Thursday, January 6, 2011

မျက်ရည်မပါ ရှိုက်သံမပါတဲ့ ညအသေတွေ နောက်မှာ

. အစိမ်းရောင် ရက်စွဲတွေကို ထွန်ယက်ရင်း တကိုယ်ရည်မိုးကောင်းကင်လည်း ညိုတတ်ခဲ့ပြီး အသွင်ပြောင်းသွားတဲ့ ညဦးယံဟာလည်း နက္ခတ်သီတဲ့ ကဗျာတစ်ပုဒ်မဟုတ်ခဲ့တော့ဘူး . . . ရင်ဘတ်ထဲ ကြေကွဲလိုက်တာ ချစ်သူ . . . ဒီဇင်ဘာရဲ့ နောက်ဆုံးနှစ်ရက်ကို အလင်းတွေ ဖောက်ခွဲရင်း အရူးတစ်ယောက်လို ငါ ကျော်ဖြတ်ခဲ့ရတယ် ကောင်းကင်မှာ အရှုံးတွေများ သာယာလိုက်တာ အဲဒီနေ့မှာ ငိုတတ်ဖို့တောင် ငါ့အသက်ရှူသံ ငါရှာမတွေ့ခဲ့ဘူး . . . ငါ မငိုပါဘူး ချစ်သူ . . . မျက်ရည်ကို အလွမ်းနဲ့ ရောပြီးတော့ နာကျဉ်ပစ်ခဲ့တယ် ငါ့ အဆင့်နဲ့ မမှီတဲ့ မင်း ကမ္ဘာလေးထဲကနေ ငါ့အသည်းကွဲမျဉ်းကြောင်းကို ငါ တိမ်းစောင်းပေးခဲ့ပါတယ် မျက်ရည်မပါကြေး ရှိုက်သံမပါကြေးဆိုတဲ့ ညအသေတွေကြားထဲမှာ လျှစ်စီးတန်းတွေကို ကွေးကိုင်းရင်း ငါ့ မုတ်သုံကို ငါ တိတ်ဆိတ်စွာ ပျိုးကြဲပါရစေ . . . ပြုစားတတ်လွန်းတဲ့ နမ်မီးဆစ်လေးရေ ဗီးနပ်စ်ရဲ့ ညို့အပြုံးကိုများ မင်းတတ်ခဲ့လေသလား တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်လုံးနဲ့ မင်းကျိန်စာ ပျယ်မသွားမှန်း သိခဲ့ပေမဲ့ ငါကိုယ်တိုင် သတ်ကွင်းထဲ ပြေးဝင်ခဲ့တာပဲ သွေးပျက်နေတဲ့ အိပ်မက်တွေမှာ ငါ ဘယ်လိုကျရှုံးနေတယ်ဆိုတာ အမှောင်ဖားလားချထားတဲ့ ညတွေကလွဲရင် မင်း အသိဆုံးနေမှာပါ အိမ့်ဖြူ . . . ဆောင်းရာသီဟာ ငါ့အတွက် ကာရံမညီတော့ဘူး လွမ်းဆွတ်ခြင်းကြိုးမိန့် နဲ့ စွန့်ခွါခြင်းပြစ်ဒဏ်ဟာ သေရာပါ ခေါင်းလောင်းသံတဲ့လား တယုတယ မက်ခဲ့တဲ့ အိပ်မက်ရာသီမှာ ငါ့ကို တန်ဖိုးမဲ့ ကဗျာတစ်ပုဒ်လို ပျောက်ဆုံးခွင့်ပေးပါတော့ . . . လင်းခေတ်ဒီနို ( 6.1.11 / 10း08 AM )

14 comments:

နုငယ် said...

အင်းးလွမ်းတတ်လိုက်တာ...

ချမ်းလင်းနေ said...

ကိုဗညားရေ..
ကဗျာခေါင်းစဉ်ကို ကြိုက်တယ်ဗျာ။

အုပ်ကြီး said...

အမှောင်ဖားလားချထားတဲ့ညတွေကြား
တယုတယမက်ခဲ့တဲ့အိပ်မက်
ရုတ်တရတ်
ထပြီး အလင်းရောင်ပြမလား....

Anonymous said...

လက်တလော
ညီသူအိမ်ဆိုတဲ့ဗလာကောင်နဲ့
ထိပ်တိုက်တွေ့သွားတဲ့ကဗျာ
ထပ်ပြီး အကျနာစေပေမယ့်
တယုတယ ပွတ်သပ်သွားတယ် ကိုဗညားရေ

John Moe Eain said...

ဆောင်း
အိပ်မက်
အလွမ်းရာသီ....။

အိမ့်ချမ်းမြေ့ said...

ကျိုးပဲ့ကြေမွနေတဲ့ အလွမ်းတွေကို လာရောက်မျှဝေခံစားသွားကြောင်းး

ဒီလိုမျိုးလွမ်းရတာ ကြောက်စရာတော့ ကောင်းတယ်နော်။

noblemoe said...

ကလွမ်းကဗျာလေးကောင်းလိုက်တာ ဒါပေမဲ့ နှစ်သစ်ကစလို့ ပျော်ရွှင်ပါစေဆုတောင်းပေးပါတယ်။
ငိုတတ်ဖို့ တောင် ငါ့အသက်ရှူသံ ငါရှာမတွေ့ခဲ့ဘူး စာသားလေးကိုနှစ်သက်မိတယ်
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဆောင်းနှင်းရွက် said...

ဒီကဗျာတော့ လိုက်လို့မှီတယ် ...
ဟဲဟဲ ..


ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးယံ said...

တယုတယ မက်ခဲ့တဲ့ အိပ်မက်ရာသီမှာ
ငါ့ကို တန်ဖိုးမဲ့ ကဗျာတစ်ပုဒ်လို ပျောက်ဆုံးခွင့်ပေးပါတော့ . . .


ဒီလို စကားလုံးတွေနဲ့ ကိုဗညားက လူကို ပစ်တယ်ပေါ့လေ... အဲလို ဒဲ့ကြီးတော့လုပ်နဲ့လေ.. အနာဟောင်းတွေ ပြန်ပေါ်လာပြီ

Anonymous said...

တပုဒ်လုံးကြိုက်တယ်း))

မိုးခါး

Cameron said...

အဆုံးသတ်လေးသိပ်လှတယ် မောင်ဗညား...
ငါ့ကို တန်ဖိုးမဲ့ ကဗျာတစ်ပုဒ်လို ပျောက်ဆုံးခွင့်ပေးပါတော့”တဲ့....

ခင်တဲ့
မိုးငွေ့

Anonymous said...

ဗီညား သနားစရာလေးပါလား ... :(

ညလင်းအိမ်

Maung Myo said...

ငါ မငိုပါဘူး ချစ်သူ . . .
မျက်ရည်ကို အလွမ်းနဲ့ ရောပြီးတော့ နာကျဉ်ပစ်ခဲ့တယ်

လွမ်းစရာရှိရင် နာစရာနဲ့ဖြေသိမ့်ရမယ်ဆိုတာ ဒါမျိုးဖြစ်ရမယ် .။

သဒ္ဓါလှိုင်း said...

ဗညားရေ...
မျက်ရည်ကိုအလွမ်းနဲ့ရောပြီး နာကျဉ်ပြီး ဖြေသိမ့်ရတာ
နာကျဉ်လှပါတယ်။ နာကျဉ်စရာကောင်းတဲ့ ရပ်ဝန်းထဲကနေ ရုန်းထွက်နိုင်မှာပါ.။
ခင်မင်ရတဲ့
မဒါ

လူကြည့်အများဆုံး စာတိုပေစများ