Tuesday, August 23, 2011

Ayarwaddy . . . . " Not For Sale "

တစိမ့်စိမ့် စီးဆင်းနေတဲ့ မေခရဲ့ အလှ တသွယ်သွယ် စီးဆင်းနေတဲ့ မလိခရဲ့ အလှ မြစ်ဆုံဟာ သူတို့ရဲ့ ရင်ခွင်လား ဧရာဝတီဟာ သူတို့ရဲ့ ရင်ခွင်လား မနောတိုင်ဟာ ကချင်ပြည်နယ်နဲ့ သင်္ကေတ ဆိုရင် မြစ်ဆုံဟာ မေခ မလိခရဲ့ သင်္ကေတ ဧရာဝတီရဲ့ နိဒါန်း ဧရာဝတီဟာ သူတို့တွေရဲ့ အိပ်မက်ရင်ခုန်သံ ဧရာဝတီဟာ သူတို့တွေရဲ့ အနာဂတ် ဧရာဝတီဟာ သူတို့တွေရဲ့ မျှော်လင့်ခြင်း သူတို့တွေဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ထာဝရစီးဆင်းကြတယ် ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . .ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ခုန်ပျံတက်လာတယ် ပြန်ခုန်ဆင်းသွားတယ် အတက်အကျ လှိုင်းတွေရဲ့ရာဇ၀င်မှာ ဒီရေ ဒီမြေဟာ သူတို့ရဲ့ ဘူမိနက်သန် သူတို့ဟာ ဧရာဝတီရဲ့ နတ်သမီးပျိုတွေ သူတို့ဟာ ဧရာဝတီရဲ့ ကကြိုး ကချေသည်တွေ သူတို့ဟာ ဧရာဝတီရဲ့ မော်ကွန်းဝင် ရတနာတွေ သူတို့ဟာ ဧရာဝတီရဲ့ အဖိုးတန်ရှားပါး လင်းပိုင်တွေ ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ရှင်သန်တယ် ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ အိပ်မက်နဲ့ပဲ စီးမျောတယ် ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ သွေးနဲ့ပဲ ရဲရင့်ကြတယ် ဧရာဝတီလင်းပိုင်းဟာ ဧရာဝတီရဲ့ ခြေရင်းမှာပဲ ထာဝရအိပ်စက်ကြတယ် ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ဥသြဟာ ဧရာဝတီရဲ့ နေညိုချိန်ကို လွမ်းတယ် ဥသြဟာ ဧရာဝတီရဲ့ ပုစွန်ဆီရောင်ညနေခင်းကို တမ်းတတယ် ဥသြဟာ ကြက်ခွပ်လှိုင်းခတ်နဲ့ ဧရာဝတီရဲ့ အလှကို ကျုးရင့်တယ် ကွန်ပစ်တဲ့ တံငါလှေတွေဟာ ဧရာဝတီရဲ့ ဆည်းလည်းတွေလား မင်းကွန်းတောင်းတန်းကြီးနဲ့ ပုထိုးတော်တွေဟာ ဧရာဝတီရဲ့ နောက်ခံပန်ချီကားလား တရွေ့ရွေ့မျောလာနေတဲ့ ၀ါးဖောင်တွေက ဧရာဝတီရဲ့ အမှတ်သညာလား ဧရာဝတီဆိုတာ အညာဒေသလေးရဲ့ အိုအေစစ်လေးပါ ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဟင်လေးအိုးကြီး ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဒဏ္ဍာရီ ဧရာဝတီဟာ ကျုပ်တို့ရဲ့ နှလုံးသည်းပွတ် ဧရာဝတီကို . . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ချစ်သော ဧရာဝတီ . . . ဧရာဝတီဟာ မြန်မာပြည်ကြီးရဲ့ အလှတစ်ပါး ဧရာဝတီဟာ ညောင်ဦးကမ်းပါးရဲ့ အလှတရား ဧရာဝတီဟာ ပုဂံပြည်ရဲ့ အလှတရား ဧရာဝတီဟာ စစ်ကိုင်းတိုင်းရဲ့ အလှတရား ဧရာဝတီဟာ ဂေါဝိန်ဆိပ်ကမ်းရဲ့ အလှတရား ဧရာဝတီဟာ ပြည်မြို့ရဲ့ အလှတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက အလှတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက သစ္စာတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက ထာဝရအိပ်မက် ဧရာဝတီကို . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ ။ သိဒ္ဓတ္ထလှိုင်ရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး ”်ကျုပ်တို့ရဲ့ ဧရာဝတီ . . . . သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ သမိုင်းတွေရှိတယ် သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့ ရဲရင့်တဲ့ ရာဇ၀င်တွေ ရှိတယ် ဧရာဝတီဟာ သမိုင်းချိုးကွေ့ရောက်တိုင်း ကျုပ်တို့အတွက် အမှတ်တရတွေ မော်ကွန်းတင်ခဲ့တယ် ဧရာဝတီကို ကျုပ်တို့ အဆုံးအရှုံးမခံနိင်ဘူး ဧရာဝတီကို ကျုပ်တို့ သေဆုံးမခံနိင်ဘူး ဧရာဝတီကို ကျုပ်တို့ ပျောက်ဆုံး မခံနိင်ဘူး ဧရာဝတီကို ဘယ်သူလက်ထဲမှ အပါမခံနိုင်ဘူး . . . . ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . . . . . လင်းခေတ်ဒီနို ( 23.8.11 , 1း00 PM )

24 comments:

အနှိုင်းမဲ့ said...

တော်တော်လေးကို မိုက်တယ်။
တကယ်ကို အဓိပ္ပာယ်ရှိတယ်..နတ်ဆိုး
လေးစားပါတယ်.. :)

Cameron said...

ဧရာဝတီ ရောင်းရန်မဟုတ်ပါ.......။ ဟုတ်တယ် ကိုယ့်သွေးကိုဖောက်သောက်နေကြတဲ့ အရှက်မရှိတဲ့ လူတစ်စုအတွက် ဧရာဝတီကိုချစ်တဲ့သူတွေက သူတို့နည်းသူတို့ဟန်နဲ့ကယ်တင်ဖို့ ကြိုးစားနေကြတဲ့ အထဲမှာ နာ့မောင်လေးရဲ့ ကဗျာတစ်ပုဒ်ပါသွားလို့ ၀မ်းသာဂုဏ်ယူမိပါတယ်...။

း)(ဆူရှီကျွေးပါ ဒါပဲ)

စံပယ်ချို said...

ဒီတစ်ခါတော့အရမ်းကိုလေးစားမိပါပြီ...
အဓိပ္ပါယ်ရှိရှိ ဖတ်လိုက်ရတယ်ကိုဗညား။
တိုင်းပြည်ကိုချစ်တဲ့စိတ်ရှိမှ
တိုင်းပြည်ထဲက ပစ္စည်းကိုတန်ဖိုးထား
ရမှန်းသိမှာနော်....
အုပ်ချုပ်သူတိုင်းလဲ တိုင်းပြည်ကို
ချစ်မြတ်နိုးမှု မရှိဘူး..
အလုပ်သဘောတရားပဲရှိတယ်...
ကိုဗညားအပါအ၀င်ချစ်တဲ့သူတွေကတော့
တတ်နိုင်သလောက်ကြိုးစားနေကြတာပဲ
ဂုဏ်ယူပါတယ်ရှင်...

Angelhlaing(May everybody be happy and healthy! said...

ဘာပြောရမှန်းမသိအောင်ပါပဲအကို...မိုက်တယ်..
ဧရာဝတီလည်း ရာဇဝင်ထဲ ကျန်ခဲ့တော့မယ်ထင်ပါရဲ့..:(

ကိုအောင်(ပျူနိုင်ငံ) said...

အဘတို့က စေတနာနဲ့ပါ ....
ဧရာဝတီမြစ်ထဲက ရေတွေကို ခပ်ထုတ်ပြီး ဘောလုံးကွင်း အကျယ်ကြီးတွေ ဆောက်ပေး မလို့ပါ ... :P

ကိုဇော် said...

ရောင်းရန်လည်း မဟုတ်ဘူး . .
ပေးရန်လည်း မဟုတ်ဘူး . .
ငှားရန်လည်း မဟုတ်ဘူး . .
ခဏလည်း ပေးမသုံးနိုင်ဘူး . .

ထိပ်ဖျားကနေ အောက်ခြေအထိ ရှားရှားပါးပါး ဒီမြစ်ရှည်တစ်စီးပဲ ရာဇဝင်ဆန်ဆန် စီးဆင်းနေတာ မဟုတ်လား။

blackroze said...

ဟုတ်တယ်..
ကိုဗညား..ဧရာဝတီ သည်
ရောင်းရန်မဟုတ်...
မှန်၏

KMC@ချင်းလေး said...

အရင်မရောက်ဖူးတာနာတယ်ဗျာ...။ ဧရာဝတီကဗျာလေးကဒီဘလော့ကိုအမြဲလာဖို့ ဖမ်းစားလိုက်သလိုပြောရလောက်အောင် အသက်ဝင်လွန်းတယ်ဗျာ..။ လေးစားပါတယ်အစ်ကိုဗညားရှိန်ရေ..။ပျော်ရွှင်ပါစေဗျာ..။

အိမ့်ချမ်းမြေ့ said...

သေချာပါတယ်.. ရောင်းရန်မဟုတ်ပါ..

noblemoe said...

ဗညားရေးး
ကဗျာလေးကောင်းသလောက် ခံစားချက်တွေကနစ်နေတာနော် ဟူးးးးးးး
ရေသောက်ရင်တောင်မြန်မာပြည်ကိုလွမ်းရတဲ့ ခံစားချက်တွေ ခုတော့

ဟူးးးးးးးးးးးးးး
သူတို့ လည်း အတ္တရဲ့ကျေးကျွန်ဘဝကအမြန်လွတ်မြောက်လို့ 
သူတို့နှလုံးသားနဲ့ဦးနောက်တွေအမြန်ရှင်သန်လာပါစေလို့ပဲဆုတောင်းပါတယ်။


စိတ်ရောကိုယ်ပါကျမ်းမာပျော်ရွှင်ပြီး
သာယာချမ်းမြေ့ပါစေ
မိုး

SHWE ZIN U said...

သိတ်ကောင်းတဲ့ ကဗျာလေးပါ

ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . . . . . ပါဘူး

ဘယ်သူကများ အသဲနှလုံး ကိုထုတ်ရောင်းမှာလည်း

ခိုင်နုငယ် said...

ကိုဗညားရေ....
နှစ်ခေါက်နှစ်ခါ
ကဗျာအားကြိုက်နှစ်သက်ပါသဖြင့်
ဒုတိယမိ ပြန်လာဖတ်ပါကြောင်း။
သေချာတယ်...ဧရာဝတီဟာ
ရောင်းရန်မဟုတ်....
ကျုပ်တို့ရဲ့ ဧရာဝတီကို ဘယ်သူ့လက်ထဲမှ
အပါမခံနိုင်ဘူး...........

မြသွေးနီ said...

စကားလုံးတိုင်းကို သေချာဖတ်ဖြစ်တယ်..။
ရင်ထဲက အံကျလာတဲ့ စကားလုံးတွေကြောင့်
ကဗျာက မာန်ပါတယ်၊ ကြွ ရွနေတယ်။ ကြက်သီးများတောင် ထလာမိရဲ့...။

( Comment ပေးချင်လို့ သူများကို အကူညီတောင်း ၀င်ရေးခိုင်းရတယ် ကှိုဗညားရေ..)

ခင်မင်စွာ...
မြသွေးနီ

သဒ္ဓါလှိုင်း said...

ဗညားရေ
ကိုယ့်အမိမြေအတွက် အရေးကြီးဆုံးဖြစ်တဲ့အချိန်မှာ ကဗျာလေးနဲ့ ဇာတိမာန်တက်ကြွပြီး ရင်ထဲကနေ ထွက်ကျလာတဲ့ နှလုံးသွေးနဲ့ရေးထားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိတယ်။ တာဝန်ကျေပါတယ်ဗညား.။
မဒါ

mstint said...

ရင်ထဲကို စွဲကျန်စေတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါ။ လူသားအားလုံး သောကကင်း၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ စေလိုပါကြောင်း တောင်းဆုပြုခဲ့တယ် ဗညားရေ။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . .

မှန်တယ်..

johnmoeeain said...

အရမ်းကောင်းတဲ့ ကဗျာပဲ ကိုဗညား...ရေ...။
no word to comment :)

Anonymous said...

သြော် ...
သူများတွေများ ရေးတတ်လိုက်ကြတာ ..း))

ငါလည်း အဲ့ဒီ့
မေခ နဲ့ မလိခ မြစ်ဆုံ
အရမ်း ရောက်ဖူးချင်တာ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညိမ်းနိုင် said...

သိပ်ဟုတ်....ဧရာဝတီသည်ရောင်းရန်မဟုတ်...၊ဒါပေမယ့်
အလကားမူးတင်းနှုန်းနဲ့ရောင်းချင်နေကြပြီ....:(

ဇူး said...

သေချာတယ်. ဗညားရေ..
ဧရာဝတီကို မဆုံးရှူံးပါရစေနဲ့... လို့ ဆုတောင်းနေမိတယ်..

မိုးခါး said...

ငါတော့ မုန်းတာပါပဲ .. ဒင်းတို့ကို ..

နက်ဆိုး (Demon) said...

ဟီး အရမ်းကြိုက်လို့ ဆွဲသွားတယ် ။

Ye Thurein Min said...

သိဒ္ဓတ္ထလှိုင်ရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး ” ဆိုတဲ့ စာသားကို နားမလည်လို့ပါ။
“ ရာဇ၀င်များရဲ့ သတို့သမီး ” က ထူးအိမ်သင်ရေးခဲ့တာမဟုတ်ဘူးလား။
သုခမိန်လှိုင်ရေးခဲ့တာမဟုတ်ဘူးလားလို့

Anonymous said...

ဟုတ်ကဲ့ ကိုရဲသူရိန်မင်း . . .

ထူးအိမ်သင်ဟာ . . သုခမိန်လှိုင်နဲ့လည်း စာေ၇းသလို . . . ကဗျာတွေကိုလည်း သိဒ္ဓတ္ထလှိုင် ဆိုတဲ့ ကလောင်နဲ့လည်း ရေးခဲ့ပါသေးတယ် ။

ခင်မင်စွာဖြင့်
ဗညားရှိန်

လူကြည့်အများဆုံး စာတိုပေစများ