Thursday, January 27, 2011

မေ့မရခဲ့သော အပြုံးတစ်ပွင့်

. နှင်းတွေကျနေလိုက် အမေ... လွန်ခဲ့တဲ့ ၂၆ နှစ်တုန်းက ဒီလိုရာသီ မနက်ခင်းလေးထဲမှာပဲ အမေ့ရဲ့ အားအင်ဖျော့လျော့နေတဲ့ အပြုံးမျက်နှာလေးကို ကျွန်တော် စတင်မြင်ခွင့်ရခဲ့တယ် အမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်လေးထဲ ကျွန်တော် စတင်ခိုလှုံခွင့်ရခဲ့တယ် အမေ့ရဲ့ မေတ္တာနို့ချိုကို ပထမဦးဆုံး ကျွန်တော် သောက်သုံးခွင့် ရခဲ့တယ်။ မြင့်မိုရ်တောင်တဲ့လား အမေ... အမေ့မေတ္တာနဲ့ ယှဉ်ရင် နိမ့်ပါးလိုက်တာ သားသမီးအတွက် ဓားခင်းပြီး လျှောက်ရမယ့်လမ်းဆိုရင်တောင် ကျောပြင်ကို နောက်ပြန်မလှည့်တတ်တဲ့ အမေ... ခါးချိအောင်ရုန်းနေရပေမဲ့ သားသမီးတွေရှေ့မှာ ညှိုးနွမ်းနေတဲ့ အပြုံးတစ်ပွင့် ကြွေမသွားအောင်နေပြခဲ့တဲ့ အမေ မြင့်မိုရ်တောင်ဆိုတာ အမေ့ဖဝါးအောက်က သဲတစ်ပွင့်ထက်တောင် သေးငယ်သွားသလိုပဲ။ ကျွန်တော်တို့ ပြဿဒါးနေ့တွေ စားသုံးခဲ့ဖူးတယ် အမေ အိပ်မက်တွေ လောင်မြိုက်သွားတာ ဝမ်းနည်းရင်းကြည့်ခဲ့ဖူးတယ် အမေ ဘဝတွေ လငပုပ် ဖမ်းတာ တစစ်စစ်နာကျင်ရင်း အကြိမ်ကြိမ် ခံစားခဲ့ဖူးတယ် အမေ ဒွန်းစဏ္ဍား အဆင့် သာသာလောက် ပုံစံမျိုးနဲ့လည်း အကြည့်ခံရဖူးတယ် အမေ ကံကြမ္မာက ခရောင်းလမ်းကို ခပ်ကြမ်းကြမ်းခင်း ခပ်ပြင်းပြင်းနင်းခိုင်းခဲ့ပေမဲ့ သားသမီးအတွက် ကိုယ့်အရေပြား ကိုယ်ဆွဲဆန့်ပြီး လမ်းခင်းပေးခဲ့တဲ့ အမေ ညီမျှခြင်း ရှာမတွေ့ခဲ့တဲ့ အမေရဲ့ မေတ္တာဟာ ကမ္ဘာကုန်ကျယ်သရွေ့ နှိုင်းပြစရာ မရှိခဲ့ဘူး။ မုန်တိုင်းတွေ ဘယ်လောက်ထန်နိုင်မှာလဲ ဆူးလမ်းတွေ ဘယ်လောက်ကြမ်းနိုင်မှာလဲ လောကမာယာတွေ ဘယ်လောက် ပဉ္စလက်ဆန်နိင်မှာလဲ မျက်ရည်မဝဲဘူး ခြေဦးတွေ နောက်ပြန်မလှည့်ဘူး ရည်မှန်းချက်တွေ ချမခွဲပစ်ဘူး အမေ့အားပေးစကားတစ်ခွန်းသာရှိမယ်ဆိုရင် မပြိုဘူးဆိုတဲ့ မိုးကောင်းကင်ကိုတောင် ခေါင်းနဲ့ တက်တိုက် ဝံ့တယ် အမေ... ကျွန်တော့်အတွက်တော့ ဆူးတွေ ကြမ်းနေတဲ့ လောကကြီးမှာ အမေသေွး ပေးခဲ့တဲ့ အသွားက ဇောင်းထက်နေတုန်းပါပဲ အမေ...။ ဗညားရှိန် (ခ) လင်းခေတ်ဒီနို . ဇန်န၀ါရီလ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ အမေနေ့ အမှတ်တရ ကဗျာလေးပါ ။

Friday, January 21, 2011

ဆောင်းခေတ်ရုပ်ကြွင်း

. ဗျပ်စောင်းသံလို မချိုတဲ့ သတင်း နွေမကျတကျ ရာသီမှာ ပက်ကြားအက်နေတဲ့ စိတ်ကို ထွန်ယက်ပစ်လိုက်တယ် ကောက်သမလေးရဲ့ လက်ထဲမှာ အိပ်မက်တွေ အက်ကွဲပြီး ပါသွားလေရဲ့ ။ နတ်ဆိုးကိုမှ ကြည်စားချင်သတဲ့လား ကိုယ့်ကိုယ်ကို ရွာသူလို့ထင်ရင်တော့ ညှို့ပစ်လိုက်စမ်း မင်းအတွက်ဆို သခွပ်ပွင့်တဲ့ ငါ့ဘုံကိုတောင် မိုးစုန်စုန်ချူပ်ပစ်လိုက်လို့ရတယ် ။ ထားခဲ့တယ် ဆိုရုံနဲ့ သံယောဇဉ်တွေ ပြီးပါပြီး တဲ့လား ကဝေပျိုမလေးရေ မင်းမသိလိုက်တဲ့ မှော်ရုံတောမှာ ပန်းရိုင်းကျိန်စာတွေ ကိုယ့်လေးညှို့ကိုယ်ဆွဲ ငါ့ကို ပစ်ခတ်နေကြလေရဲ့ ။ ကြယ်တို့ရဲ့ နတ်သမီး ညရဲ့ အလင်းတွေကို သိမ်းပိုက်သွားပြန်ပြီး ဒီဇင်ဘာဟာ မလင်းခြင်းတော့ပေမဲ့ ဆောင်းခေတ်ကိုတော့ လွမ်းနေဦးမှာပဲ တေလေဟာ သူ့အိပ်မက် သူခင်ကျင်းရင်း အလင်းသဲ့သဲ့ကို ငတ်မွတ်နေခဲ့တယ် ။ လင်းခေတ်ဒီနို ( 21.10.11 )

Wednesday, January 19, 2011

ကောင်းကင်များ၏ အတ္ထုပ္ပတ္တိ ၂၀၁၁

.
ကိုရင်ညိန်း စီစဉ်တဲ့... ၁၉ ဇန်န၀ါရီ ၂၀၁၁ မှာကျရောက်သော အမေနေ့ (ပြာသိုလပြည့်) အမှတ်တရ ကဗျာစာအုပ်ပါ ခင်ဗျာ ။
mom.png ပါဝင်.. ရေးသားသူများ ကတော့... ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခန့်နေ၊ ငြိမ်းစိုးဦး၊ ဆောင်းယွန်းလ၊ ညိမ်းညို၊ တောကျောင်းဆရာ၊ တင့်ထူးရွှေ၊ ထွန်းတောက်နေ၊ ဏီလင်းညို၊ ပန်ဒိုရာ၊ ဗသားချော၊ ဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ မိုးမြင့်တိမ်၊ မိုးလှိုင်ည၊ မင်းယွန်း၊ မင်းသုခ၊ မောင်ခင်လေး၊ မောင်ဖုန်းမြင့်၊ ရွှေပြည်သူ၊ ရွှန်းမီ၊ သင်ကာ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ အမရာ၊ ဧဏီမင်း၊ အိုင်လွယ်ပန်၊ အိန္ဒြာ တို့ပဲဖြစ်ပါတယ်။ ဒေါင်းလုပ်ချရန် .

Thursday, January 13, 2011

ဆောင်းအငွေ့အသက်တို့နဲ့ စွတ်စိုစေခဲ့ပါပြီ ချစ်သူ

. ဆောင်းတွင်း မနက် မိုးသောက်လေးပါပဲ . . . လှလိုက်တာ . . နှင်းတွေ စွတ်စွတ် စိုစိုနဲ့ စိမ်းလန်းနေတဲ့ သစ်ပင်တွေ . . မြူတွေဆိုင်းနေတဲ့ တောင်တန်းကြီးတွေ . . ဖြေးဖြေးညှင်းညှင်း တိုက်ခတ်နေတဲ့ ပြေလေနုနုလေးတွေ . . . . အားလုံးဟာ နေ့တစ်နေ့ရဲ့ အစ ပျိုမြစ်ခြင်းကို ဖော်ကျူးနေခဲ့တယ် . . . . ပြတင်းပေါက် တံခါးဝကနေ မနက်ခင်းတခုနဲ့ အလှကို ခံစားရင်း ကျွန်တော် အတိတ်ရဲ့ အလွမ်းအစအနတွေကို ရောက်မိရောက်ရာ တွေးနေမိခဲ့တယ် ။ အဓိက သူမနဲ့ ပက်သက်တဲ့ အကြောင်းတွေ အများဆုံးပါပဲ ။ ဒီလို မနက်ခင်း တခုမှာ သူမနဲ့ စတင် ဆုံးဆည်း ခဲ့သည် ။ သူငယ်ချင်း အနေနဲ့ စခင်မင်ခဲ့ပေမဲ့ အချိန်တိုတိုတွင်းမှာ သူမနဲ့ ကျွန်တော် တစ်ယောက်စိတ် တစ်ယောက် နားလည်တဲ့ အထိ ခင်မင်ခဲ့ကြတယ် ။ ကျွန်တော် အလုပ်ထဲ စိတ်ညစ်တဲ့ ကာလတစ်လျှောက်လုံး သူမ ကျွန်တော် အနားမှာ နေပြီး ကျွန်တော်ကို အားပေးခဲ့တယ် နှစ်သိမ့်ပေးခဲ့တယ် ။ ကျွန်တော် ပြောပြတာ မှန်သမျှ ညည်းညူတာမရှိပဲ သည်းခံ နားထောင် ပေးတတ်တယ် ။ ဒါပေမဲ့ သူမ စိတ်ညစ်တာတွေကိုဆို ဘယ်တော့မှ ကျွန်တော်ကို ပြောပြလေ့မရှိဘူး ။ အတင်းမေးမှ တစ်ခွန်းစ နှစ်ခွန်းစလောက် ပြောပြတတ်တယ် ။ သူမရဲ့ စိတ်ညစ်ခြင်းတွေကို ဘယ်သူကိုမှ မခံစား စေချင်လို့တဲ့ ။ တစ်ယောက်တည်း ကျိတ်မှတ်ခံစားနေတတ်တဲ့ သူ . . . ။ ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော့်ကြားမှာ မမြင်ရတဲ့ သံယောဇဉ်ကြိုးတစ်ခု သွယ်တန်းခဲ့တယ် ။ ဒီသံယောဇဉ်လေးနဲ့ ကျွန်တော်နဲ့ သူမ တစ်ယောက်ကို တစ်ယောက် ပျော်ရွင်ခြင်း နားလည်ခြင်း မောပန်းခြင်း စတာတွေ တစ်ယောက်ကို တစ်ယောက် ဖေးကူရင်း အိပ်မက်တွေ မက်တတ်လာခဲ့ကြတယ် ။ တစ်နေ့ သူမကို ကျွန်တော် ချစ်ခွင့်ပန်ခဲ့တယ် ။ “ ဖြူ့ကို ကိုယ်ချစ်တယ် ဖြူ . . . ကိုယ့်ကို ဖြူရဲ့ ချစ်သူ အဖြစ် ဖြစ်ခွင့်ပေးပါ ” . . . ကျွန်တော် ဖြေညှင်းစွာ ပြောရင်း သူမမျက်နှာလေးကို ကြည့်နေမိသည် ။ သူမက ပြုံးပြီး “ ကိုဆက်နဲ့ ဖြူ ကြားမှာ ပြောစရာမလိုတဲ့ သံယောဇဉ် ရှိနေပြီးသားပဲ ကိုဆက်ရယ် . . . ကိုဆက်ကို ဖြူ ချစ်ပါတယ် . . . ဒါပေမဲ့ ဖြူက ကိုဆက်ဘ၀ထဲက ဧည့်သည် တစ်ဦးပါ . . . အချိန်တန်ရင် ပြန်ထွက်သွားရမယ့် သူပါ ကိုဆက်ရယ် ” . . . ဖြူ ဒီစကားလေးကို စပြောပြောချင်း ကျွန်တော် သေချာနားမလည်ခဲ့ပေမဲ့ အကြောင်းတစ်ခုခုကြောင့် ဖြူ ပြောမှန်း ကျွန်တော် သဘောပေါက်ခဲ့ပါသည် ။ ဒီလိုနဲ့ သူမနဲ့ ကျွန်တော် ချစ်သူ ဖြစ်ခဲ့ကြသည် ။ နေ့ရက်တိုင်းလိုလို သူမ ကျွန်တော် အနားရှိနေခဲ့တယ် ။ ကျွန်တော် လိုအပ်တာ မှန်သမျှ သူမ ဖြည့်ဆည်းပေးခဲ့တယ် ။ တစ်ခါတစ်ခါ ကျွန်တော်စိတ်ထဲ ဖြစ်ချင်နေတာတွေ သူမ ကြိုသိနေခဲ့တယ် ။ ဒီလောက်ထိ သူမ ကျွန်တော့်အပေါ် ဂရုစိုက်ခဲ့တယ် ။ အလင်းရဲ့ နတ်သမီး ကျွန်တော့် အထီးကျန်မီးအိမ်လေးကို ငြိမ်းသတ်လိုက်တယ် ကြယ်မရှိ လမရှိပဲ သံယောဇဉ်တွေ ကောင်းကင်ပေါ်က ကြွေဆင်းလာတယ် . . . ။ ~~ လင်းခေတ်ဒီနို ~~ ☆°★°∴°°∴.•★°∴°. •★° ☆°★ တစ်နေ့ . . . “ ကိုဆက် . . . ဖြူ ဒီနေ့ နယ်ပြန်ရမယ် . . . မေမေက ခဏ ပြန်လာဖို့ လှမ်းခေါ်နေတယ် ” . . ဖြူ့ စကား အဆုံးမှာ ကျွန်တော် ရင်ဘတ်တွေ ၀မ်းနည်းသလိုလို လှစ်ဟာသွားသလို ခံစားလိုက်ရသည် ။ တခဏတာလေး ခွဲခွါဖို့တောင် ကျွန်တော် ရင်ဘတ်က လက်ခံနိင်တော့ဘူးထင်သည် ။ ဖြူ့ကို ကျွန်တော် ရင်ဘတ်ထဲက လွတ်သွားမှာ ကို ကျွန်တော် ကြောက်နေမိခဲ့ပြီလား ။ စိတ်ထဲ တခုခု လေးလံ နေခဲ့တာတော့ အမှန်ပါပဲ ။ “ ဘယ်နေ့လည်း ဖြူ ” “ ဒီနေ့လည် ၂ နာရီ လေယာဉ်နဲ့ပဲ ကိုဆက် ၊ မေမေက အရေးကြီးတယ်ဆိုလို့ အမြန်ပြန်ရမှာ ၊ တပတ်လောက်ပဲ ကြာမှာပါ် “ . . . ကျွန်တော် သက်ပြင်းကို လေးပင်စွာ ချရင်း . . . “ ဖြူ ပြန်လာမည့်နေ့ ကိုယ် မျှော်နေမယ် ၊ ဆက်သွယ်လို့ ရရင် ကိုယ့်ဆီ ဖုန်းလှမ်းဆက်ပါ ဖြူ ” . . . ဒီလိုနဲ့ သူမ နယ်ပြန်သွားတဲ့ နေ့ကစပြီး ကျွန်တော့် စိတ်ထဲ တစ်ခုခု လှစ်ဟာနေသလိုလို ၊ ဘာလုပ်လုပ် ယောင်ယောင် မှားမှားနဲ့ စိတ်ထဲ သူမသာ စိုးမိုးနေခဲ့တယ် ။ ဘာဖြစ်လို့ ဖြစ်မှန်းမသိပဲ ပင့်သက်တွေ ခဏခဏ ရှိုက်ရင်း စိတ်တွေ လေးလံနေခဲ့တယ် ။ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ပြုံးနေမိသည် ။ ကျွန်တော် သူမ ကို ဒီလောက်တောင် ချစ်မိနေခဲ့ပြီးလား ။ သူမ မရှိတဲ့ နေ့ရက်တွေ တစ်ယောက်တည်း အထီးကျန်သလို ဖြစ်နေခဲ့သည် ။ ညနက်နက် တိတ်ဆိတ်ငြိမ်သက်တဲ့ ကောင်းကင်ကြီးအောက်မှာ ကြယ်လေးတွေကို မော့ကြည့်ရင်း သူမကို သတိရနေမိသည် ။ သူမရော . . . . ကျွန်တော်ကို သတိရနေရဲ့လား . . . . .
ရင် . . . ရင် ဘတ် ကြီး နဲ့ ပွေ့ထားရတယ် သ တိ ရ ခြင်း တွေ ဖိတ် လျှံ လွင့် ထွတ် . . . ဖွာ က နဲ အလွမ်းတွေ ကြွေလို့ ငါ့ကိုယ်ပေါ် မှောက်ရက်လဲတယ် ကိုယ်တိုင်လဲ သူတို့ပေါ် ခြေခေါက်လဲလို့ . . . ။
~~ လင်းခေတ်ဒီနို ~~ ☆°★°∴°°∴.•★°∴°. •★° ☆°★ တစ်ပတ်ကျော် ကြာပြီးနောက် . . . ဖြူ ရန်ကုန် ပြန်ရောက်လာခဲ့သည် ။ ကျွန်တော်နဲ့ တွေ့တော့ ဖြူ မျက်နှာ သိပ်မကောင်း . . . ဘာဖြစ်လို့လည်း မေးတော့ ဘာမှ မဖြစ်ပါဘူး ခရီးပန်းလာတာလို့ပဲ ပြန်ဖြေခဲ့သည် ။ ကျွန်တော် စိတ်မကောင်းတာတွေ့တော့ ဖြူ ချက်ချင်း မျက်နှာပြင်ပြီး . . . “ ဖြူ ဘာမှ မဖြစ်ပါဘူး ကိုဆက် . . စိတ်ပူမနေနဲ့ . . . နည်းနည်း ခရီးပန်းလာလို့ ဖြစ်ပါလိမ့်မယ် . . . ဖြူလေ နယ်ပြန်တုန်းက လေယာဉ်ပေါ်မှာ ကို့ဆက်ကို သတိရလိုက်တာ ၊ ဘေးနားမှာက အသက်ကြီးကြီး လူကြီး ၀၀ကြီးတစ်ယောက် ဖြစ်နေ ထိုင်ရတာ စိတ်ကျဉ်းကြပ် လိုက်တာ . . ” ဖြုမျက်နှာလေး မဲ့ပြပြီး ပြောတော့ ကျွန်တော် ပြုံးနေမိသည် ။ “ နောက်ပြီး လေယာဉ်ပေါ်မှာ ဖြူတွေးနေမိတယ် . . ဘေးနားက ခုံမှာ ကိုဆက် သာဆို ဘယ်လောက် ကောင်းလိုက် မလဲလို့ ဖြူတွေးနေမိတယ် ” ဖြူ့မျက်ဝန်းတွေထဲမှာ ၀မ်းနည်းနေတဲ့ အရိပ်အရောင်တွေ ကျွန်တော်တွေ့လိုက်ရသည် ။ သူမ ဟန်ဆောင်ထားပေမဲ့ သူမ တစ်ခုခု ဖြစ်လာမှန်း ကျွန်တော် သေချာ သိနေခဲ့သည် ။ အဲဒီနေ့ တစ်နေကုန် သူမနဲ့ စကားတွေ အများကြီး ပြောနေဖြစ်ခဲတယ် ။ ပြန်ဖို့ လုပ်လိုက်တိုင်း သူမနားက မထွတ်သွားချင်အောင် ဖြစ်နေမိတယ် ။ ဒီလိုနဲ့ပဲ တစ်နေ့လုံး သူမ မျက်နှာလေး ကြည့်ရင်း သူမ ပြောသမျှကို နားထောင်နေခဲ့သည် ။ ☆°★°∴°°∴.•★°∴°. •★° ☆°★ တစ်နေ့ . . . တွေ့နေကျနေရာလေးမှာပဲ ဖြူ့ကို စောစောရောက်နေတာ တွေ့လိုက်ရသည် ။ ကျွန်တော် ဘာမှ မပြောပဲ ဖြူအနား အသာအယာတိုးကပ်သွားပြီး ဖြူမျက်နှာ ကြည့်လိုက်တော့ ဖြူမျက်ဝန်းမှာ မျက်ရည်စတွေ တွေ့လိုက်ရတယ် ။ ကျွန်တော်ကို တွေ့တာနဲ့ ဖြူ ကမန်းကတန်း မျက်နှာလေး ဟိုဘက်လှည့်ပြီး မျက်ရည်စတို့ကို ချက်ခြင်း သုတ်ပစ်လိုက်သည် ။ ပြီးတော့မှ “ ကိုဆက် ဘယ်တုန်းက ရောက်နေတာလဲ ၊ ဖြူဒီနေ့ အလုပ်မရှိလို့ စောစော ရောက်နေတာလေ ” ဖြူ့ မျက်နှာလေးက ဖြူစင်ပါသည် ။ တခုခုဆို ဖြူ့မျက်နှာလေးက မလိမ်တတ်မှန်းသိသာပါတယ် ။ ဖြူ ကျွန်တော်ကို တခုခု ဖုံးကွယ်ထားခဲ့တာ သေချာသည် ။ ကျွန်တော် ဖြူဘေးနားမှာ သွားထိုင်ရင်း “ ဖြူ့ကို နယ်က ပြန်လာတဲ့ နေ့တည်းက ကို မေးမယ် မေးမယ်နဲ့ မမေးဖြစ်ခဲ့ဘူး ဖြူ ၊ အခု ကို မေးမယ် ၊ ဖြူ နယ်ပြန်တုန်းက တစ်ခုခု ဖြစ်ခဲ့တယ် မဟုတ်လား ၊ ဖြူ့ မျက်နှာလေးက မလိမ်တတ်မှန်း ကို သိတယ် ဖြူ ” ကျွန်တော့် စကာလေးဆုံးတော့ ဖြူမျက်နှာလေး ဖျော့တော့ရင်း ဟိုဘက်လှည့်သွားသည် ။ ပြီးမှ “ ဖြူ မဖြေလို့ မရဘူးလား ကိုဆက် ” “ ကိစ္စတစ်ခုကို ဖြူတစ်ယောက်တည်း ကျိတ်ခံစားတာထက် ကို့ကို ဖွင့်ပြောပြီး တိုင်ပင်တာ ပိုကောင်းမယ်လို့ ကို ထင်တယ် ဖြူ ၊ ကိုယ်တို့ နှစ်ယောက် အတူဖြေရှင်းသင့်တာပေါ့ “ “ အမှန်ဆိုရင် ဖြူ မပြောချင်ဘူး ကိုဆက် ၊ နှစ်ယောက်လုံး ခံစားရမယ့် ကိစ္စတစ်ခုကို ဖြူ မပြောချင်ဘူး ၊ ဒါပေမဲ့ ဒီကိစ္စဟာ တစ်နေ့ ကြုံလာရမဲ့ ကိစ္စပါပဲ ၊ ခုမကြုံလည်း နောက်ကြုံတွေ့ရမှာပဲလေ ” ဖြူ့ မျက်နှာ အရမ်းကို ၀မ်းနည်းနေမှန်း သိသာလာသည် ။ “ မေမေ ကိုဆက်နဲ့ ဖြူ့ကို သဘောမတူဘူး ကိုဆက်ရယ် ၊ နောက်ပြီး ဖြူ့ကိုလည်း တစ်ခြား တစ်ယောက်နဲ့ အိမ်ထောင်ချ ဖို့ ကြိုးစားနေတယ် ” ဖြူ့ စကားဆုံးချိန်မှာ ကျွန်တော် ကမ္ဘာကြီး ပျက်သွားမလောက်ပင် ၊ အရာရာဟာ ရုတ်တရုက် ခြောက်သွေ့သွားသလို အသက်မဲ့ကုန်ကြတယ် ။ ကျွန်တော် စကားသံတွေ ဆွံ့အလို့ ဘာပြောရမှန်းမသိအောင်ပင် ၊ ကျွန်တော် မကြားချင်ဆုံးသော စကားသံကို ကျွန်တော် ကြားလိုက်ရတာပါပဲ . . . ဖြူ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ဖြူမပြောပဲ ကျွန်တော် နားလည်နေခဲ့သည် ။ ဖြူ့ကို ကြည့်လိုက်တော့ ပါးပြင်မှာ မျက်ရည်စတွေ နဲ့ ၊ ဖြူ ဘယ်လို ခံစားနေရမလဲဆိုတာ ကျွန်တော်နားလည်သည် ။ ကျွန်တော်တို့ နှစ်ယောက်ကို လောကကြီးက ကြည်စားတာလား ၊ မထင်မှတ်ချိန်မှာ ဆုံဆည်းပေးခဲ့ပြီး ခိုင်မြဲနေတဲ့ အချိန်မှာ ခွဲခွါစေတယ် ။ ကျွန်တော်အနားမှာ နေဖို့ သူမ မေမေကိုတတ်နိင်သမျှ အချိန်ဆွဲထားခဲ့သည်တဲ့လေ . . . . တစ်နေ့တော့ သူမ ကျွန်တော်ကို ခွဲခွါသွားတော့မည်ပေါ့ ။
ဒီလိုနဲ့ပဲ ... မြူခိုးတွေနဲ့ ညနေခင်းက တိတ်တဆိတ် နှုတ်ဆက်တယ် သူတို့ ထွက်ခွာတော့မယ်လေ ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး နောက်ဆုံးတော့ ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ ...။ ~ ညလင်းအိမ် ~
☆°★°∴°°∴.•★°∴°. •★° ☆°★ ဒီနေ့ ဖြူ နယ်ကို အပြီး ပြန်တောမည်တဲ့ ။ တွေ့နေကြနေရာလေးကို သွားနေပေမဲ့ ခြေလှမ်းတို့က လေးလံ နေခဲ့တယ် ။ နောက်ဆုံး နှုတ်ဆက်ခြင်း စကာထာမှာ ကျွန်တော်တို့ အလွမ်းတွေ ဘယ်လောက် ဖွက်ထားခဲ့ကြရမှာလဲ ။ တိမ်တိုက်တွေ ပြိုလို့ အလွမ်းတွေ ညိုနေခဲ့ပြီးပဲ ။ ကျွန်တော်တို့ တွေ့နေကြနေရာလေးရောက်တော့ ဖြူရောက်နှင့်နေပြီး ။ မတ်တပ်လေးရပ်ရင်း ငေးမောနေတဲ့ ဖြူကို ကျွန်တော် အတော်တန်ကြာအောင် မခေါ်မိပဲရပ်ကြည့်နေမိတယ် ။ အတော်ကြာတော့ “ ကိုဆက် ရောက်နေတာကြာပြီးမဟုတ်လား “ ကျွန်တော်ရောက်နေတာဖြူသိနေခဲ့သည်ပဲ ။ ကျွန်တော် ဘာမှ မဖြေမိပဲ ဖြူအနားမှာ သွားရပ်နေခဲ့တယ် ။ ခဏကြာတော့ ဖြူ ကျွန်တော်ဘက် လှည့်ရင်း “ ကိုဆက် မှတ်မိသေးလား . . . ဟိုးတုန်းက ဖြူပြောခဲ့ဖူးတယ်လေ . . . ဖြူ ဆိုတာ ကိုဆက်ဘ၀ထဲက ဧည့်သည် တစ်ယောက်ပါပဲလို့ ဖြူပြောခဲ့ဖူးတယ် “ “ ကို မှတ်မိပါတယ် ဖြူ “ . . . . “ အဲဒီကတည်းက မေမေက ဖြူ့ကို ကိုဆက်နဲ့ သဘောမတူဘူးဆိုတာ ပြောခဲ့ပြီးသားပါ ၊ ဖြူ ကိုဆက် အနားမှာ နေချင်သေးလို့ မေမေ့ကို အချိန်ဆွဲပြီး ဖြူနေ နေခဲ့တာပါ ၊ ဖြူ အချိန်ရသလောက် ကိုဆက် အနားမှာ နေချင်ခဲ့သူပါ ” “ ဖြူရယ် ” ကျွန်တော် သက်ပြင်းချ ၀မ်းနည်းနေရုံကလွဲပြီး ဘာတတ်နိင်ခဲ့မှာလဲ ၊ ဖြူ ဆုံးဖြတ်ပြီးတဲ့ ကိစ္စတစ်ခုကို ကျွန်တော် လက်ခံယုံမှ လွဲပြီး ကျွန်တော် မတတ်နိင်ခဲ့ဘူးလေ ။ ပြီးတော့မှ ဖြူက ကျွန်တော် အနားကပ်လာပြီး “ အခု့  ဖြူ့ကို နောက်ဆုံး အနေနဲ့ ကိုဆက် ရင်ခွင်ထဲမှာ ခဏလောက် ပေးနေလို့ ရမလားဟင် ” ကိုယ့်ရင်ခွင်ဟာ ထာဝရ ဖြူအတွက်ပါပဲ ဖြူ . . . . ဖြူ ထွတ်သွားခဲ့မယ် ဆိုရင်တောင် ဖြူအတွက် ကိုယ့် ရင်ခွင်ဟာ ထာဝရ ဖွင့်ထားဆဲပါ . . . . ကျွန်တော် ဖြူ့ ကိုယ်လုံးလေးကို အသာ အယာ ပွေ့ဖက်ထားလိုက်မိသည် ။ ဖြူ့ကိုယ်လေး သိမ့်သိမ့်လေး တုန်ခါနေခဲ့သည် . . . ပြီးတော့ ကျွန်တော် ဘယ်ဘက် ရင်အုံလေးမှာ အေးစက်စက်လေး ခံစားလိုက်ရတယ် . . . ဖြူ့ မျက်ရည်တွေ ကျွန်တော် ဘယ်ဘက်ရင်ဘတ်လေးမှာ စွန်းထင်းသွားခဲ့ပြီ ။ ကျွန်တော် မျက်လုံးကို မှိတ်ရင်း မျက်ရည်မကျမိအောင် ထိန်းထားခဲ့ရတယ် ။
ပန်းဆက်ခံ သတို့သမီးရဲ့ ဒိုင်ယာရီမှာ ငါ့ရဲ့ အိမ်မက်တွေ တစ်ခန်းရပ်သွားခဲ့ပြီ ရာဇ၀င်တွေ တိုးတိတ် လွမ်းလျှ မိုးစက် တစ်ပေါက် နှစ်ပေါက်ကြားမှာ မျက်ရည် စီးသံ ခပ်ဆွေးဆွေးနဲ့ ( ဒီ ) ရင်ဘတ်ကြီး ကြိုး ပြတ် သွား ခဲ့ တယ် ။ ~~ လင်းခေတ်ဒီနို ~~ ခင်မင်စွာဖြင့် လင်းခေတ်ဒီနို
P.S ။ ။ ကျွန်တော်ကို ကဗျာလေးပေးသုံးခဲ့တဲ့ ကိုညလင်းအိမ်နဲ့ ကဗျာစာသားလေးကို ခေါင်းစဉ်လေးအဖြစ် ပေးသုံးခဲ့တဲ့ ညီမငယ် ဇော် တို့ကို ကျေးဇူးတင်ရှိပါတယ် ။

Thursday, January 6, 2011

မျက်ရည်မပါ ရှိုက်သံမပါတဲ့ ညအသေတွေ နောက်မှာ

. အစိမ်းရောင် ရက်စွဲတွေကို ထွန်ယက်ရင်း တကိုယ်ရည်မိုးကောင်းကင်လည်း ညိုတတ်ခဲ့ပြီး အသွင်ပြောင်းသွားတဲ့ ညဦးယံဟာလည်း နက္ခတ်သီတဲ့ ကဗျာတစ်ပုဒ်မဟုတ်ခဲ့တော့ဘူး . . . ရင်ဘတ်ထဲ ကြေကွဲလိုက်တာ ချစ်သူ . . . ဒီဇင်ဘာရဲ့ နောက်ဆုံးနှစ်ရက်ကို အလင်းတွေ ဖောက်ခွဲရင်း အရူးတစ်ယောက်လို ငါ ကျော်ဖြတ်ခဲ့ရတယ် ကောင်းကင်မှာ အရှုံးတွေများ သာယာလိုက်တာ အဲဒီနေ့မှာ ငိုတတ်ဖို့တောင် ငါ့အသက်ရှူသံ ငါရှာမတွေ့ခဲ့ဘူး . . . ငါ မငိုပါဘူး ချစ်သူ . . . မျက်ရည်ကို အလွမ်းနဲ့ ရောပြီးတော့ နာကျဉ်ပစ်ခဲ့တယ် ငါ့ အဆင့်နဲ့ မမှီတဲ့ မင်း ကမ္ဘာလေးထဲကနေ ငါ့အသည်းကွဲမျဉ်းကြောင်းကို ငါ တိမ်းစောင်းပေးခဲ့ပါတယ် မျက်ရည်မပါကြေး ရှိုက်သံမပါကြေးဆိုတဲ့ ညအသေတွေကြားထဲမှာ လျှစ်စီးတန်းတွေကို ကွေးကိုင်းရင်း ငါ့ မုတ်သုံကို ငါ တိတ်ဆိတ်စွာ ပျိုးကြဲပါရစေ . . . ပြုစားတတ်လွန်းတဲ့ နမ်မီးဆစ်လေးရေ ဗီးနပ်စ်ရဲ့ ညို့အပြုံးကိုများ မင်းတတ်ခဲ့လေသလား တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်လုံးနဲ့ မင်းကျိန်စာ ပျယ်မသွားမှန်း သိခဲ့ပေမဲ့ ငါကိုယ်တိုင် သတ်ကွင်းထဲ ပြေးဝင်ခဲ့တာပဲ သွေးပျက်နေတဲ့ အိပ်မက်တွေမှာ ငါ ဘယ်လိုကျရှုံးနေတယ်ဆိုတာ အမှောင်ဖားလားချထားတဲ့ ညတွေကလွဲရင် မင်း အသိဆုံးနေမှာပါ အိမ့်ဖြူ . . . ဆောင်းရာသီဟာ ငါ့အတွက် ကာရံမညီတော့ဘူး လွမ်းဆွတ်ခြင်းကြိုးမိန့် နဲ့ စွန့်ခွါခြင်းပြစ်ဒဏ်ဟာ သေရာပါ ခေါင်းလောင်းသံတဲ့လား တယုတယ မက်ခဲ့တဲ့ အိပ်မက်ရာသီမှာ ငါ့ကို တန်ဖိုးမဲ့ ကဗျာတစ်ပုဒ်လို ပျောက်ဆုံးခွင့်ပေးပါတော့ . . . လင်းခေတ်ဒီနို ( 6.1.11 / 10း08 AM )

လူကြည့်အများဆုံး စာတိုပေစများ