Thursday, July 4, 2013

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့

ဒိုင်ယာရီ ဆိုတာ                           
အချစ်စကားလုံးတွေ ပုန်းခိုခဲ့တဲ့
ဗုံးခိုကျင်းကလေးပဲ. . .  ။

စူးစူးဝါးဝါး ပြန်ငုံကြည့်မိတဲ့
ဒိုင်ယာရီ စာအုပ် တစ်အုပ်
မျက်နှာဖုံးပေါ်က
ဖီးလ်နစ်ဌက်ကလေးတွေက
မီးညွန့် တွေထဲ
ငါ့စိတ်ကို ပစ်သွင်းလိုက်တယ်
အတိတ်ရဲ့ အရိပ်တွေ
ဖိတ်ဖိတ်စင်စင် လွင့်ဖွာတက်လာလို့ . . . ။

အိပ်မက်တွေ ၊ အိပ်မက်တွေ
အိပ်တဝက် နိုးတဝက် ၊
သစ္စာမြို့ပျက်မှာ
တောခြောက်တဲ့ ဗုံသံတွေနဲ့  . . . .  ။

ဆုံမှတ်တွေ လွဲနေတဲ့ သက်တံ့မှာ
ကောင်းကင်ကို
ဆွဲခွါပြီး
ဘယ်နှစ်ခါ ပြန်တည့်တည့်
" ဘ၀ " က ရင်ခုန်ရတာပဲ
အဖတ်တင်တယ်
ဒီလိုနဲ့ ငါဟာ
ဘယ်နွေဦးပေါက်မှာမှ မတောက်တဲ့ မီးနဲ
လောင်ကျွမ်းခံလိုက်ရတဲ့
နေတစ်လုံးပေါ့. . . . .  ။

ဆိုဖီယာ . . . .
မင်း မျက်လုံး ရွဲရွဲလေးတွေနဲ့
ငါ့ကို မကြည့်ပါနဲ့တော့
အိပ်မက်ဆိုတာ
ဘယ်နှစ်ခါ ပြန်မက်မက်
အိပ်မက်ပဲ မဟုတ်လား
ဆိုဖီယာ  . . . . ။

ကမ္ဘာတစ်ခြမ်းက နှလုံးသားနဲ့
ကမ္ဘာတစ်ခြမ်းက ချစ်ခြင်းတရား
လက်ခြင်း မချိတ်လည်း နားလည်တယ်

ကွာဝေးနေတဲ့
ကမ္ဘာတစ်ခြမ်းစီကြောင့်
တွဲခိုလိုက်ရတဲ့ မျက်ရည်တွေဟာ
တေးသွားရဲ့ စည်းချက်ဆိုရင်
ဝေးကွာနေတဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
တို့ နှလုံးသားတွေ
မြေချ စိုက်ပျိုးထားလိုက်မယ်

တနေ့ . . . . . . .
ကမ္ဘာ့ဗဟို တစ်နေရာမှာ
တို့ ချစ်ခြင်း အမြစ်တွေ
ဆုံကြလိမ့်မယ် . . . . . . .  ။

လင်းခေတ်ဒီနို ( 4.7.13 )

7 comments:

တသသ said...

ကောင်းကင်ကို
ဆွဲခွါပြီး
" ဘ၀ " က ရင်ခုန်ရတာပဲ
အဖတ်တင်တယ်
ဒီလိုနဲ့ ငါဟာ
ကိုယ့်ဟာကိုယ် လောင်ကျွမ်းခံလိုက်ရတဲ့
နေတစ်လုံးပေါ့ . . . . . ။ :))

ရင်လှိုင်းခတ်သံ said...

သက်တံ တစ်ခု ရဲ့ ဆုံမှတ်တွေ တစ်ကယ် ကို ကမ္ဘာမြေ ရဲ့ တစ်နေရာမှာ ဆုံတွေ့ နိုင်ပါစေ နော်...။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာတစ်ပုဒ်လုံး သိပ်ကို လှပပါပေတယ်။ အထူးသဖြင့်တော့

ကွာဝေးနေတဲ့
ဝေးကွာနေတဲ့
ကမ္ဘာတစ်ခြမ်းစီမှာ .. ဆိုတဲ့ နေရာလေးပါ။ ကဗျာဖတ်သူရဲ့ နှလုံးသားကို ဆွဲငင်ယူသွားနိုင်ပါတယ်။

အလင်းသစ် said...

တစ်နေ့ပေါ့ ... အဲဒီ
တနေ့ . . . . . . .
ဆုံကြလိမ့်မယ် . . . . . . . ။

မိုးနတ်ကြယ်စင် said...

ကွာဝေးနေတဲ့
ဝေးကွာနေတဲ့
ကမ္ဘာတစ်ခြမ်းစီမှာ
တို့ နှလုံးသားတွေ

အဲ့နားလေး အရမ်းမိုက်တယ် :)
တစ်ပုဒ်လုံးကိုလဲ အရမ်းကြိုက်ပါတယ်
ကိုဗညားးးးးးးး အသစ်တွေ့တာနဲ့
ချက်ချင်းလာဖတ်ဖြစ်တော့တာ..ဒါတောင်
မိုးနတ်က အိမ်မလည်ဖြစ်တာကြာနေတော့
ခုမှတွေ့တာလေ :(
လိုင်းတွေ အားကြီးဆိုးတယ် အကိုရေ..
အာ့ကြောင့် ဖဘမှာပဲရှိနေတယ်..
ဘယ်ကိုမှ အိမ်လည်ထွက်ဖြစ်ဘူးးးးးးးးးးးးး

ခင်တဲ့ မိုးနတ်ကြယ်စင်

မငုံ said...

လက်ခြင်း မချိတ်လည်း နားလည်တယ်....တဲ့လားး

တအားမိုက်တယ်...ကိုဗညားရေ

နွေတေးရှင် (မင်းဧရာ) said...

သိပ်ကောင်းတယ် ဗျာ..
ဒီလိုမျိုးတွေ မဖတ်ရတာ ကြာပြီ ။

လူကြည့်အများဆုံး စာတိုပေစများ