Saturday, April 10, 2010

အမေ့ခြေရင်း ထာဝရ ဦးချကန်တော့ပါရစေ

. လွယ်လွယ်နဲ့ ဖွားခဲ့တာ မဟုတ်ဘူး ကိုးလလွယ် ဆယ်လပျိုး သွေးသံတရဲရဲကြားမှာ မျက်ရည်ပေါက်ပေါက်နဲ့ အံကြိတ်ပြီး မွေးပေးခဲ့တဲ့ အမေ . . . . . လောကဓံကို ထုပေဒဏ်ပေခံနိုင်အောင် လက်တွဲပြီး သင်ခဲ့ပေးတဲ့ အမေ . . သားသမီးတွေရဲ့ ရှေ့မှာ မားမားရပ် လာသမျှ ဒုက္ခပေါင်းသောင်းခြောက်ထောင်ကို အိုနွမ်းတဲ့ ရင်တစ်စုံနဲ့ စီးခံ ပေးခဲ့တဲ့ အမေ . . အချဉ်ရည်ဟင်းကောင်းတစ်ခွက်ကို သားတွေအတွက် ချပေးလို့ နောက်ဖေးပေါက်မှာ ဗရာကြော်တစ်ခြမ်း ထမင်းကြမ်း ဆားဖြူးပြီးစားခဲ့တဲ့ အမေ အဲဒီပုံရိပ်တွေ အဲဒီမျက်ရည်စက်တွေ ကျွန်တော့်ရင်မှာ ခုထိ မခမ်းသေးဘူးအမေ . . . . . . “ သား ” လို့ . . တစ်ခွန်းခေါ်လိုက်တဲ့ အမေ့ရဲ့အသံ . . . နားထဲရောက်လာတာနဲ့ ခါးတယ် ဆိုတဲ့ လောကဓံကိုတောင် ကျွန်တော် ဒူးနဲ့ တက်တိုက်ဝံ့တယ် အမေ . . . . . . လောကဋီကာကို အဖွင့်စာမျက်နှာကအစ နိဂုံးအဆုံးအထိ ရင်ဆိုင်သင်ပြ ကျွန်တော့်အသွားတွေ မြ နေအောင် သွေးပေးလိုက်တဲ့အမေ . . . အခု အမေလွှတ်လိုက်တဲ့ ရာဇ၀င်တိုက်ပွဲ လင်းလက်လျှံငြီးနေတဲ့ ကျွန်တော့်ဓားနဲ့ အမေ့အတွက် မော်ကွန်းထိုးခဲ့မှာပါ . . . . . . အဝေးရောက်နေတဲ့ အမေ့သား အမေကြော်ပေးတဲ့ ပဲပြုတ်ထမင်းဆီစမ်း အမေလုပ်ပေးတဲ့ ငါးခြောက်ကြော် အမေချက်ပေးတဲ့ ကန်စွန်းရွတ်အချဉ်ရည်ဟင်း အခမ်းခမ်း အနားနား ပြင်ဆင်ထားတဲ့ အနောက်တိုင်းပီဇာတွေ မြင်တိုင်း တမ်းတ သတိရတယ်အမေ . . . . . . ကံကြမ္မာဆိုတာ မှောက်တစ်ခါ လှန်တစ်လှည့်ပါ ကျွန်တော်တို့ဘ၀ ပေဖြစ်ခဲ့ပြီးပြီးပဲ အမေ တူဖြစ်တဲ့ အလှည့် လောကကြီးအလယ် ရင်ကော့ မော်ကြွားလိုက်စမ်းပါ အမေ . . . . . . အမေ့ ပါးရေတွေ တွန့်ကြေနေခဲ့ပြီး အမေ့လက်တွေ ကြမ်းရှရင့်ထော်နေခဲ့ပြီး အမေရုပ်ရည်တွေ အရမ်းအိုစားသွားခဲ့ပြီး သားသမီးတွေအတွက် သူတစ်ပါးတံတွေးခွက် ပက်လက်မမျှောရုံတမယ် ခံစားခဲ့ရတဲ့ အမေ အဲဒီ ကျေးဇူးတွေနဲ့ အမေ့ခြေရင်း ကျွန်တော်ထာဝရ ဦးချကန်တော့ပါရစေ အမေ . . . . . . . ဗညားရှိန် . . . ( 26.12.09 , 10:01 AM ) ~ ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၀ ~ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေများနေ့ အမှတ်တရကဗျာ . . .

1 comment:

Anonymous said...

တိုက်တိုင်ဆိုင်ဆိုင်ပါပဲ အစ်ကိုဗညားရှိန်....သူငယ်ချင်းတွေဆီကအမေများ
ကိုဂုဏ်ပြုတဲ့ sms လေးတွေရောက်နေတော့
အမေများကိုဂုဏ်ပြုတဲ့ ကဗျာလေးရေးရင်ကောင်းမယ်လို့ 
စဉ်းစားချိန်မှာ အစ်ကို့ ရဲ့ဒီကဗျာလေးကို လာဖတ်မိ
တာပါ။ သုံးခေါက်လောက်ပြန်ဖတ်မိပြီး တန်ဖိုးမဖျက်
နိုင်တဲ့ မိခင်များကို လေးစားစွာ ကန်တော့မိရင်း.....
ခင်မင်လေးစားလျှက်.......ခင်မာလာအောင်..:)

လူကြည့်အများဆုံး စာတိုပေစများ