.
ဘယ်လို ငြိတွယ်မှုမျိုးလဲ
ကိုယ့်ဝပ်ကျင်းထဲက ကိုယ်မထွက်ဖြစ်ခဲ့တာ
နွေမိုးဆောင်း အခါခါပေါ့
.
အပြုံးတစ်ခုနဲ့ မျက်ဝန်းတစ်စုံက
9MM ကျည်တစ်ထောင့်လို
ကျုပ်ရင်အရှေ့ကနေ အနောက်ကို ဖြတ်ဝင်သွားတယ်
.
သွားတက် ၊ ခပ်ဟဟ ပန်းဆီနီ နှုတ်ခမ်း
ပုစွန်ဆီရောင် အကျီဟာ
ဖြူဖြူဖွေးဖွေး သူမ အသားအရည်နဲ့ သိပ်လှပလွန်းတယ်
ဒီလိုနဲ့ပဲ ရှုံးခဲ့ပြန်ပေါ့
.
ခင်ဗျား စားပွဲပေါ်မှာ လက်ကလေးထောက်ပြီး
သိပ်မပြုံးပါနဲ့လား
ကြာရင် ကျုပ်ရူးသွားလိမ့်မယ်
.
ဒီအချိန်မှာ ခင်ဗျားကို ပြောဖို့ စကားတစ်ခွန်းအတွက်
ကျုပ်ရဲ့ လက်တွေ အေးစက်နေတယ်
ကိုယ့်ကိုယ်ကိုယ် အံလည်း အံသြတယ် ၊ ပီတိလည်း ဖြစ်တယ်
ကျုပ်ကဗျာထဲ ကျုပ်ရင်ခုန်သံတွေ မရောဖြစ်ခဲ့တာ ကြာပြီပေါ့
.
အသေစောတဲ့ မီးတောက် ဆိုလည်း
ရောပြီ ကျေကျေနပ်နပ် ကျုပ်မော့လိုက်မယ်
.
ဖိန်းကနဲ့ ရှိန်းကနဲ နားထင်မှာ တက်တက်လာတဲ့ အငွေ့က
ရင်ဘတ်စက်ခေါင်းခုတ်သံနဲ့အတူ
သွေးကျောထဲကနေ
ခင်ဗျားအရိပ် ရှိရာအရပ်ပဲ မောင်းသွားပြန်တယ်
ဒီလိုနဲ့ ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ
ကျုပ်ပိုလက်ခံသွားတယ်
.
ကျုပ် ကော်ဖီ မကြိုက်ပေမဲ့
အခု စတားဘတ်ကိုတော့ မိတ်ဖွဲ့ထားတယ်
ခင်ဗျားကို ပိုးပန်းနေတဲ့
ရန်သူတော် စာရင်းထဲမှာ
ကျုပ်နာမည်ကို ကျုပ် ထိပ်ဆုံးက ချရေးထားတယ်
.
အချစ်ကို ဇက်ကြိုးတပ်ပြီး ကျုပ်မမောင်းဘူး
နှလုံးသားကို ချွှန်းဖွင့်ပြီး မည်းမည်းမြင်ရာ တိုးနေတာ မဟုတ်ဘူး
.
နှလုံးသားကို ကျုပ် ဘယ်တော့မှ မညာပါဘူး အိန္ဒြေ
ကျုပ်ရင်ဘတ်က ချစ်ခြင်းစစ်စစ်
သစ်ရွက်တစ်ရွက်
ခင်ဗျားနှလုံးသားပေါ် ကြွေကျခဲ့တာပါ
. . . .
ကျေးဇူးပြုပြီး
ခင်ဗျား ရင်ခုန်သံနဲ့ အတူ
ကျုပ်ကို စီးမျောခွင့် ပြုပါ . .
.
လင်းခေတ်ဒီနို
Monday, March 24, 2014
Saturday, March 8, 2014
ကျွန်တော့် အာရုံဝပ်ကျင်းထဲမှာ သူမရှိနေခဲ့တယ်
.
ဓာတ်ပုံလေး ခိုးခိုးကြည့်ရုံနဲ့တော့
ကမ္ဘာ တစ်ဖက်ခြမ်းမှာ
တဖက်သတ် ချစ်သူ ဖြစ်နေရတာပဲ
အဖတ်တင်တယ် ။
အပြုံးမျက်နှာလေးတစ်ခုကို
တိတ်တခိုး စွဲလမ်းရတဲ့ဘဝက
သိပ်ခက်ခဲတယ်
ကောင်မလေးရယ် . . . . . ။
ကိုယ့်ဥယာဉ်ဆိုပေမဲ့လည်း
မင်းမနမ်းပဲနဲ့တော့ မဖူးပွင့်နိုင်ခဲ့ဘူး ။
တစ်ခါတစ်လေတော့လည်း
သက်ပြင်းတွေ ခပ်ဖွဖွလေးချရင်း
နိုးခဲ့ရတဲ့ ညတွေမှာ
မင်းမျက်ဝန်း စိုစိုတွေ
ကိုယ်ရင်ဘတ်မှာ ကွန်းခိုနေခဲ့တယ် ။
လမင်းကို ပန်တဲ့မိန်းကလေး
မင်းရဲ့ ဖြူတစ်ဝက် နီတစ်ဝက်
မျက်နှာလေးနဲ့ပဲ
ငါ့ကောင်းကင်မှာ ကြယ်တွေ
လင်းလင်းခြင်းခြင်း ပွင့်ပစ်လိုက်ရတာ
ရင်ခွင်တစ်ခုလုံးမှာ
မျှော်လင့်ချက်တွေ မိုးစိုလို ။
စံပယ်လိုဖွေး ၊ ခရေလိုမွှေးပြီး
နှင်းဆီလို အလှတွေနဲ့
ကိုယ့်ရဲ့ အာရုံဝပ်ကျင်းထဲ ခိုးဝင်လာတဲ့
ကောင်မလေး . . . .
တနင်္ဂနွေမီးတောက်နဲ့
ဆောင်းဦးပေါက် အရက်တစ်အိုးလို
ကိုယ့်နှလုံးသားကို မီးရှို့ရစ်မူးစေခဲ့ပေါ့ ။
လင်းခေတ်ဒီနို
.
Wednesday, January 29, 2014
ဒုက္ခကို ဇက်ကြိုးတပ်ပြီး ကျွန်တော် စီးထားတယ်
.
ဘဝမှာ
နာကျင်တာတွေ များလွန်းလာတော့
တွေ့သမျှ မျက်နှာတွေကို
အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို
ကြောက်ရွံ့တတ်လာတယ်
ကောင်းကင်ပေါ်က ခူးခူးပြီး သိမ်းထားတဲ့
" တစ်နေ့တော့ . ." ဆိုတဲ့ စိတ်ကူးလေးတွေ
အမိမြေမှာမဟုတ်တဲ့ သူတွေအတွက်တော့
မိုးကုတ်စက်ဝိုင်း အဆုံးကို လမ်းလျှောက် နေရသလိုပဲ
Return Date ဆိုတာ ကိုယ်ပိုင် အဘိဓာန်မှာ
အမေ့ခံထားရတဲ့ စကားလုံးပါ
ခြေတစ်ဖက် ကျွံထားပြီးမှတော့
နောက်တစ်ဖက် ကျွံသွားလည်း
ဒီနွံအိုင်ထဲမှာ ဘယ်သူမှ လာဆွဲမကူဘူး
အခန်းကျဉ်းထဲမှာ
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်
အပူတောထဲက ဘဝကို မျက်ရည်နဲ့ စိမ်ထားလိုက်တယ်
ခေါင်းရင်းနံရံပေါ်က အမေ့ရဲ့ ဓာတ်ပုံက ပြုံးနေတယ်လေ
မဟုတ်ဘူး . . ဒါဟာ လုံးဝမဟုတ်ဘူး . . .
အခန်းရဲ့ထောင့်တစ်နေရာမှာ အမေ မျက်ရည်ကျနေတာ
အမေရှိတဲ့အခန်းထောင့်ကို ကျွန်တော်သွားလိုက်တယ်
အမေနဲ့အတူ ကျွန်တော်မျက်ရည်တွေစီးကျလာတယ်
မနက်ဖြန် အော်ပရာစီ ဝင်မယ်တဲ့ အမေ
ကျွန်တော် ဖမ်းမိလို့ မဖြစ်ဘူး
ညီမလေးကို ကျောင်းထားရဦးမယ်
အမေ့ကို ခြံဝိုင်းလေး ပြန်ဝယ်ပေးရဦးမယ်
အံကို ပြန်ကြိတ်ရင်း
ဒီညကိုလည်း အိပ်မက်ဆိုးတွေနဲ့ အိပ်စက်ရဦးမယ်
ကယောင်ခြောက်ခြားပေါ့
ဘယ်ဓားသွားက ကိုယ့်ဗိုက်ကို ဓားအိမ်လာလုပ်မလဲ
အချိန်မရွေးဆိုတာအတွက်
သေတမ်းစာကို ခေါင်းအုံးအောက်မှာ ရေးထားပြီးသား
မျှော်လင့်ချက် ပျောက်တယ်ဆိုတာ
ကိုယ့်ကိုယ်ကို သရဏဂုံတင်ထားတာပဲ
အရှေ့တံခါးခေါက်သံကြားရင်
အနောက်တံခါး ဂျက်ကိုဖြုတ်ဖို့
လက်တွေက အသင့်ပြင်ထားပြီးသား
ကိုယ်တွေက သေမင်းချောက်ကမ်းပါးမှာ
ခြေတစ်ဖက် တင်ထားတဲ့သူ
ကံကြမ္မာနဲ့ စိန်ပြေးတမ်း ကစားရတဲ့နေရာမှာ
အလောင်းအစားက . . . ကိုယ့်ဘဝပဲ
ဒုက္ခကို ဇက်ကြိုးတပ်ပြီး ပြေးနေတဲ့လူတွေလေ
အိမ်ပြန်ချိန်ဆိုတာ
ကိုယ်တွေအတွက်တော့
ခဏခဏ မီးသေနေတဲ့
ခပ်ပေါပေါ ဆေးပေါလိပ် တစ်လိပ်ပေါ့ . . . .
ဗညားရှိန် ( လင်းခေတ်ဒီနို ) ( ၂၉.၁.၁၄ )
.
Monday, December 2, 2013
ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်
ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ်
အိပ်မက်တွေကို ချိပ်ပိတ်ပြီး
နှလုံးသားကို တံဆိပ်ကပ်ထားတယ်
" ပြန်လည်မတူးဖော်ရ " . . .
တိတ်ဆိတ်မှု
အေးအေးစက်စက်
တစ်ဆစ်ဆစ် နာကျင်မှုအောက်
ငါ . . ဘယ်လို လုပ်ရမလဲ
စိတ်ကို ရေတံခွန်တစ်ခုလို လွှတ်ချလိုက်ချင်တယ်
တဝေါဝေါ ခုန်ဆင်းသွားတဲ့ ရေလုံးတွေလို . . .
အရှိန်နဲ့ ကန်ရေပြင်ကို တဗြောင်းဗြောင်း ရိုက်ခတ်
လွင့်ထွက်သွားတဲ့ ရေမှုံရေမွှားတွေလို . . .
ငါ့ စိတ်အဇ္ဇတ္တတွေကိုလည်း
တစစီ . . .
တကယ်တော့ တစ်လမ်းတည်းပါပဲ
မျက်နှာမူရာ အရပ်ပဲ ကွာခဲ့တာ . . .
မြူတစ်မှုံစာလောက်နဲ့တော့
ချစ်ခြင်းတွေ နှင်းမခဘူး
ဆောင်းမနက်ခင်းကို ဆွဲဖွင့်ပြီး
နှင်းစက်လေးတွေ
သီခိုင်းလို့ရမှတော့
ငယ်ရယ် . . .
ကိုယ်တို့နှစ်ယောက်ရဲ့
စွယ်တော်ရွက်လေးတွေလည်း
ကြွေခဲ့မှာ မဟုတ်ဘူးကွယ် . . .
နှလုံးသားကို တံခါးပိတ်ပြီး
အိပ်မက်တွေကိုပဲ ထွေးပွေ့ထားလိုက်တယ် . . .
ဒီဇင်ဘာဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ တိတ်ဆိတ်နေတယ် . . . . .
လင်းခေတ်ဒီနို ( 2.12.13 )
.
Wednesday, September 25, 2013
ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်း
သူမက ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ တံလျှပ်ထနေတဲ့ ကိုယ့်ဘဝထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့ ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့ တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ . . . တညနေ မှာပဲ
အိပ်မက်ကို ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို မှုတ်ငြိမ်းခဲ့ကြပေါ့ ။
ဘယ်လို အငြိုးမျိုးနဲ့
ပန်းတွေကို အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘဝက မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့ လမ်းဆိုရင်တောင်
အဲ့ဒီ အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။
လမ်းဆုံး
အဆုံးမရှိတဲ့ လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့ ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည် ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန် ချုပ်ခဲ့ကြပေါ့ ။
ချစ်ရက်နဲ့ လမ်းခွဲခဲ့တာလား
လခြမ်းကို မြင်လို့
ကြယ်မှုံကို ထားခဲ့တာလား
မီးပွင့်မတတ် ခါးထောက်ပြီး
ငါ့အပြစ်လို့ ဆိုမှတော့
ကောင်မလေးရေ . . .
တစ်ယောက် တစ်ကမ္ဘာစီပဲ
. . . . .
ကြေကွဲ လိုက်ကြရုံပေါ့ ။
လင်းခေတ်ဒီနို ( 24.9.13 )
Sunday, September 1, 2013
We United We Blog ( 3108 DAY )
ကျွန်တော် Blogger တစ်ယောက် ဖြစ်လာတာက ၂၀၀၇ နှစ်ကုန်လောက်မှာပါ ။ ပထမဦးဆုံး ဘလော်ဂါ မဖြစ်ခင် ၂၀၀၆ လောက်က Multi Social Site တစ်ခုဖြစ်တဲ့ Mysuboo.com မှာ ကျွန်တော် စတင်ပြီး စာဖတ်သူ တစ်ဦး အဖြစ် စတင်ခဲ့တာပါ ။ ၂၀၀၇ လောက်မှာ စာတွေ စရေးခဲ့ပါတယ် ။ အဲ့ဒီတုန်းက ကျွန်တော် Blog ဆိုတာကို မသိသေးပါဘူး ။ Multi Social Site တွေမှာပဲ စာရေး စာဖတ်ရင်းနဲ့ Online Writer အဖြစ် စတင်ခဲ့ပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်တို့ လူငယ်တွေကြားမှာ Planet တို့ Mysuboo တို့ဆိုတာ တော်တော် ခေတ်စားခဲ့တဲ့ အချိန်ပါ ။ ဒီလိုနဲ့ Mysuboo socail network ထဲမှာ သူရဿဝါ တို့နဲ့ စပြီး ခင်မင်ရင်း ၊ ၂၀၀၇ နှစ်ကုန်လောက်မှာ သူရဿဝါ နဲ့ ဇာတိ တို့က Blog လုပ်ကြမယ် ၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Page လေး တစ်ခု တည်ဆောက်ကြမယ် ဆိုတော့ ကျွန်တော်ပါ Blog တစ်ခု စတင်လုပ်ဖြစ်ခဲ့ပါတယ် ။ ကျွန်တော် မှတ်မိပါသေးတယ် ကျွန်တော် Blog စတင်လုပ် တုန်းကဆိုရင် Blogger ဦးရေ သိပ်မရှိသေးဘူး ။ မှတ်မိသလောက် အယောက် ၁၀၀ မကျော်သေးတာတော့ အမှန်ပဲ ။
ကိုရန်အောင်တို့ ၊ မန္တလေးက ကိုမောင်လှတို့ ၊ နောက်ပြီး စေတန်ဂေါ့ တို့ဆိုတာ ကျွန်တော် ဘလော့ စလုပ်ချိန်မှာ Template ပြင်ဆင်ဖို့ နည်းပညာ အကူအညီရယူခဲ့ရတဲ့ သူတွေပါ ။ နောက်ပြီး မလေးအိမ့်ချမ်းမြေ့ ၊ ကိုညီလင်းဆက် ၊ ကိုနေဘုန်းလတ် ၊ မမေဓာဝီ ၊ မပင့်ဂိုး ၊ မဘာညာကွိကွိ ၊ ကိုမင်းယွန်းသစ် ၊ ကိုဖိုးသူတော် ၊ ကိုမျက်လုံး ၊ ကိုစိုးဇေယျာထွန်း ၊ သူတို့တွေကတော့ ကျွန်တော့်ထက် စီနီယာကျတဲ့ Blogger တွေပါ ။ အဲ့ဒီထဲက ကိုနေဘုန်းလတ် ရဲ့ Blogger နဲ့ Chatter ဆိုတဲ့ ပို့စ်လေးက ကျွန်တော့် ဘလော်ဂါ ဘဝမှာ အမှတ်တရ အရှိဆုံးနဲ့ ဘလော်ဂါ တစ်ဦးရဲ့ လမ်းကြောင်းမှန်ကို ရောက်အောင် တွန်းပို့ပေးတဲ့ ပို့စ်လေး ဆိုလည်း မမှားခဲ့ပါဘူး ။ Blogger ဆိုတာ ကိုယ်ရေးတဲ့ အမှားအမှန်ကို တာဝန်ယူရဲရမယ် ဆိုတဲ့ စိတ် ၊ Chatter ဆိုတာ ထက်ကို ပိုပြီး တာဝန်ကြီးမားတယ် ဆိုတဲ့ စိတ်လေးကို အဲ့ဒီပို့စ်လေးကနေ သင်ပေးခဲ့တာပါ ။
ဒီလိုနဲ့ ၂၀၀၉ လောက်မှာ Blog တွေ တော်တော်များများကို ပေါ်လာကြပါတယ် ။ ထာဝရကြယ်စင် မိုးခါး ၊ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ကိုချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန် ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။
၂၀၁၀ ကျတော့ လိုက်မဖတ် နိုင်အောင်ပါပဲ ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို ၊ အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် ၊ မြရေလျဉ် ၊ မောင်မျိုး ၊ မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ဒီလိုနဲ့ပဲ အဲ့ဒီအချိန် တုန်းက Blogger ဘ၀ ဆိုတာ အရမ်းပျော်ဖို့ ကောင်းခဲ့ပါတယ် ။ ပို့စ်တစ်ပုဒ်မှာ Commend တွေက မရှိဘူးဆိုရင် အနည်းဆုံး ၂၀ လောက်ကတော့ အနည်းဆုံးပါပဲ ။
၂၀၁၁ လောက်ကျတော့ FB ကို လူသုံးများလာတဲ့အချိန်မှာ Blogging တဲ့ လူဦးရေ တဖြည်းဖြည်း ကျဆင်းလာ တော့တာပဲ ။ ဒါဟာ FB ရဲ့ အစစ အရာရာ အားသာချက်တွေကြောင့်ဆိုရင် ငြင်းမရတဲ့ အချက်ပါ ။ ဒါပေမဲ့ ကျွန်တော်ဟာ Facebooker တစ်ဦးထက် စာရင် Blogger တစ်ဦး အဖြစ်ကို ယနေ့ ထိ တန်ဖိုးထားတုန်းပါ ။ အရင်ကလောက် Blog post တွေ မရေးနိုင်တော့ပေမယ့် ၊ အချိန်ရရင် ရသလို ရေးသားနေတုန်းပါ ။
ကျွန်တော် အနေနဲ့ FB ကို မြစ်တစ်စင်းရဲ့ ရေပြင်ပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လို့ တင်စားမယ်ဆိုရင် Blog ကို ကင်းဘတ်စပေါ် ရေးချယ်နေတဲ့ ဆီဆေး ပန်ချီကားတစ်ချပ်လို့ တင်စားချင်တယ် ။ FB ဟာ မြစ်တစ်စင်းပေါ်မှာ ရေးနေတဲ့ ပန်ချီကားတစ်ချပ်လိုပဲ ၊ အချိန်ကာလ ရွှေ့လျားနေတာနဲ့ အမျှ ၊ ရေးသမျှ အချိန်ပိုင်းအတွင်း ရေစီးနဲ့ မျောပါသွား သလို ပျောက်ကွယ်တာ မြန်လွန်းပါတယ် ။ Blog ကျတော့ အဲ့ဒီလို မဟုတ်ပြန်ဘူး ၊ ကင်းစဘတ်စပေါ်မှာ ရေးနေတဲ့ ဆီဆေး ပန်းချီကား တစ်ချပ်လိုပဲ ၊ ကိုယ်လှအောင် ချယ်မှုန်းနိုင်ရင် ချယ်မှုန်းနိုင်သလောက် ကိုယ့်ရဲ့ အနုပညာ ကို ထင်ဟပ်စေတယ် ။ သမိုင်းကို ကျန်ရစ်စေတယ် ။ ဒါကြောင့် Blog ဆိုတာကြီး ရှိနေသမျှတော့ Blogger ဆိုတာ ရှိနေဦးမယ်လို့ ထင်ပါတယ် ။ Blogger တို့ရဲ့ သမိုင်း မှတ်တိုင်တွေ ၊ အမှတ်တရတွေ ကျန်ရစ်နေဦးမယ်လို့ ကျွန်တော် ထင်မြင်မိပါတယ် ။
လင်းခေတ်ဒီနို (ခ) ဗညားရှိန်
http://www.lynnkhitdeno.com
( အလုပ်မအားတဲ့ ကြားထဲကနေ ၊ တတ်နိုင်သမျှ ရေးလိုက်ရတဲ့ ပို့စ်တစ်ခုမို့ ၊ ရှည်ရှည်မရေးနိုင်တာ အတွက်ရော ၊ အချက်အလက် အစုံအလင် မရေးသားနိုင်ခဲ့တာ အတွက်ရော ၊ ကျွန်တော် တောင်းပန်အပ်ပါတယ် )
Wednesday, August 7, 2013
အိပ်မက်တွေ လှုပ်နှိုးခံရတဲ့ ကြယ်
ရင်ခုန်သံ မညီမညာနဲ့မို့
ချစ်ခြင်း စကားလုံးတွေ ဖတ်မပြတတ်ခဲ့ဘူး
စံပယ်တွေ သီပြီး စာတွေ မစီတတ်ခဲ့ဘူး
ကိုယ့်ရင်ဘတ် ကိုယ်ဆွဲဖွင့်ပြတာကလွဲရင်
အတ္တ နဲ့ မာနကို ငါ ချခင်းပေးထာပြီးသား ။
ကိုယ်ဟာ ဟိုးး ကောင်းကင် အစွန်းအဖျားနားက
ကြယ်အမှုံ အမွှားတစ်လုံးလေ
သုညတွေနဲ့ လင်းခြင်းနေရတာမို့
ကိုယ့် လက်ကမ်းရင်တောင်
မင်း လှမ်းရဲပါ့မလား ချစ်သူ ။
အမြင်မတူတဲ့ တို့နှစ်ယောက်ကြားမှာ
ဘယ်သူ့ကို လူမိုက် ဌားမလဲ
နတ်ဆိုး တစ်သိုက်ဟာ
မြင်းရိုင်းတွေစီးပြီး
မီးလှိုင်းတွေ ပွေ့ပိုက် ဝင်လာခဲ့ပေါ့ ။
ကောင်မလေးရေ
ကိုယ်ဟာ အေးစက်စက်နိုင်လွန်းတဲ့ ညခင်းတစ်ခုပါ
တိတ်ဆိတ် ငြိမ်သက် နေတာကလွဲရင်
မင်းဟာ ကိုယ် တယုတယ
ထမ်းပိုးထားရတဲ့ အိပ်မက်ပါပဲ ။
အိပ်မက်ကို လှုပ်လှုပ်နှိုးသွား
ငြို့မျက်လုံးတွေ ၊ မာယာတွေ
(အဲ့ဒီ) ဝင်ရိုးစွန်းမှာ
ကိုယ်ဟာ ခဏ ခဏ ငြိ မိသွားတဲ့
ကြယ်တစ်လုံးပေါ့ ။
လင်းခေတ်ဒီနို (7.8.13)
.
Subscribe to:
Posts (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. ဘဝမှာ နာကျင်တာတွေ များလွန်းလာတော့ တွေ့သမျှ မျက်နှာတွေကို အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို ကြောက်ရွံ့တတ်လာတယ် ကောင်းကင်ပေါ်က ခူးခူးပြီး သ...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....