Friday, September 23, 2011

စိုးထိတ်ပါသည် ဧရာဝတီ

ကျွန်တော် ဧရာဝတီ မြစ်ဆုံအတွက် ပြောချင်တာ အများကြီးရှိပါတယ် ။ ဒါပေမဲ့ ဒီကနေ့ ၂၃ ရက်နေ့အတွက် ဘလော်ဂါ တော်တော်များများ တင်ထားကြပြီး ဖြစ်တဲ့ ဧရာဝတီအတွက် ပို့စ်တွေကို လိုက်ဖတ်ဖြစ်တော့ ကိုယ်ပြောချင်တာ တော်တော်များများကို သူတို့တွေ ပြောထားကြပြီး ဖြစ်နေတယ် ။ ဒါနဲ့အခု ၂၃ ရက်နေ့ နေ့လည်ထိတိုင်အောင် ကျွန်တော် ဘာရေးရမှန်းကိုမသိခဲ့ဘူး ။ ဒါကြောင့် သူတို့နဲ့ မတူပဲကျန်ခဲ့တဲ့ အချက် အလက်တွေကိုပဲ ကျွန်တော် ရေးသင့်ရေးထိုက်လေးတွေ အဖြစ် စိတ်ထဲ ရှိတာလေးတွေလောက်ပဲ ကျွန်တော် ရေးလိုက်ပါမယ် ။ ပထမဦးဆုံး ဧရာဝတီ မြစ်ဆုံဆည် ကန့်ကွက်ရေးအတွက် ရေးမယ်ဆိုရင် ကိုယ်ဘာလို့ ကန့်ကွက်တာလဲ ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာလေးတော့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်တယ်လို့ ထင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိရင်တော့ မဖြစ်ချေဘူး ။ ဒါကြောင့် ဘာလို့ကန့်ကွက်ချင်တာလဲ ဘာကြောင့်ကန့်ကွက်ချင်တာလည်း ဆိုတဲ့နေရာမှာတော့ ကိုယ် ကန့်ကွက်မည့် ကိစ္စကို သေသေချာချာ လေ့လာ စူးစမ်းပြီးမှ ဘယ်အချက်ကို ဘယ်ကြောင်းအရင်းကို ကျွန်တော်တို့ ကျွန်မတို့ မနှစ်သက်လို့ ကွန့်ကွက်ပါတယ်ဆိုပီး အချက်ကျကျ ထောက်ပြပြီးမှ ကန့်ကွက်သင့်တယ် လို့ထင်ပါတယ် ။ အရာရာတိုင်းမှာ တဖက်တည်းအမြင်နဲ့ ပြောဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်တယ် ။ အခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စမှာ အစိုးရဘက်ရော ပြည်သူတွေ ဘက်ကရော နှစ်ဖက်လုံး လိုအပ်ချက်တွေ ရှိနေခဲ့ကြပါတယ် ။ အစိုးရဖက် က မြစ်ဆုံဆည်နဲ့ ပက်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ ၊ ခိုင်မာတဲ့ အကျိုးအကြောင်းတွေ ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ သူ့ဘက် ကိုယ့်ဘက် ရပိုင်ခွင့်တွေ ၊ နောက်ပြီး ဒီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် ဆိုးရွားလာနိုင်မှု ပမာဏ အခြေအနေ ၊ စသည် စသည့် အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာအောင် နိုင်ငံသားတွေကို ချမပြပဲ ၊ ကြေငြာမှု မရှိပဲ လုပ်ပိုင်ခွင့် အာဏာ ဆိုတာ မျိုးနဲ့ လုပ်နေတာဟာ ဆိုးရွားတဲ့ အချက်ပါပဲ ။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်လိုတယ်ဆိုရင်တော့ နိုင်ငံတော် စီမံကိန်းတွေကို ပွင့်လင်း မြင်သာမှုရှိအောင် ပြည်သူတွေကို ချပြဖို့ လိုကို လိုအပ်ပါတယ် ။ လျှိုဝှက်သင့်တာထက် ပိုလျှိုဝှက်ပြီး လုပ်နေတာတွေက ဒီမိုကရေစီ တည်ဆောက်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ မဖြစ်သင့် မရှိသင့်တော့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ် ။ ပြည်သူတွေဘက်ကလည်း မြှောက်ထိုးပေးလို့ သူများအော်လို့ လိုက်အော်နေမယ့် အစား ဖြစ်နေတဲ့ ပြဿနာကို သေချာ လေ့လာရမယ် ။ ပညာရှင်မဟုတ်ပဲ ဟိုယောင်ယောင် ဒီယောင်ယောင် သိသလိုလို တတ်သလိုလို လုပ်သူတွေရဲ့ စကားထက် တကယ်တတ်တဲ့ ပညာရှင်တွေရဲ့ စကားကိုသာ ယုံကြည်သင့်တယ် ။ ဥပမာ မိုးဇလ ပညာရှင် ဦးထွန်းလွင်လို ပညာကို လက်တွေ့ကျကျ အသုံးချနေတဲ သူတွေရဲ့ စကားကို ယုံသင့်သလို ဟိုဝဘ်ဆိုဒ် ဒီဝက်ဆိုဒ်တွေထဲက ဟိုဟာလိုလို ဒီဟာလိုလို ပြောပြီး မိမိနာမည်မဖော်ပြရဲပဲ အမည်မဖော်လိုသူ ပညာရှင်တစ်ဦး ဆိုပြီး ရေးတဲ့ စာတွေကိုတော့ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကိုတော့ သေချာ လေ့လာသင့်တယ် ။ ကျွန်တော့် သဘောအရဆိုရင်တော့ အစိုးရအဖွဲ့ရဲ့ မှန်ကန် စစ်မှန် တိကျတဲ့ တိုင်းထွားချက်တွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာအောင် လုပ်ဖို့ တိုက်တွန်းသင့်တယ် အရင်ဆုံး ကြိုးစားသင့်တယ် လို့ထင်တယ် ။ နောက်ပြီး အစိုးရ အဖွဲ့နဲ့ မပက်သက်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ ရှေ့ကို ထွက်ပြီး တကယ် ဖြစ်နိုင်ချေ တိုင်းထွာ ချက်တွေကို ချပြပေးသင့်တယ်လို့ လည်းထင်ပါတယ် ။ နောက်ပြီး ဒီနေရာမှာ တစ်ချက် ပြောချင်ပါသေးတယ် ။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိစ္စပါ ။ ဦးဇော်မင်း ပြောသွားတဲ့ အထဲမှာ ဈေးကွက်အရ ပိုလို့ ရောင်းစားတာတွေ ၊ တစ်နိုင်ငံလုံး မဂ္ဂါဝပ် ၁၅၀၀ မကုန်တာတွေ ကျွန်တော် ထည့်မပြောတော့ဘူး ။ ဒါတွေက ကလေးတွေတောင် တွေးတတ်လို့ပါ ။ ပြောချင်တာက ဦးဇော်မင်း ပြောသွားတဲ့ အထဲမှာ ဘယ်သူကန့်ကွက် ကန့်ကွက် ဂရုမစိုက်ပဲ ဆက်လုပ်ဆောင်သွားမယ်လို့ ပြောသွားတဲ့ စကားတစ်ခွန်းကိုပါပဲ ။ ကျွန်တော် မေးချင်တာ ၀န်ကြီးပြောသွားတဲ့ အထဲမှာ ဘယ်သူတွေ ကန့်ကွက် ကန့်ကွက်လို့ ပြောလိုက်တယ်ဆိုတော့ ၀န်ကြီးတို့ စီမံကိန်းကို ကန့်ကွက်နေတာ နိုင်ငံခြားတိုင်းတစ်ပါး သားတွေလား ၊ နိုင်ငံခြားပြည်ပ လုပ်ငန်းရှင်တွေလား ၊ နိုင်ငံတော်ကို တော်လှန်ပုန်ကန်နေတဲ့ မြေအောက် သောင်းကျန်းသူတွေလား ။ ဒီစီမံကိန်းကို ကန့်ကွက်နေတာက လက်ရှိအစိုးရ အဖွဲ့ ကို တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူတွေပါ ။ အစိုးရ အဖွဲ့အနေနဲ့ ပြည်သူတွေ တင်မြှောက်လို့ ဒီအစိုးရအဖွဲ့ ဖြစ်လာတာပါလို့ လက်ခံထားတယ်ဆိုရင်တော့ ၊ ပြည်သူတွေ ရဲ့ ဆန္ဒအစစ်အမှန်ကို အစိုးရ အနေနဲ့ ဂရုတစိုက်ရှိကို ရှိရပါမယ် ။ ပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရ အစစ်အမှန်မှ ဟုတ်ပါရဲ့လား ။ နောက်တစ်ချက် ၀န်ကြီး ဦးဇော်မင်းပြောသွားတာပါပဲ “ ဧရာဝတီ ရောဂါဆန်း “ လို့သုံးနှုန်းသွားပါတယ် ။ ရောဂါ ဆိုတာ မှန်ရင် ကုသနိင်တဲ့ ဆေးနည်းလမ်းတွေ ရှိပါတယ် ။ ၀န်ကြီးပြောသလို မြစ်ဆုံအရေးဟာ ပြည်သူတွေရဲ့ ရောဂါဆန်း ဆိုတာမှန်ရင် ၊ ဘယ်သူကန့်ကွက် ကန့်ကွက် ဆက်လက်လုပ်ဆောင်သွားမယ် ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ အာဏာရှင်ဆန်ဆန် နာတာရှည်ရောဂါသည်တွေ ကိုရော နာမည်တပ် အလွန်တော်တဲ့ဝန်ကြီး ဘယ်လို အမည် နာမ တပ်မှာပါလဲ ။ ပြည်သူတွေရဲ့ ရောဂါဆန်းက ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့ရဲ့ ပြည်သူ့ဆန္ဒကို ဂရုစိုက်ဖြေရှင်ပေးမှု ပြည်သူ့အပေါ် အလေးထားမှု ပြည်သူ့ တောင်းဆိုမှုကို လိုက်လျှောပေးရုံနဲ့ ပျောက်သွားနိင်ပေမဲ့ ၊ အာဏာရှင်ဆန်ဆန် နာတာရှည်ရောဂါသည်တွေရဲ့ ရောဂါကိုရော ဘယ်လို အမြစ်ပြတ်အောင် ကုနိင်မှာပါလဲ ။ ဒီပုံစံအတိုင်း ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ရောဂါဆန်းတွေက တစ်ခုမက တစ်ခုပြီး တစ်ခု ဆက် ဖြစ်နေဦးမှာပါပဲ ။ ဒါကြောင့် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော် ကန့်ကွက်တဲ့ အကြောင်းအရင်းတွေကတော့ ၁ ။ ။ စီမံကိန်းတည်ဆောက်မည့် တိုင်းထွာချက်တွေ ပွင့်လင်းမြင်သာမှု မရှိခြင်း ၂ ။ ။ ပြည်သူ့တွေရဲ့ ဆန္ဒကို ဂရုစိုက် အရေးတယူ မရှိခြင်း ၃ ။ ။ သဘာဝပတ်ဝန်းကျင် ဆုတ်ယူလာနိုင်မှုကို လစ်လျူးနေခြင်း ၄ ။ ။ စစ်မှန်တိကျတဲ့ အချက်အလက်တွေ ထုတ်ပြန်မှု မရှိခြင်း ၅ ။ ။ ဒေသခံ ပြည်သူတွေအတွက် အကျိုးရရှိနိုင်မှု နည်းခြင်း ကျွန်တော် သိသမျှ ဒီလောက်နဲ့တင် ကန့်ကွက်ဖို့ လုံလောက်နေပြီ ဖြစ်လို့ ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော်
ကန့်ကွက်ပါသည်
အမှန်တော့ ကျွန်တော်ပြောချင်တာ ဒီထက်များပါသေးတယ် ။ ဒါပေမဲ့ ဘလော်ဂါ မောင်နှမတွေ ပြောတာတွေမှာ ကျွန်တော်ပြောချင်တာတွေ တော်တော်များများပါနေပြီးသားဆိုတော့ ကျွန်တော်စိတ်ထဲ ရှိတာလေးတွေ အနည်းအကျဉ်းလောက် ကိုပဲ ထည့်ရေးခဲ့တာပါ ။ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီး အစဉ် တည်တံ့ပါစေလို့ ဆုတောင်ရင်း . . ။ ခင်မင်စွာဖြင့် ဗညားရှိန်

20 comments:

Cameron said...

ဧရာဝတီကို ဖျက်စီးမယ့်စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

မိုးခါး said...

အင်းးးး ပြောရရင်တော့ ကုန်မယ်မထင်ဘူးကွယ် .. လိုရင်းကတော့ မြန်မာနိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေ တန်ဖိုးတွေကို မြန်မာနိုင်ငံသားတိုင်း ခံစားနိုင်ဖို့ပါပဲ .. မြန်မာနိုင်ငံကို ထပ်မဖျက်ဆီးကြပါနဲ့တော့ ...

mstint said...

အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးလေးတွေကို မီးမောင်းထိုးပြသွားတာ ကောင်းတယ် ဗညားရေ။
မြန်မာပြည်သူ ပြည်သားများအားလုံးချစ်တဲ့ ခင်တဲ့ မြတ်နိုးတွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းပါစေသားလို့ ဆုတောင်းနေမိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာလေးတော့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်တယ်လို့ ထင်ပါတယ်
အမှန်ပါပဲ
ဧရာဝတီက အမြဲရှင်သန်နေမှာပါ
ဧရာဝတီအရေးက ဝိုင်းဝန်းအဖြေရှာရမှပါ
မဟာတံတိုင်းနောက်ကလူတွေ ကြားစေသား။

အဖြူရောင်နတ်သမီး said...

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်။

မြသွေးနီ said...

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

စံပယ်ချို said...

ပြည်သူအားလုံးကန့်ကွက်သလို jas လဲကန့်ကွက်ပါ၏
အားလုံးရဲ့ ကန့်ကွက်မှုကိုလဲ ထောက်ခံပါ၏
ခင်မင်တဲ့ jasmine

တောက်ပကြယ်စင် said...

မိခင်ဧရာဝတီကို ဖျက်ဆီးမယ့် စီမံကိန်းကို လုံးဝကန့်ကွက်ပါကြောင်း...အကြွင်းမဲ့ ဆန့်ကျင်ပါကြောင်း...

Anonymous said...

အကျိုးအကြောင်းတော့ကြိုက်တယ်ဗျာ လူဆိုတာပွင့်ပွင့်လင်းလင်းသဘောထားကွဲလွဲခွင့်ရှိတယ်မလား အဲ့တော့ အကျိုးအကြောင်းညီညွတ်တဲ့ ကိုကြီးရှိန်ရဲ့စကားတွေကိုထောက်ခံတယ်ဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

ညိမ်းနိုင် said...

ရင်ဘတ်ချင်းနီးလိုက်တာ....၊ဧရာဝတီစီမံကိန်းကို ပြည်သူ့
ဆန္ဒကိုလှစ်လှူရှုတာတစ်ခုတည်းနဲ့တင်ကန့်ကွက်ပါတယ်

ဆင်တဲကဖေး said...

ကိုညိမ်းနိုင် နဲ့ ကျတော် တသဘောတည်းပဲ..။ဟုတ်တယ်ဗျာ..။ပြည်သူ တွေကို ဒီလူတွေ မထီမဲ့မြင် ပြုလွန်းတယ်...။ ရိုင်းလိုက်ကြတာဗျာ..။ဧရာဝတီ မြစ်ကမ်းဘေးမှာ ကြီးပြင်းခဲ့ကြတဲ့ ဆင်တဲ အဖွဲ့သားအားလုံးက ဒီစီမံကိန်း အစုတ်ပလုတ်ကို ချွင်းချက် မရှိ ကန့်ကွက် ပါတယ်..။

blackroze said...

ကိုဗညားနဲ့ထပ်တူထပ်မျှကို
ကန့်ကွက်ပါသည်..

ညီရဲ said...

ဟုတ်ပါတယ် အစ်ကို ဦးထွန်းလွင်လို လူမျိုးကတောင် ကန့် ကွက်နေတာကို သူတို့ ဘာကြောင့်ဆိုတာ စဉ်းစားသင့်ပါတယ်။ တရုတ်မှာလဲ မြစ်တွေ ရှိပါတယ်။ ဥပမာ မြစ်ဝါမြစ်ဗျာ... အဲဒီမှာလုပ်ပေါ့... ခုတော့ မပြောချင်တော့ပါဘူး...
မြစ်ဘေးနေတဲ့သူတစ်ယောက်အနေနဲ့ ကတော့ မြစ်ကြီးကို ထိခိုက်မဲ့ ကိစ္စဆိုရင်တော့ ကန့် ကွက်ရမှာပါဘဲ...
ဒါကြောင့်လဲ ကျွန်တော်က ကန့် ကွက်တာပါ...

မြတ်မွန် said...

အပြည့်အဝကို ကန့်ကွက်ပါတယ်ဗညားရေ..။
ဒါပေမယ့်တော့ ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ် ။

မဒမ်ကိုး said...

အင်း ပြောချင်တာတွေပါသွားပြီ..........
ကောင်းလိုက်တာ ။။။
ဧ၇ာဝတီရယ်စီးဆင်းပါ
ငြိမ်းချမ်းခြင်းတို့ပေါင်းဆုံစုစည်းရာ.............

ကိုဇော် said...

ဒီလောက်ပဲ ဆိုပေမဲ့လည်း ဒီလောက်လေးကလည်း တာ သွားပါတယ်။

ထပ်တူ ထပ်မျှ ကန့်ကွက်ပါကြောင်းးးးးးး

နှင်းနုလွင် said...

အသွေးထဲ၊ အသားထဲကကို နာတယ်....ဘလော့ဂါ မောင်နှမတွေအားလုံးထဲမှာ
တူညီတဲ့ ကန့်ကွက်ခြင်းတွေ ပေါင်းစပ်နေတယ်။

Anonymous said...

xanax online long does 1mg xanax stay system - buy xanax without rx

Anonymous said...

buy tramadol rx tramadol online usa - buy tramadol online reviews

လူကြည့်အများဆုံး စာတိုပေစများ