပါသေးတယ်  ကျွန်တော် Blog စတင်လုပ် တုန်းကဆိုရင် Blogger ဦးရေ သိပ်မရှိသေးဘူး ။ မှတ်မိသလောက် အယောက် ၁၀၀ မကျော်သေးတာတော့ အမှန်ပဲ ။

ကိုရန်အောင်တို့ ၊ မန္တလေးက ကိုမောင်လှတို့ ၊ နောက်ပြီး စေတန်ဂေါ့ တို့ဆိုတာ ကျွန်တော် ဘလော့ စလုပ်ချိန်မှာ Template ပြင်ဆင်ဖို့ နည်းပညာ အကူအညီရယူခဲ့ရတဲ့ သူတွေပါ ။ နောက်ပြီး မလေးအိမ့်ချမ်းမြေ့ ၊ ကိုညီလင်းဆက် ၊ ကိုနေဘုန်းလတ် ၊ မမေဓာဝီ ၊  မပင့်ဂိုး ၊ မဘာညာကွိကွိ ၊ ကိုမင်းယွန်းသစ် ၊ ကိုဖိုးသူတော် ၊ ကိုမျက်လုံး ၊ ကိုစိုးဇေယျာထွန်း ၊ သူတို့တွေကတော့ ကျွန်တော့်ထက် စီနီယာကျတဲ့  Blogger တွေပါ ။ အဲ့ဒီထဲက ကိုနေဘုန်းလတ် ရဲ့ Blogger နဲ့ Chatter ဆိုတဲ့ ပို့စ်လေးက ကျွန်တော့် ဘလော်ဂါ ဘဝမှာ အမှတ်တရ အရှိဆုံးနဲ့ ဘလော်ဂါ တစ်ဦးရဲ့ လမ်းကြောင်းမှန်ကို ရောက်အောင် တွန်းပို့ပေးတဲ့ ပို့စ်လေး ဆိုလည်း မမှားခဲ့ပါဘူး ။ Blogger ဆိုတာ ကိုယ်ရေးတဲ့ အမှားအမှန်ကို တာဝန်ယူရဲရမယ် ဆိုတဲ့ စိတ် ၊ Chatter ဆိုတာ ထက်ကို ပိုပြီး တာဝန်ကြီးမားတယ် ဆိုတဲ့ စိတ်လေးကို အဲ့ဒီပို့စ်လေးကနေ သင်ပေးခဲ့တာပါ ။

ဒီလိုနဲ့ ၂၀၀၉ လောက်မှာ Blog တွေ တော်တော်များများကို ပေါ်လာကြပါတယ် ။ ထာဝရကြယ်စင် မိုးခါး ၊ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ကိုချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန် ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။

၂၀၁၀ ကျတော့ လိုက်မဖတ် နိုင်အောင်ပါပဲ ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို ၊ အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် ၊ မြရေလျဉ် ၊ မောင်မျိုး ၊ မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ဒီလိုနဲ့ပဲ အဲ့ဒီအချိန် တုန်းက Blogger ဘ၀ ဆိုတာ အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ် ။ ပို့စ်တစ်ပုဒ်မှာ Commend တွေက မရှိဘူးဆိုရင် အနည်းဆုံး ၂၀ လောက်ကတော့ အနည်းဆုံးပါပဲ ။

၂၀၁၁ လောက်ကျတော့ FB ကို လူသုံးများလာတဲ့အချိန်မှာ Blogging တဲ့ လူဦးရေ တဖြည်းဖြည်း ကျဆင်းလာ တော့တာပဲ ။ ဒါဟာ FB ရဲ့ အစစ အရာရာ အားသာချက်တွေကြောင့်ဆိုရင် ငြင်းမရတဲ့ အချက်ပါ ။ ဒါပေမဲ့ ကျွန်တော်ဟာ Facebooker တစ်ဦးထက် စာရင် Blogger တစ်ဦး အဖြစ်ကို ယနေ့ ထိ တန်ဖိုးထားတုန်းပါ ။ အရင်ကလောက် Blog post တွေ မရေးနိုင်တော့ပေမယ့် ၊ အချိန်ရရင် ရသလို ရေးသားနေတုန်းပါ ။ 

ကျွန်တော် အနေနဲ့ FB ကို မြစ်တစ်စင်းရဲ့ ရေပြင်ပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လို့ တင်စားမယ်ဆိုရင် Blog ကို ကင်းဘတ်စပေါ်  ရေးချယ်နေတဲ့ ဆီဆေး ပန်ချီကားတစ်ချပ်လို့ တင်စားချင်တယ် ။ FB ဟာ မြစ်တစ်စင်းပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လိုပဲ ၊ အချိန်ကာလ ရွှေ့လျားနေတာနဲ့ အမျှ ၊ ရေးသမျှ အချိန်ပိုင်းအတွင်း ရေစီးနဲ့ မျောပါသွား သလို ပျောက်ကွယ်တာ မြန်လွန်းပါတယ် ။ Blog ကျတော့ အဲ့ဒီလို မဟုတ်ပြန်ဘူး ၊ ကင်းစဘတ်စပေါ်မှာ ရေးနေတဲ့ ဆီဆေး ပန်းချီကား တစ်ချပ်လိုပဲ ၊ ကိုယ်လှအောင် ချယ်မှုန်းနိုင်ရင် ချယ်မှုန်းနိုင်သလောက် ကိုယ့်ရဲ့ အနုပညာ ကို ထင်ဟပ်စေတယ် ။ သမိုင်းကို ကျန်ရစ်စေတယ် ။ ဒါကြောင့် Blog ဆိုတာကြီး ရှိနေသမျှတော့ Blogger ဆိုတာ ရှိနေဦးမယ်လို့ ထင်ပါတယ် ။ Blogger တို့ရဲ့ သမိုင်း မှတ်တိုင်တွေ ၊ အမှတ်တရတွေ ကျန်ရစ်နေဦးမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ် ။ 

လင်းခေတ်ဒီနို (ခ) ဗညားရှိန်
http://www.lynnkhitdeno.com

( အလုပ်မအားတဲ့ ကြားထဲကနေ ၊ တတ်နိုင်သမျှ  ရေးလိုက်ရတဲ့ ပို့စ်တစ်ခုမို့ ၊ ရှည်ရှည်မရေးနိုင်တာ အတွက်ရော ၊ အချက်အလက် အစုံအလင် မရေးသားနိုင်ခဲ့တာ အတွက်ရော ၊ ကျွန်တော် တောင်းပန်အပ်ပါတယ် ) 

Wednesday, August 7, 2013

အိပ်မက်တွေ လှုပ်နှိုးခံရတဲ့ ကြယ်


ရင်ခုန်သံ မညီမညာနဲ့မို့
ချစ်ခြင်း စကားလုံးတွေ ဖတ်မပြတတ်ခဲ့ဘူး
စံပယ်တွေ သီပြီး စာတွေ မစီတတ်ခဲ့ဘူး
ကိုယ့်ရင်ဘတ် ကိုယ်ဆွဲဖွင့်ပြတာကလွဲရင်
အတ္တ နဲ့ မာနကို ငါ ချခင်းပေးထာပြီးသား ။

ကိုယ်ဟာ ဟိုးး ကောင်းကင် အစွန်းအဖျားနားက
ကြယ်အမှုံ အမွှားတစ်လုံးလေ
သုညတွေနဲ့ လင်းခြင်းနေရတာမို့
ကိုယ့် လက်ကမ်းရင်တောင်
မင်း လှမ်းရဲပါ့မလား ချစ်သူ ။

အမြင်မတူတဲ့ တို့နှစ်ယောက်ကြားမှာ
ဘယ်သူ့ကို လူမိုက် ဌားမလဲ
နတ်ဆိုး တစ်သိုက်ဟာ
မြင်းရိုင်းတွေစီးပြီး
မီးလှိုင်းတွေ ပွေ့ပိုက် ဝင်လာခဲ့ပေါ့ ။

ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။

အိပ်မက်ကို လှုပ်လှုပ်နှိုးသွား
ငြို့မျက်လုံးတွေ ၊ မာယာတွေ
(အဲ့ဒီ) ဝင်ရိုးစွန်းမှာ
ကိုယ်ဟာ ခဏ ခဏ ငြိ မိသွားတဲ့
ကြယ်တစ်လုံးပေါ့ ။

လင်းခေတ်ဒီနို (7.8.13)
.

Tuesday, July 9, 2013

ကျနော့် ရာဟုမလေး

ကမ္ဘာပေါ်မှာ ကျနော် နေစရာ နေရာ အခက်အခဲ ရှိလာတယ်
ကျနော့် ရာဟုမလေးက နေရာတိုင်းမှာ ရှိနေတယ်လေ
ကျနော့် ရာဟုမလေးက နှင်းပွင့်လို ဖြူစင်သည်
ဆောင်းမဟုတ်ပဲနဲ့ သူ့ပုံရိပ်က အေးမြတယ်
ရာဟုမလေးက ယုန်ငယ်လေးလို နူးညံ့တယ်
တိတ်ဆိတ်အေးချမ်းတဲ့ သူ့ အိပ်မက်ထဲမှာပဲ သူနေတယ်
စာအုပ်တစ်အုပ် ဂရင်းတီး တစ်ခွက်နဲ့လည်း သူပျော်နေတတ်တယ်
တဖျစ်ဖျစ်မြည်နေတဲ့ နွေခေါင်ခေါင်လို
တခါတခါ ရာဟုမလေးက ကျွတ်ဆတ်ဆတ်လေး
သူ စိတ်တိုပုံလေးက နှင်းဆီရိုင်းလေး တစ်ပွင့်လို
ကြယ်တွေရဲ့ ဆူးတောင်နဲ့  သူ့ လောကကြီးကို သူရင်ဆိုင်တယ်
ကျနော့် ရာဟုမလေးက စိတ်မပါရင်
အိပ်မက်ကိုတောင် အိပ်မက်ထဲ ထည့်မက်တာမဟုတ်ဘူး
တခါတခါကျပြန်တော့ ကျနော့် ရာဟုမလေးက
နှင်းဆီအရိုင်လေးတစ်ပွင့် မဟုတ်တော့ပြန်သလို နူးညံသိမ်မွှေ့လို့
စံပယ်လို ဖွေးဖြူ ၊ ခရေလို မွှေးကြူတဲ့ ကျွန်တော့် ရာဟုမလေး 
ကပိုကရို ရှက်သွေးရောင်သန်းနေတဲ့ နှုတ်ခမ်းလှလှလေးတွေ နဲ့
မျက်လုံး တောက်တောက်ပပ လေးတွေ နဲ့
လေးထောင့်ဆန်ဆန် ဖလင်အကွက်တွေထဲမှာလည်း အိုက်တင်ခံတတ်ပြန်ရဲ့
လက်သည်းရှည်လှလှလေး မြတ်နိုးတတ်တဲ့ ရာဟုမလေး
တခါတခါ ဆံပင်အကြေကောက်လေးကိုလည်း နှစ်သက်ရဲ့
ကျနော့် ရာဟုမလေး တခါတလေ မခို့တရို့ပြုံးတယ်
တခါတလေ ရှက်ပြုံးပြုံးတယ်
တခါတလေ အိုက်တင်ခံပြီး ပြုံးတယ်
တခါတလေ ဘယ်လိုပြုံးမှန်းမသိအောင်ကို ချစ်စရာကောင်းတယ်
ကျနော့် ရာဟုမလေး မက်ကီးမောက် ကြိုက်တယ်
ဂစ်တာ တီးတာကို နှစ်သက်တယ် ဖိနပ်လှလှလေးတွေ ကြိုက်တယ်
သံပရာ ရနံ့နဲ့ ဘီစကွတ်မုန့် ကြိုက်တယ်
တခါတခါ ကျနော့် ရာဟုမလေးက လည်မလိုလိုနဲ့ ရပ်နေတတ်တယ်
ကျနော့် ရာဟုမလေး တစ်ချက်ပြုံးလိုက်ရင်လေ
ကမ္ဘာကြီး ချက်ချင်းမှောင်သွားလိုက် ချက်ချင်းလင်းသွားလိုက်နဲ့
ကျနော့် ရင်ဘတ်ထဲ ရွှေဗဟိုစည်များ တီးနေသလား အောက်မေ့ရတယ်
ဘယ်လို ညွန်းဆိုရမလဲ ရာဟုမလေးရေ
ဘယ်နက္ခတ်မှာ ပွင့်တဲ့ ပန်းကများ မင်းအလှကို အံတုနိင်ပါမလဲ
 ကြည့် ပြောရင်းဆိုရင်း . . . အဲဒီလို ထပ်ပြုံးပြန်ပြီ
ကဲ ဗီးနပ်စ်ရေ ခင်ဗျားရဲ့ အလှဘွဲ့ ကျနော့် ရာဟုမလေးကို ပေးလိုက်လို့ရပီ ။

လင်းခေတ်ဒီနို

Thursday, July 4, 2013

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့

ဒိုင်ယာရီ ဆိုတာ                           
အချစ်စကားလုံးတွေ ပုန်းခိုခဲ့တဲ့
ဗုံးခိုကျင်းကလေးပဲ. . .  ။

စူးစူးဝါးဝါး ပြန်ငုံကြည့်မိတဲ့
ဒိုင်ယာရီ စာအုပ် တစ်အုပ်
မျက်နှာဖုံးပေါ်က
ဖီးလ်နစ်ဌက်ကလေးတွေက
မီးညွန့် တွေထဲ
ငါ့စိတ်ကို ပစ်သွင်းလိုက်တယ်
အတိတ်ရဲ့ အရိပ်တွေ
ဖိတ်ဖိတ်စင်စင် လွင့်ဖွာတက်လာလို့ . . . ။

အိပ်မက်တွေ ၊ အိပ်မက်တွေ
အိပ်တဝက် နိုးတဝက် ၊
သစ္စာမြို့ပျက်မှာ
တောခြောက်တဲ့ ဗုံသံတွေနဲ့  . . . .  ။

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့မှာ
ကောင်းကင်ကို
ဆွဲခွါပြီး
ဘယ်နှစ်ခါ ပြန်တည့်တည့်
" ဘ၀ " က ရင်ခုန်ရတာပဲ
အဖတ်တင်တယ်
ဒီလိုနဲ့ ငါဟာ
ဘယ်နွေဦးပေါက်မှာမှ မတောက်တဲ့ မီးနဲ
လောင်ကျွမ်းခံလိုက်ရတဲ့
နေတစ်လုံးပေါ့. . . . .  ။

ဆိုဖီယာ . . . .
မင်း မျက်လုံး ရွဲရွဲလေးတွေနဲ့
ငါ့ကို မကြည့်ပါနဲ့တော့
အိပ်မက်ဆိုတာ
ဘယ်နှစ်ခါ ပြန်မက်မက်
အိပ်မက်ပဲ မဟုတ်လား
ဆိုဖီယာ  . . . . ။

ကမ္ဘာတစ်ခြမ်းက နှလုံးသားနဲ့
ကမ္ဘာတစ်ခြမ်းက ချစ်ခြင်းတရား
လက်ခြင်း မချိတ်လည်း နားလည်တယ်

ကွာဝေးနေတဲ့
ကမ္ဘာတစ်ခြမ်းစီကြောင့်
တွဲခိုလိုက်ရတဲ့ မျက်ရည်တွေဟာ
တေးသွားရဲ့ စည်းချက်ဆိုရင်
ဝေးကွာနေတဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
တို့ နှလုံးသားတွေ
မြေချ စိုက်ပျိုးထားလိုက်မယ်

တနေ့ . . . . . . .
ကမ္ဘာ့ဗဟို တစ်နေရာမှာ
တို့ ချစ်ခြင်း အမြစ်တွေ
ဆုံကြလိမ့်မယ် . . . . . . .  ။

လင်းခေတ်ဒီနို ( 4.7.13 )

Friday, May 31, 2013

ကောင်းကင်ရေးတဲ့ ကြယ်

ဒဿရဲ့ နှလုံးသားကို ခြယ်လှယ်ခွင့်ရလိုက်တဲ့
အချစ်ရဲ့ လက်ပါးစေလား . . . .
မျက်လုံး လှလှလေးတွေနဲ့
ငါ့ စိတ်ကို ပွတ်သပ် ဆော့ကစားနေလိုက်တာများ
အဲ့ဒီ တဒင်္ဂကို
စိတ်ကူးယဉ်တွေလုပ်ပြီး
သက်တံပေါ် ပစ်တင်ထားလိုက်တယ်
မင်း မျက်ဝန်းအလှတွေထဲမှာ
ငါ့ကိုယ်ငါ
တိုးတိုးလေး မှောင်လိုက် ချင်ပါရဲ့
တိုးတိုးလေး လင်းလိုက် ချင်ပါရဲ့ ။

သူမဟာ ကျွန်တော်ရဲ့
ကောင်းကင်ရေးတဲ့ ကြယ်
သူမဟာ ကျွန်တော်ရဲ့
တေးဆိုနေတဲ့ နှင်းဆီတံယော
သူမဟာ ကျွန်တော်ရဲ့
ကြယ်စုံတဲ့ ရာသီကို လင်းစေတဲ့ လခြမ်း
ဒီလိုနဲ့ပဲ
ကျွန်တော်ဟာ သူမရဲ့ 
ကဗျာကမ်းနဖူးမှာ
ယဉ်ယဉ်လေး ရူးနေခဲ့တဲ့ကောင် . . .  ။

၁ နှစ် . . . 
၂ နှစ် . . . 
၃ နှစ် . . .
တစ်ခါတလေတော့လည်း
ချစ်ခြင်းလောကကြီးက
ကံကြမ္မာရဲ့ အမဲလိုက်ကောင်းတဲ့ ရာသီတစ်ခုလား . . . ။

ကိုယ့်ကိုယ်ကို
နမ်မီးဆစ် နတ်သမီးရဲ့ လက်ထဲ
အလျှော်အစားလုပ်လိုက် မိတယ် . . . ။

မိုးလင်းအောင် ငေးမိတဲ့ ကောင်းကင်မှာ
ကြယ်ရောင်မပါပဲ
တိမ်မည်းတွေအနောက် လိုက်ခဲ့မိပေါ့
မက်မက်မောမော မျှော်လင့်မိခဲ့တဲ့ လမင်းဟာ
သက္ကရာဇ်တွေထဲ ပြန်ဝင်သွားခဲ့တယ် ။

မိုးဖြိုင်းဖြိုင်းမည်း နေတဲ့ အောက်မှာ
တစ်ကိုယ်စာ
နွေခေါင်ခေါင် ဖြစ်နေတဲ့အထဲ
ကျိန်စာတစ်ခွင်လုံး မိုးစုန်စုန်ချုပ်မှတော့
လက်ကြားက နက္ခတ်မှာ
ကိုယ့်သေတမ်းစာ ကိုယ်ရေးလိုက်တယ်

ကိုယ့် အိပ်မက်တွေ
ကိုယ်ပြန်ခူးခဲ့ရတဲ့ နေ့ . . . ။

မြောက်ပြန်လေညှင်းမှာ
ကိုယ်သင်းရနံ့လေးနဲ့ ကြည်စယ်သွားတဲ့
နတ်ဆိုးမလေးရေ . . .
နွေတစ်မိုး ဆောင်းတစ်မိုးနဲ့
မိုးမမြင် လေမမြင် အိပ်မက်တွေကို
ကဗျာတွေနဲ့ပဲ ပြန်ခွါချနေရတယ်
နှင်းပန်းရိုင်းရိုင်းဟာ ခရမ်းလှိုင်းတွေနဲ့
မီးမြိုက်ခံရပေါ့  ။

အလင်းငွေ့ငွေ့ ကျန်နေသေးတဲ့ အခန်း
ပြတင်းပေါက် အပြင်ဘက်က နွားရိုင်းသွင်းချိန်
ဟိုးးးး ခပ်ဝေးဝေးက
အရွက်ကြွေစရာ မရှိတော့တဲ့ သစ်ခြောက်ပင်
ပင့်သက်ကို ခပ်ပြင်းပြင်း ရှိုက်သွင်းပြီး
မွှန်းကြပ်မှုကို စုတ်ချက်တွေနဲ့ ရိုက်ထုတ်လိုက်တယ်
ငါ့မပါတဲ့ ငါ့စိတ်ဟာ
အလင်းသဲ့သဲ့မှာ
တစ်ယောက်တည်း မိုးချုပ်နေခဲ့တယ် ။

လင်းခေတ်ဒီနို  (31.5.13)

Monday, January 7, 2013

မြစ်တစ်စင်းရဲ့ လျှိုဝှက်ခြင်း

လတစ်ခြမ်းနဲ့ ညကမ်းပါးမှာ
သူမရဲ့ စကားထှာတွေက
မြစ်တစ်စင်းလို နက်ရှိုင်းတယ် ။

နက်ရှိုင်းမှုကို လိုက်လေလေ
ကျယ်ပြန့်မှုက မှန်းဆရ ခက်လေလေပဲ ။

အတက်အကျ မြန်တဲ့ စီးဆင်းမှုဟာ
ငါ့ ကမ်းပါးကို တတိတိ တိုက်စားလာတယ် ။

တိုက်စားခြင်းတွေရဲ့ အမှောင်ရိပ်အောက်မှာ
ပြိုလဲခြင်းတွေ . . . . . . . .

တစ် . စ . . . . . . .
တစ် . . စ . . . .
တစ် . . . စ .


ဒီလိုနဲ့ပဲ
ငါ့နှလုံးသားရဲ့ ဘယ်အရပ်ဒေသတွေအထိ
မင်း . . . . . . .
နောက်ဆုံး ရောက်ခဲ့ပြီလဲ . . . ။

လင်းခေတ်ဒီနို ( 1.6.13 ၊ 10း 48 PM )

လူကြည့်အများဆုံး စာတိုပေစများ