Wednesday, September 25, 2013

ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်း



သူမက ဆောင်းခေတ်မှာ ပွင့်တဲ့ လမင်းပဲ
နွေကျဲကျဲ တံလျှပ်ထနေတဲ့ ကိုယ့်ဘဝထဲတော့
ဘယ်လာချင်ပါ့မလဲ
ရင်နဲ့ ထွင်းခဲ့ကြတဲ့ ချစ်ခြင်းဆိုပေမဲ့
တစ်ယောက်နဲ့ တစ်ယောက် မလင်းပွင့်ခဲ့ကြမှတော့
အဲ့ဒီ . . . တညနေ မှာပဲ
အိပ်မက်ကို ဆွဲခွါပြီး
အလင်းသဲ့သဲ့ကို မှုတ်ငြိမ်းခဲ့ကြပေါ့ ။

ဘယ်လို အငြိုးမျိုးနဲ့
ပန်းတွေကို အဆိပ်လူးထားခဲ့တာလဲ
ရပါတယ်
ဘဝက မင်းလက်ထဲမှာပဲဟာ
သေမင်းခေါ်တဲ့ လမ်းဆိုရင်တောင်
အဲ့ဒီ အဆိပ်ပန်းကို ရင်ဘတ်မှာ ထိုးပြီး
ငါလိုက်သွားမယ်. . .
မိုက်မဲမှုဆိုတာ
ကျကျနန ငါရွေးချယ်ခဲ့တဲ့ လမ်းပေါ့ ။

လမ်းဆုံး
အဆုံးမရှိတဲ့ လမ်းကိုမှ ငါတိုးဝင်နေတယ်
ဒဏ်ရာတွေဆိုတာ
ငါ့ ခန္တာကိုယ်ပေါ်က အသီးအပွင့်တွေေ
နာကျင်မှုကို
မြိန်ရည်ရှက်ရည် ငါ ခူးစားလိုက်တယ်
ဘယ်သူမှားခဲ့လဲ
ကိုယ့်အမှန်တရားနဲ့ကိုယ်
မိုးစုန်စုန် ချုပ်ခဲ့ကြပေါ့ ။

ချစ်ရက်နဲ့ လမ်းခွဲခဲ့တာလား
လခြမ်းကို မြင်လို့
ကြယ်မှုံကို ထားခဲ့တာလား
မီးပွင့်မတတ် ခါးထောက်ပြီး
ငါ့အပြစ်လို့ ဆိုမှတော့
ကောင်မလေးရေ . . .
တစ်ယောက် တစ်ကမ္ဘာစီပဲ
. . . . . 
ကြေကွဲ လိုက်ကြရုံပေါ့ ။

လင်းခေတ်ဒီနို ( 24.9.13 )

5 comments:

သိ ဂၤ ါ ရ said...

အလှမ်းဝေးတဲ့ ကြယ် များ အတွက် လမ်းဆုံး ဟာ သေမိန့်

...... :(

နှင်းနုလွင် said...

ဒီကဗျာက နူးညံ့လွန်းတာ မဟုတ်ပေမယ့် နည်းနည်းတော့ ပျော့သလိုပဲ..
ရသ နောက်တစ်မျိုးပေါ့

မောင်သီဟ said...

တစ်ကမ္ဘာစီဆိုတော့ ဝေးပြီပေါ့.......
ဒီလိုပဲ ကိုယ့်အမှန်တရားနဲ့ ကိုယ် မိုးချုပ်ခဲ့ဖူးသူ
မောင်ဘကြိုင်

မငုံ said...

လမ်းဆုံးတိုင်အောင် ချစ်မဲ့သူပါလား ကိုဗညားရေ ကဗျာလာဖတ်တယ်

သဒ္ဓါလှိုင်း said...

ဗညားရေ.. ကဗျာလေးတွေ ပြန်ဖတ်ခွင့်ရလို့ ဝမ်းသာတယ်...
ချစ်ခင်စွာ
မဒါ

လူကြည့်အများဆုံး စာတိုပေစများ