Friday, September 9, 2011

Blogger ဆိုတာ ဘာလဲ . .

ကျွန်တော် ပို့စ်စရေးရေးချင်းပဲ ထပ်ပြီး ပြောပါဦးမယ်ဗျာ ။ ကျွန်တော် စာရေးကျဲနေပါဦးမယ် ။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်က နွေရာသီပိုင်းဆိုတော့ အရမ်းကို အလုပ်များပါတယ် ။ မနက် ၇ နာရီကနေ ည ၆ နာရီထိပါ ။ သောကြာ စနေလို weekend တွေဆိုရင် ည ၈ နာရီလောက်ထိ အလုပ်များပါတယ် ။ တစ်နေကုန် မတ်တပ်ရပ် လုပ်ရတဲ့ အလုပ်မို့လို့ အလုပ်က ပြန်လာပြန်တော့လည်း ပင်ပန်းတဲ့ ဒဏ်နဲ့ရော နောက်ပြီး သုံးလေး နာရီလောက်သာရတဲ့ နည်းလွန်းတဲ့ ကိုယ့်ပါစင်နယ် အချိန် လေးမှာရော လုပ်စရာတွေက များတာမို့ ကျွန်တော် စာရေးနိုင်ဖို့ တော်တော် ကြိုးစားရပါတယ် ။ ဒါကြောင့် ကျွန်တော့် ကို ခင်မင်တဲ့ ညီအကို မောင်နှမတွေ ကျွန်တော်စာရေးကျဲနေတာကို ခွင့်လွှတ်ပေးကြပါဦးလို့ ကျွန်တော် နိဒါန်း အနေနဲ့ ပဏာမ ဦးစွာပြောလိုပါတယ် ။ ပြီးခဲ့တဲ့ ၈ ရက်နေ့က ၉လပိုင်းက ညီငယ် မောင်စွယ်စုံကျမ်း နဲ့ ညီမငယ် မိလှိုင် ( Angelhlaing ) တို့က ကျွန်တော့်ကို . . . “ Blogger ဆိုတာ ဘာလဲ ” . . . ဆိုတဲ့ ခါင်းစဉ်နဲ့ တဂ် ထားခဲ့တဲ့အတွက် ကျွန်တော် သိခဲ့ ၊ ကြားခဲ့ ၊ လေ့လာဖူးခဲ့ သမျှလေးတွေနဲ့ ကျွန်တော်စိတ်ထဲ ထင်မြင်တာလေး တွေကို ရေးသားလိုက်ပါတယ် ။ Blogger ဆိုတာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ကိုယ့်ဆန္ဒ ၊ ကိုယ့်အနုပညာ ၊ ဘာသာရပ်အကြောင်းအရာ တွေကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိတဲ့ နေရာတစ်ခုရယ်လို့ သတ်မှတ်လာကြတဲ့ နေရာလေးတစ်ခုပါ ။ အနောက်နိုင်ငံတော်တော်များများမှာ ၂၀၀၀ ၀န်းကျင်က blogger ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပေမဲ့ အာရှနိုင်ငံတော်တော်များများမှာတော့ ၄ နှစ် ၅ နှစ်လောက် နောက်ကျပြီးမှ အသုံးပြုခဲ့ကြတယ်လို့ သိဖူးတယ် ။ ဒါက နိုင်ငံတကာ တရားဝင် ထုတ်ပြန်ချက်မဟုတ်ပေမဲ့ ကျွန်တော်ဖတ်ဖူးတာကနေ တဆင့်ပြန်ပြောပြတာမို့ မှန်တယ်လို့ ကျွန်တော် အာမ ခံနိုင်ခြင်းမရှိပါဘူး ။ သေချာတာကတော့ မြန်မာနိုင်ငံမှာ ဘလော့ဆိုတာကို ၂၀၀၄ ၂၀၀၅ မှာ အစပြုခဲ့တာပါ ။ ဒါတွေက အချို့သူတွေ သိပြီးသားဆိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေး ထပ်မပြောနေတော့ဘူး ။ Blog ဆိုတာ ကိုယ့်ရဲ့ အနုပညာ ၊ ဆန္ဒ ၊ ပညာရပ်များကို လွှတ်လပ်စွာ ထုတ်ဖော်ရေးသား ရာနေရာလို့ ဆိုတဲ့ အချက်ကို ကျွန်တော် သဘောတူလက်ခံခဲ့တယ် ။ မြန်မာနိုင်ငံမှာ Blog့ ကို အနုပညာနဲ့ ပက်သက်ပြီး အသုံးပြုမှုနဲ့ စတင်ခဲ့ကြတယ် ။ အဲဒီနောက်ပိုင်းမှ နည်းပညာပိုင်းဆိုင်ရာတွေ ၊ ဘာသာရေးဆိုင်ရာတွေ ၊ နိုင်ငံရေးဆိုင်ရာတွေ နဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ ဆိုင်ရာ ပက်သက်မှုတွေကို အသုံးပြုလာကြတာာပါ ။ နောက်ပြီး Blog ဆိုတာလေး လုပ်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို blogger ဖြစ်ပြီးလို့ သတ်မှတ်ချင်ကြတာကို ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး ။ Blogger မှာစည်းကမ်းသတ်မှတ်ချက်တွေ ရှိပါတယ် ။ တရာဝင် ထုတ်ပြန်ထားတာ မဟုတ်ပေမဲ့ နိုင်ငံတကာ Blogger တွေ သတ်မှတ်ခဲ့ကြတဲ့ စည်းကမ်းလေးပါ ။ ပထမဦးဆုံး Blog ရေးတယ်ဆိုတာ ရည်ရွယ်ချက် ရှိရပါမယ် ။ ခင်ဗျား ဘာလုပ်ဖို့ ရေးတာလည်း ၊ ကိုယ့်အနုပညာ ထုတ်ဖော်ချင်လို့လား ၊ ကိုယ့်နည်းပညာ မျှဝေချင်လို့လား ၊ ကိုယ့်အတွေးအခေါ်တွေကို စာဖတ်သူမြင်အောင် ချပြချင်လို့လား၊ ပြည်ပရောက်နေတဲ့ စာဖတ်သူတွေအတွက် ပြည်တွင်းက စာရေးဆရာတွေရဲ့ စာပေတွေကို ပြန်လည်မျှဝေပေးချင်လို့လား ၊ မဟုတ်ရင် ကမ္ဘာပေါ်က ဖြစ်ပျက်နေသမျှ ဗဟုသုတ အထွေထွေကို စာဖတ်သူတွေ မြင်တွေ့နိုင်အောင် လုပ်ပေးချင်လို့လား ရည်ရွယ်ချက် တစ်ခုတော့ ခင်ဗျားတို့ ထားသင့်တယ် ။ ရေးချင်ရာ လျှောက်ရေး ပြောချင်ရာပြော အပျော်သဘော လုပ်ပြီး ရေးနေတဲ့ သူဟာ Blogger မဟုတ်ဘူး ။ Blogging နေတဲ့ စာဖတ်သူ တစ်ဦးလို့ပဲ ကျွန်တော်မြင်တယ် ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ ရည်ရွယ်ချက် တခုခု ထားတာ Blogger တစ်ယောက်မှာ ရှိသင့်တဲ့ အချက်တစ်ချက်ပါပဲ ။ နောက်တစ်ချက်က Blogger ဆိုတာ ကိုယ်ထုတ်ဖော်ပြောဆိုလိုက်တဲ့ အကြောင်းအရာပေါ်မှာ မှန်သည် မှားသည် ဆိုတာကို လုံးဝ တာဝန်ယူရဲတဲ့သူ ဖြစ်ကို ဖြစ်ရပါမယ် ။ မိမိပြောဆိုရေးသားလိုက်တဲ့ အကြောင်းအရာမှာ စာဖတ်သူအတွက် မှားယွင်းတဲ့ အတွေးခေါ် အယူဆတွေ ဖြစ်သွားခဲ့တဲ့ အပေါ် အလုံးစုံ ၀န်ခံတာဝန်ယူနိင်ရပါမယ် ။ Blog တစ်ခု ရတာနဲ့ လွတ်လပ်ပါပြီးဆိုပီ ပေါက်တတ်ကရ ရေးချင်ရာရေး ၊ ပြောချင်ရာပြော ၊ စာဖတ်သူတွေ ဘယ်လို ယူဆပြီး ဘယ်လို မှားယွင်းတဲ့ လမ်းမှားလျှောက်လျှောက် ငါ့တာဝန်မဟုတ်ဘူး ငါနဲ့မဆိုင်ဘူး ဆိုပြီး နေတဲ့သူဟာ Blogger မဟုတ်ဘူး ။ Blogger ဆိုတာ တာဝန်ကြီးတဲ့သူပါ ။ Blog ရေးတဲ့ Blogger ဆိုတာ အပြင်ပန်းကြည့်ရင် ပေါ့ပေါ့ပါးပါး ရေးသားလို့ရတဲ့သူလို့ ထင်ပေမဲ့ ၊ တကယ့် ပြင်ပ ဂျာနယ် မဂ္ဂဇင်း ၀ထ္တုတွေရေးနေတဲ့ စာရေးဆရာကြီးတွေလို စာဖတ်သူ လမ်းမှား မရောက်အောင် မိမိ စာပေအကြောင်းအရာပေါ်မှာ တာဝန်ယူရတဲ့ သူတွေပါ ။ သိပ်ဝေးဝေး မကြည့်နဲ့ ။ ခင်ဗျားတို့ ကျွန်တော်တို့ စာပေရေးသားမှု ပိုင်းမှာ လေးစာရတဲ့ တစ်ပြည်သူ အိမ့်ချမ်းမြေ့ (မလေး) ၊ သူဆိုရင် သူ့ရေးသားတဲ့ စာပေအရေးသား အကြောင်းအရာ ပေါ်မှာ အရမ်းကို ဂရုစိုက်တတ်သူပါ ။ သူ့ စာပေကနေ စာဖတ်သူတွေ အထင်အမြင် လွဲမှားမှုတွေ ၊ မကောင်းတဲ့ အကျင့်စရိုက် အယူအဆတွေ ၊ ရသွားမှာကို သိပ်စိုးရိမ်တဲ့သူပါ ။ သူ စာရေးတိုင်း တခါတလေ ကျွန်တော်ကို လာမေးပါတယ် . . ဗညားရေ မလေးရေးတဲ့ ဒီစာက စာဖတ်သူတွေ ဘယ်လို ထင်သွားနိင်လဲ ဘယ်လို မြင်သွားနိင်သလဲ တချက် ပြောကြည့်ပါဦး ဆိုပီး မေးလေ့ရှိတယ် ။ ဒါဟာ သူ့ ရေးတဲ့ စာပေပေါ် သူ လုံးဝ တာဝန် ယူချင်လို့ ၊ စာဖတ်သူကို အမြင်မှား အတွေးမှာတွေ မပေးချင်လို့ စာရေး ကတည်းက စည်းကမ်းထားပြီး ရေးသားနေတာ ။ ဒါကြောင့်မို့ Blog လောကမှာ သူဟာ စာပေရေးသားမှု အပိုင်းမှာ နာမည်ရခဲ့တဲ့သူ ၊ ကျွန်တော်တို့ ကျွန်မတို့ လေးစားရတဲ့ စာရေးသူ တစ်ယောက်ရယ်လို့ ပြောဆို ရလောက်တဲ့အထိ သိက္ခာရှိခဲ့တဲ့သူ ။ ခင်ဗျားတို့ရော အဲဒီလို လုပ်ရဲလား ၊ ခင်ဗျားတို့ အဲဒီလို လုပ်နိင်မလားးး . . . ခင်ဗျားတို့ စဉ်းစားကြည့်စမ်း ။ ဟုတ်ပြီး . . အဲဒီလိုမျိုး ကျွန်တော်တို့ ကျွန်မတို့ လုပ်နိင်ပါတယ် လုပ် နိုင် ခဲ့ ပါ တယ်ဆိုရင် . . ခင်ဗျားတို့ ကိုယ့်ကိုယ်ကို Blogger တစ်ယောက်ပါလို့ ဂုဏ်ယူလိုက်စမ်းးပါ ။ စာဖတ်သူရဲ့ အမြင်မှာ ခင်ဗျားတို့ရဲ့ စာပေရေးသားမှုအပိုင်း သိက္ခာကျမသွားစေရဘူးလို့ ကျွန်တော် ရဲရဲကြီး အာမခံလိုက်မယ် ။ နောက်ပြီး Blogger တွေမှာ Blogger အချင်းချင်း လေးစားမှုဆိုတာ ရှိသင့်တဲ့ အချက်တစ်ချက်ပါ ။ ကိုယ်ဟာ တစ်ပါးသူရဲ့ စာပေအရေးအသားတွေကို တစ်ပိုဒ်အစ တစ်ကြောင်းအဆုံး ကူးယူ အသုံးပြုမယ်ဆိုရင် အဲဒီစာပေရေးသားသူရဲ့ နာမည်ကို ဖော်ပြပေးသင့်တယ် ။ အခုခေတ်မှာ ( အများအားဖြင့် ၁၄ နှစ် နဲ့ ၂၂ နှစ်ကြား ) ဆယ်ကျော်သက် လူငယ်တွေထဲက အချို့သော လူငယ်တွေဟာ တစ်ပါးသူရေးတဲ့ ကဗျာ စာပေ တွေကို ကူးချင်သလိုကူး ပြီးရင် ကိုယ်ပိုင်ရေးသားသလိုနဲ့ ဆိုရှယ်ဆိုဒ်တွေမှာ တင်ချင်သလို တင်နေကြတယ် ။ ဒါဟာ မူရင်းစာပေရေးသားသူကို စော်ကားနေသလို သူတို့ရဲ့ အကျင့်စရိုက်ကို ဖော်ပြနေတာပဲ ။ ဒါဟာ မဖြစ်သင့်တဲ့ အချက်ပါ ။ လူငယ်တွေကို သိတတ်ကာစ အရွယ်ကတည်းက ကိုယ့်စာပေ ကိုယ်ယဉ်ကျေးမှုကို မြတ်နိုးတတ်တဲ့ စိတ် အကျင့်သီလ စောင့်ထိန်းတတ်တဲ့စိတ်တွေကို နားလည်လာအောင် စောင့်ထိန်းတတ်အောင် သင်ကြား ပေးသင့်ပါတယ် ။ ဒါကလည်း လူငယ်တွေကို အပြစ် မပြောသာဘူး သူတို့ အရှေ့မှာ နာမည်ကျော် စာရေးဆရာကြီးတွေ ကိုယ်တိုင် သူတစ်ပါး စာပေတွေကို ပေါ်တင် ခိုးကူးနေတာပဲလေ ။ ရှေ့ကသွားတဲ့ နွားလား ဖြောင့်ဖြောင့် မသွားတော့ နောက်ကလိုက်တဲ့ နွားလား ကောက်ကောက်လိုက်တာ ဆန်းသလားဗျ ။ ဒါပေမဲ့ လူငယ်တွေကို ဒီအတိုင်း လွှတ်ထားမဲ့ အစား ကျွန်တော်တို့ ၀ိုင်းဝန်း ပြုပြင်ထိန်းသမ်း ပေးသင့်တယ် ။ လူငယ်တွေကို ပြောပြ ဆိုဆုံးမသင့်တယ် ။ တစ်ယောက်နိုင်ရင် တစ်ယောက် ၊ နှစ်ယောက်နိုင်ရင် နှစ်ယောက်ပေါ့ ။ ဆယ်ယောက်ကို ပြောပြလို့ တစ်ယောက် နားလည်လက်ခံသွားရင်လည်း ဒါဟာ ကျွန်တော်တို့အတွက် အမြတ်ပဲ ။ ကျွန်တော်တို့တတွေ လူငယ်တွေကို စရိုက်ကောင်းတွေ အကျင့်ကောင်းတွေ နေထိုင်ပြုမူတတ်လာအောင် ပြုပြင်ပြောင်းလဲ ပေးသင့်တယ် ။ အဲဒီအတွက် ကိုနေဘုန်းလတ် ရေးသားခဲ့တဲ့ “ Blogger နှင့် Chatter ” ဆိုတာ ခင်ဗျားတို့ သွားဖတ်ကြည့်ပါ ။ Blogger တစ်ယောက် နဲ့ Chatter တစ်ယောက်ရဲ့ ကွာခြားပုံ တာဝန်ယူတတ်မှု ၊ သိတတ်မှု ၊ အကျင့်သီလ ၊ ခံယူချက် ၊ အစစအရာရာ ခင်ဗျားတို့ နားလည်လာလိမ့်မယ် ။ သူ့ ပိုစ့်မှာ ကောမန့် ပေးထားတဲ့ သူတွေကို ခင်ဗျားတို့ ကြည့်လိုက်စမ်း တကယ့် Blog ခေတ်ဦး စာရေးသူတွေချည်းပဲ ။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်လေးစားရတဲ့သူ ။ လွတ်လပ်စွာရေးသားပိုင်ခွင့် ဆိုတာကို မြတ်နိုးပြီး ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင် အနုပညာမြတ်နိုးမှု နဲ့ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးပါ ။ လွတ်လပ်စွာရေးသားခွင့်ကိုမြတ်နိုးလို့ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှာ သတင်းတွေကို ဘလော့ကနေ တဆင့်ဖော်ပြခဲ့မှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရတဲ့ ပထမဦးဆုံး Blogger လူငယ်တစ်ဦးပါ ။ အသက် ၃၀ မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ စာပေမြတ်နိုးမှု ၊ စာပေအကျင့်သီလပိုင်း ၊ လူငယ်တွေကို လမ်းကြောင်းမှန် ရောက်အောင် သွန်သင်ပေးတဲ့ သူ့ရဲ့ စေတနာကို သူရေးသားခဲ့တဲ့ ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် ဆိုတဲ့ Blog ထဲက “Blogger နှင့် Chatter ” ဆိုတဲ့ ပို့စ်ထဲမှာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ။ ကျွန်တော်သူ့ကို လေးစားရတယ် ဆိုတဲ့ အကြောင်းအရင်းက Blogger တစ်ယောက်ရဲ့ အကျင့်သီလစောင့်ထိန်းမှု နဲ့ နောင်လာနောင်သား လူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေးတဲ့ Blogger တစ်ယောက်ရဲ့ စေတနာကို လေးစားမိတာ ။ နောက်ဆုံး နိဂုံးချုပ်ပြောရရင် Blogger တစ်ယောက်ဆိုတာ လွတ်လပ်စွာ ရေးသားနိုင်ပေမဲ့ တာဝန်ယူမှုအပိုင်းမှာလည်း မသေးဘူးဆိုတာ နားလည်စေချင်တယ် ။ Blogger အချင်းချင်းမှာလည်း ထားသင့်ထားထိုက် ရှိတဲ့ရှိထိုက်တဲ့ ရိုသေလေးစားမှု စာပေလေးစားမှုတွေကိုလည်း ထားရပါမယ် ။ စောင့်ထိန်းအပ်တဲ့ စာပေအကျင့်သီလပိုင်းကိုလည်း စောင့်ထိန်းရပါမယ် ။ အခု ကျွန်တော်ပြောခဲ့တဲ့ အချက်တွေကို ခင်ဗျားစောင့်ထိန်းနိုင်တဲ့ အချိန်အခါရောက်ရင် ခင်ဗျားဟာ Blogger ဆိုတာ ဘာလဲ ဆိုတာကို သေသေချာချာ နားလည် လာပါလိမ့်မယ် ။ အဲဒီအခါကျရင် ခင်ဗျားဟာ " ကျွန်တော်ဟာ ကျွန်မဟာ Blogger တစ်ဦးပါ " လို့ ရဲရဲဝံ့ဝံ့ ပြောဆိုနိင်ပါပြီး ။ အဲဒီအချိန် ရောက်ရင် ကျွန်တော်လည်း ခင်ဗျာကို လေးစားထိုက်တဲ့ Blogger တစ်ဦးအနေနဲ့ လေးစားနေမှာပါ ။ ကျွန်တော့်ကို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ များအားလုံး Blogger ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ ။ ဒီပို့စ်လေးဟာ ကျွန်တော်ရဲ့ အမြင် ကျွန်တော်ရဲ့ အတွေးအခေါ်သာ ဖြစ်တဲ့အတွက် မည်သူမဆို သဘောထား ကွဲလွဲနိုင်ပါတယ် ။ မိမိ အမြင်ကို ဒီပို့စ်ရဲ့ ကောမန့်မှာ လွတ်လပ်စွာ ရေးသားသွားနိင်ပါတယ် ။ ဒီအတွက် ကျွန်တော် ဘာမှ ပြန်လည်ချေပမှာ မဟုတ်သလို ခင်ဗျားတို့ရဲ့ အမြင်ကိုလည်း ကျွန်တော် လေးစာနေမှာပါ ။ အားလုံးကိုခင်မင်စွာဖြင့် ဗညားရှိန် ( 9.9.11,9:15 AM )

20 comments:

သဒ္ဓါလှိုင်း said...

အလုပ်များတယ်ဆိုပြီး ရှောင်ပုန်းဖို့ ကြိုးစားနေတာလားဗညားရေ.း)။
blogger တဦးရဲ့ တာဝန်နဲ့ ရှိထိုက်တဲ့ အရည်အသွေးလေးတွေကို သိရပါတယ်။
ချမ်းမြေ့ပျော်ရွှင်ပါစေ။
ခင်မင်လျက်
မဒါ

ကိုဇော် said...

မှန်တာပေါ့။ တကယ်တော့ ဘလော့ဂါ တစ်ယောက် ဖြစ်ဖို့က တယ်မလွယ်လှပါဘူး။ သူများရဲ့ အမြင်ကို ထပ်ဆင့်ပုံဖော်ရတာတွေ ရှိသလို ၊ ကိုယ်ပိုင် တွေးတောရတာတွေလည်း ရှိတာပဲ မဟုတ်လား။ ဖန်တီးမှုတိုင်းမှာ ပြောမပြနိုင်တဲ့ အချိန်တွေ ၊ စိတ်ပင်ပန်းမှုတွေ ရှိပါတယ်။ ဒါကိုနားလည်တတ်ကြမယ် ဆိုရင် အလွယ်တကူ ကူးကြမှာ မဟုတ်ပါဘူး။ တစ်ခုကလည်း သီလ ဆိုတာ လူတွေ သိနားလည်မှု နည်းနေကြပြီလေ။

mstint said...

"ကိုယ်လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ ရည်ရွယ်ချက် တခုခု ထားတာ Blogger တစ်ယောက်မှာ ရှိသင့်တဲ့ အချက်တစ်ချက်ပါပဲ" ဆိုတာမှန်ကန်တဲ့ အတွေးဖြစ်သလို "Blogger အချင်းချင်း လေးစားမှုဆိုတာ ရှိသင့်တဲ့ အချက်တစ်ချက်" ဆိုတာကိုလည်း အပြည့်အဝထောက်ခံသွားတယ် ဗညားရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

စာရေးသူ ရဲ့ စေတနာ ကို ဒီဆောင်းပါးလေး မှာ တွေ့ရတယ် အားလုံးဖတ်သင့် သိသင့်တာလေး တွေ ပါတဲ့ အတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်

မိုးယံ said...

အင်း တော်တော် မှတ်သားစားရာကောင်းတယ်..ကျေးဇူး ကိုဗညား.....။ ဘလော့ဂ်ဂါလား ဘလော့ဂ်ဂင်းလား ကိုယ့်ဘာသာ ပြန်သုံးသပ်ရတော့မှာပဲ။

မိုးခါး said...

ဖြေးဖြေးရေးပါဟယ် .. နင်ကလဲ လန့်တောင် လန့်တယ် .. :D

နင်ထောက်ပြတဲ့အချက်တွေကို လက်ခံပါတယ် .. လူအများမြင်သာတဲ့နေရာမှာ တင်ထားတဲ့ စာတွေဖြစ်လို့ ကိုယ့်စာကိုဖတ်ပြီး အတွေး တစုံအရာ အကျိုး တစုံတခု ရသွားတာမျိုး ဖြစ်သင့်ပါတယ် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗညားရေးထားတာတွေ ဖတ်မိတော့မှ ကိုယ့်ကိုယ်ကို ဘလော်ဂါတစ်ယောက်လို့ ဂုဏ်ယူစွာ မပြောနိုင်သေးဘူးဆိုတာ သတိထားမိတော့တယ်။
ဆင်ခြင်သင့်တာ သတိထားသင့်တာတွေ ဖော်ပြပေးလို့ ကျေးဇူးပါ ဗညားရေ။
ဘလော်ဂါကောင်းတစ်ယောက်ဖြစ်ဖို တကယ်ကို မလွယ်ပါဘူး
အဲဒီအရည်အချင်းတွေနဲ့ ပြည့်စုံဖို့လည်း မချောအတွက်တော့ မလွယ်လှပါဘူး။
ကြိုးစားရပါဦးမယ် ။

စံပယ်ချို said...

မှတ်သားစရာတွေအများကြီးရလိုက်ပါတယ်
ဖတ်ပြီးမှပဲ ကိုယ့်ကိုကိုယ် ဘလော့ဂါ တစ်ယောက်
မဟုတ်ဘူးဆိုတာကွင်းကွင်းကွက်ကွက်သိလိုက်ရပါတယ်
ကဗျာဆရာမလဲ မဟုတ်ပါဘူး
ကဗျာချစ်သူပါပဲဗညားရေ....
ကဗျာတွေတော့ဆက်ပြီးရေးနေမယ်နော်....
ကဗျာစက်ရုံတည်ထားလို့ပါ...ဗညာလဲချမ်းမြေ့စွာနဲ့
စာတွေကဗျာတွေအများကြီးရေးနိုင်ပါစေ။
ခင်မင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

လိုက်နာမှတ်သားစရာလေးတွေ ထောက်ပြ လမ်းညွှန်ပေးလို့ ကျေးဇူးအကိုရေ.... အများကြိး ကြိုးစားပါ့မယ်လို့ .....
မအားတဲ့ ကြားကပဲေ၇းပေးလို့ ထပ်ဆင့်ကျေးဇူးအကို :):)

မြသွေးနီ said...

လေးစားစွာ ဖတ်သွားပါတယ်ရှင်..။

Anonymous said...

ရေးထားတာလန်ထွက်နေတာပဲဗျာ..စာသားတွေမှန်လွန်းလို့ ဘာပြောရမှန်းကိုမသိပါဘူး...ဘလော့ဂါဖြစ်ဖို့ မလွယ်မှန်းအကိုရေးပြမှသိတော့တယ်..သေချာပြီကျနော်လည်းဘလော့ဂါမဖြစ်သေးဘူး.. ဖြစ်အောင်ကြိုးစားနေမယ့် အခြေခံပညာသင်ဝါသနာတူညီလေး တစ်ယောက်ပါလို့ .....ကိုကြီးနတ်ကိုခင်မင်လေးစားလျှက်.မောင်(စွယ်စုံကျမ်း)..
(သီချင်းလေးတစ်ပုဒ်သတိရတယ်...ကိုကြီးရှိန်..ဒိုကိုကြီးရှိန်..မူးလည်းမူးတယ်..ရူးလည်းရူးတယ်..ဒို့ ကိုကြီး၇ှိန်..အရက်သမားမှန်ရင်လေ..ယှည်ပြိုင်ကာသောက်လိုက်ချင်ရဲ့...ကဗျာသမားမှန်ရင်လေ..ယှဉ်ပြိုင်ကာစပ်လိုက်ချင်ရဲ့.....ဟက်ဟက်..ကိုကြီးနတ်
အသည်းကွဲရင်ကျနော်အဖော်၇ှိတယ်.အတူတူမူးကြတာပေါ့..တိန်..

blackroze said...

ဘာမှကိုဝေဖန်စရာမလိုလောက်အောင်ကို
ကောင်းလွန်းလှပါတယ်
ဘလော့ဂါဆိုတာကိုအဓိပ္ပါယ်ဖွင့်ဆိုသွားတာ
ပြည့်စုံလှပါတယ် ကိုဗညားရေ..

ခင်တဲ့ pigpig

နတ်ဆိုးလေး said...

လာဖတ်သွားတယ် ကိုဗညားရေ... ဘလော့ဂါ ဘာလဲ ပို့စ်တွေ အဲလောက်တောင် များလာတယ်လား.. ဟိဟိ

မရည်ရွယ်ဖူး.. တကယ်... :P

ညီရဲ said...

အစ်ကို့ အပြောအဆို အရေးအသား ကောင်းတယ်ဗျာ။ ကျွန်တော်နှစ်ခါတောင် ပြန်ဖတ်ယူရတယ်။ ဘလော့ဂါ သမား အချင်းချင်း လေးစားမှု ထားသင့်သလို စာဖတ်သူကိုလဲ လေးစားမှု ထားသင့်တယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ ဒါက ကျွန်တော့် အမြင်ကို ပြောတာပါ။ အစ်ကိုရေ ဟိုတခါ လင့်ယူသွားပြီး ပြန်ရှာတော့ မတွေ့ ဘူး ဖြစ်နေလို့ ထပ်ယူသွားတယ်။

မြတ်မွန် said...

ဝါသနာအရ စာရေးယုံသက်သက်ပါ..ကိုယ့်ကိုကိုယ့် ဘာရယ်လို့ မသတ်မှတ်မိဘူး ဗညားရေ..။
ခင်မင်စွာ..

တောက်ပကြယ်စင် said...

ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ မလွယ်ကူပါ့လား ကိုဗညားရှိန်ရေ။ ဘုန်းဘုန်းကတော့ ကိုယ့်ကိုယ်ကို ဘလော့ဂါရယ်လို့ မသတ်မှတ်ရသေးတာနဲ့ အတော်ပဲ။ ကိုဗညားရဲ့အမြင်တွေကို ရှင်းရှင်းလင်းလင်း တင်ပြသွားတာကို ဖတ်ခွင့်ရလိုက်လို့ ကျေးဇူးပါ။ အဲဒီလောက် အချိန်ကြာကြာ မတ်တပ်ရပ်ပြီး အလုပ်လုပ်ရတော့ မညောင်းဘူးလား။ ကျင့်သားတောင် ရနေပြီလား မသိ။ ကျန်းမာပျော်ရွှင်ပါစေ ကိုဗညားရှိန်ရေ။

အိမ့်ချမ်းမြေ့ said...

ဗညားရဲ့ စေတနာကို မလေး လေးစားကျေးဇူးတင်ပါတယ်။

အင်ကြင်းသန့် said...

ဗညားရေ....နင်က အခုလိုမျိုးရေးပြလိုက်တော့ ဘလော့ဂါတစ်ယောက်အတွက် သိသင့်သိထိုက်တာကို ပြည့်ပြည့်စုံစုံပိုသိသွားရသလို နင့်ကိုလည်း ကျေးဇူးတင်ပါတယ်။

(ကျန်းမာရေးလည်း ဂရုစိုက်ဦးဟ....)

သတိုး said...

ဒုတိယအကြိမ် ပြန်လာဖတ်တာပါ ကိုဗညားရေ။ ပအကြိမ်တုန်းက ခြေရာချန်မရခဲ့လို့လေ။ ကိုဗညားရဲ့ ပို့စ်က ကိုယ့်ကိုယ်ကိုယ် ပြန်မြင်သုံးသပ်ဖြစ်စေပါတယ်။ ကိုဗညားရဲ့ စေတနာကို လေးစားစွာ..၊ ခင်မင်စွာ...
သတိုး

Anonymous said...

ဘလော့ဂါ ဆိုတာ ဘလော့ဂါပေါ့ကွာ။ ဘာခက်တာလိုက်လို့.. ခပ်ချာချာ အိုင်ဒီယာသမား ဆိုရင် ဘလော့ချာ..ပေါ့ ဟားဟား

လူကြည့်အများဆုံး စာတိုပေစများ