Tuesday, August 23, 2011
Ayarwaddy . . . . " Not For Sale "
တစိမ့်စိမ့် စီးဆင်းနေတဲ့ မေခရဲ့ အလှ
တသွယ်သွယ် စီးဆင်းနေတဲ့ မလိခရဲ့ အလှ
မြစ်ဆုံဟာ သူတို့ရဲ့ ရင်ခွင်လား
ဧရာဝတီဟာ သူတို့ရဲ့ ရင်ခွင်လား
မနောတိုင်ဟာ ကချင်ပြည်နယ်နဲ့ သင်္ကေတ ဆိုရင်
မြစ်ဆုံဟာ မေခ မလိခရဲ့ သင်္ကေတ
ဧရာဝတီရဲ့ နိဒါန်း
ဧရာဝတီဟာ သူတို့တွေရဲ့ အိပ်မက်ရင်ခုန်သံ
ဧရာဝတီဟာ သူတို့တွေရဲ့ အနာဂတ်
ဧရာဝတီဟာ သူတို့တွေရဲ့ မျှော်လင့်ခြင်း
သူတို့တွေဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ထာဝရစီးဆင်းကြတယ်
ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . .ဆွဲထုတ် မသွားကြပါနဲ့ . . . ။
ခုန်ပျံတက်လာတယ်
ပြန်ခုန်ဆင်းသွားတယ်
အတက်အကျ လှိုင်းတွေရဲ့ရာဇ၀င်မှာ
ဒီရေ ဒီမြေဟာ သူတို့ရဲ့ ဘူမိနက်သန်
သူတို့ဟာ ဧရာဝတီရဲ့ နတ်သမီးပျိုတွေ
သူတို့ဟာ ဧရာဝတီရဲ့ ကကြိုး ကချေသည်တွေ
သူတို့ဟာ ဧရာဝတီရဲ့ မော်ကွန်းဝင် ရတနာတွေ
သူတို့ဟာ ဧရာဝတီရဲ့ အဖိုးတန်ရှားပါး လင်းပိုင်တွေ
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ရှင်သန်တယ်
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ အိပ်မက်နဲ့ပဲ စီးမျောတယ်
ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ သွေးနဲ့ပဲ ရဲရင့်ကြတယ်
ဧရာဝတီလင်းပိုင်းဟာ ဧရာဝတီရဲ့ ခြေရင်းမှာပဲ ထာဝရအိပ်စက်ကြတယ်
ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။
ဥသြဟာ ဧရာဝတီရဲ့ နေညိုချိန်ကို လွမ်းတယ်
ဥသြဟာ ဧရာဝတီရဲ့ ပုစွန်ဆီရောင်ညနေခင်းကို တမ်းတတယ်
ဥသြဟာ ကြက်ခွပ်လှိုင်းခတ်နဲ့ ဧရာဝတီရဲ့ အလှကို ကျုးရင့်တယ်
ကွန်ပစ်တဲ့ တံငါလှေတွေဟာ ဧရာဝတီရဲ့ ဆည်းလည်းတွေလား
မင်းကွန်းတောင်းတန်းကြီးနဲ့ ပုထိုးတော်တွေဟာ ဧရာဝတီရဲ့ နောက်ခံပန်ချီကားလား
တရွေ့ရွေ့မျောလာနေတဲ့ ၀ါးဖောင်တွေက ဧရာဝတီရဲ့ အမှတ်သညာလား
ဧရာဝတီဆိုတာ အညာဒေသလေးရဲ့ အိုအေစစ်လေးပါ
ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဟင်လေးအိုးကြီး
ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဒဏ္ဍာရီ
ဧရာဝတီဟာ ကျုပ်တို့ရဲ့ နှလုံးသည်းပွတ်
ဧရာဝတီကို . . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။
ချစ်သော ဧရာဝတီ . . .
ဧရာဝတီဟာ မြန်မာပြည်ကြီးရဲ့ အလှတစ်ပါး
ဧရာဝတီဟာ ညောင်ဦးကမ်းပါးရဲ့ အလှတရား
ဧရာဝတီဟာ ပုဂံပြည်ရဲ့ အလှတရား
ဧရာဝတီဟာ စစ်ကိုင်းတိုင်းရဲ့ အလှတရား
ဧရာဝတီဟာ ဂေါဝိန်ဆိပ်ကမ်းရဲ့ အလှတရား
ဧရာဝတီဟာ ပြည်မြို့ရဲ့ အလှတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက အလှတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက သစ္စာတရား
ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက ထာဝရအိပ်မက်
ဧရာဝတီကို . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ ။
သိဒ္ဓတ္ထလှိုင်ရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး ”
်ကျုပ်တို့ရဲ့ ဧရာဝတီ . . . .
သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ သမိုင်းတွေရှိတယ်
သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့ ရဲရင့်တဲ့ ရာဇ၀င်တွေ ရှိတယ်
ဧရာဝတီဟာ သမိုင်းချိုးကွေ့ရောက်တိုင်း
ကျုပ်တို့အတွက် အမှတ်တရတွေ မော်ကွန်းတင်ခဲ့တယ်
ဧရာဝတီကို ကျုပ်တို့ အဆုံးအရှုံးမခံနိင်ဘူး
ဧရာဝတီကို ကျုပ်တို့ သေဆုံးမခံနိင်ဘူး
ဧရာဝတီကို ကျုပ်တို့ ပျောက်ဆုံး မခံနိင်ဘူး
ဧရာဝတီကို ဘယ်သူလက်ထဲမှ အပါမခံနိုင်ဘူး . . . .
ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . . . . .
လင်းခေတ်ဒီနို ( 23.8.11 , 1း00 PM )
Wednesday, July 13, 2011
အပြင်းစား နွေအိမ်မက်
စိတ်ရိုင်း နဲ့ အတိတ်ရိုင်း
ကျရှုံးသွား သူရဲကောင်းအိပ်မက်
စစ်တုရင် မကစားဖူးတဲ့ နယ်ရုပ်
ပွဲပြီးမှ ထိုးကျွေးခံရမှန်း သိခဲ့တယ်
ငါမသိတဲ့ ငါ့ကံကြမ္မာက
မင်းလက်ထဲက ၀ှက်ဖဲတစ်ချပ်တဲ့လား ။
ဒဏ်ရာဒဏ်ချက်တွေ စမ်းမိတိုင်း
အတိတ်တွေ စီးချင်းထိုးနေဆဲ
နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်
ဂျစ်ပစီတို့ရဲ့ အိမ်မက်ဟာ
နဂါးချော့တေးနဲ့ ခြောက်လှန့်ခံနေရဆဲပဲ ။
လျှပ်စီးတွေ တဖြန်းဖြန်းလက်နေတဲ့
အပြင်းစား နွေအိမ်မက်ထဲမှာ
နမ်မီးဆစ်ရဲ့ အပြုံးက
သူ့ အမုန်းထက် ကြောက်ဖို့ကောင်းတယ် ။
အလှဖုရားမလေးရေ
ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
အလွမ်းရဲ့ ကြယ်တွေငိုတော့မယ်
မိုးတွေ တေးဆိုတဲ့အခါ
နတ်ဆိုးဟာ သူ့အလွမ်းပုရပိုဒ်မှာ
ကြေကွဲခြင်း ဗုံသံကို တီးခတ်လိမ့်မယ် ။
တိမ်ပြာတွေ မီးတောက်ခဲ့တဲ့
ငါ့ကဗျာမြို့ရိုးမှာ
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါကျေနပ်ခဲ့ပါတယ် ။
အလွမ်းမရှိတဲ့ ကမ္ဘာမှာ
လမမိုက်သေးဘူးဆိုရင် . . . .
တခါလောက်တော့
ငါ့သမိုင်းတွေ ခမ်းနားချင်သေးပါရဲ့ကွာ ။
လင်းခေတ်ဒီနို(13.7.11)
Friday, June 17, 2011
နှင်းဆီတေးသွား
.
နှလုံးသား တစ်ခုကို အခါအခါ ဒူးထောက်စေဖို့ သဲသဲမဲမဲ ကကွက်ခင်းနေတာလား ကဝေပျို ။ ရက်စက်တဲ့ နှုတ်ခမ်းပါးက တေးသွားတွေက ပျားရည်စက်လို ချိုမြိန်ပါရဲ့ မွှေးပျံ့ပါရဲ့ . . . . ခုံမင်နှစ်သက် ဖွယ်ကောင်းပါရဲ့. . . ဒါပေမဲ့ . . . ဓား သွား ပေါ် က ပျားရည်စက် ။
ကောင်းကင်ဟာ ရောင်နီကို သိမ်းဝှက်ထားသလို ၊ လေပြည်ဟာ ပန်းရနံ့ကို သိမ်းဝှက်ထားသလို ၊ မင်းအရိပ်တွေကလည်း ငါ့နှလုံးသားကို သိမ်းဝှက်ထားခဲ့ပြီ ။ ငါဟာ အိပ်မက်တွေထဲ ပိတ်လျှောင်ခံထားရတဲ့ အိပ်တန်းပျောက် ငှက်တစ်ကောင် ။ ကျိမ်စာမိခဲ့တဲ့ ငါ့ အတိတ်နဲ့ ငါ့အရိပ်ကို . . မင်းငြို့ချက် အောက်ကနေ . . ကျေးဇူးပြု၍ ထွက်ခွါခွင့်ပြုပါ ။
မင်းပေးခဲ့တဲ့ နှင်းဆီးအိပ်မက် အတုတွေ . . အသုံးပြုရန် ရက်လွန်နေတဲ့ သံယောဇဉ်အတုတွေ . . အရောင်တွေ ဖျော့တော့လာတဲ့ ဆေးသား အတုသုံး မျှော်လင့်ချက်တွေ . . အတုတွေ များတဲ့ ခေတ်ထဲမှာ အမှတ်မရှိ ယုံကြည်လွန်း နေတဲ့ သကောင့်သား အကျွန်ပ် . . . ရူးရူးမူးမူး နဲ့ပဲ ၀တ်လစ်စလစ် ကဗျာတွေ ဖောက်ချ လိုက်တယ် . . . ဆစ် ကနဲ နာကျင်မှုတွေနဲ့ မျက်လုံးတွေပါ စုံမှိတ် ပစ်လိုက်ရတဲ့အထိပါပဲ ။ အမှတ်တမဲ့တွေကို အမှတ် မရှိပဲ အမှတ်တရ အဖြစ် သိမ်းထားလိုက် မိပြန်တယ် ။
ဒီညနေခင်းမှာ ကြေကွဲခြင်း စကားလုံးကို အရက်စက်ဆုံး လို့ ကျနော်သတ်မှတ်လိုက်တယ် ။
ဟော . . .သူ ရောက်လာပြန်ပြီး ။ ဒီတခါလည်း ကျနော်အသည်းကို ပုတ်နှိုးနေတယ် ။ လှုပ်တစ်ချက် ပုတ်တစ်ချက်နဲ့ ကျနော်အသည်းကို သူ ကစားဦးတော့မယ်ပေါ့ ။ ။ စုတ်တစ်ချက် နုတ်တစ်ချက်နဲ့ သူမန်းမှုတ်တဲ့ ဂါထာတွေ ကြားမှာ ကျနော် ရူးရူး မူးမူး ဖြစ်ရတော့မယ် ။
ဧကရီရေ . . . ၊ မျက်သွယ် အပင့်တစ်ချက် . . အပြုံးတစ်ခက် အောက်မှာတင် မြှားအစင်းစင်း အစိုက်ခံလိုက်ရတဲ့ စစ်သူရဲတစ်ယောက်လို . . . မာယာ ညွှတ်ကွင်းတွေ အထပ်ထပ်အောက်မှာ ရုန်းထွက်မရတဲ့ လမ်းစပျောက် သားကောင်လို . . . . . သေစားသေစေ အမိန့်ချခံလိုက်ရတဲ့ အလင်းရောင်မဲ့ အကျဉ်းသား တစ်ယောက်လို . . . . ဒီဘ၀ ဒီမျှနဲ့ပဲ ဒီဝဌ်ကြွှေးတွေ အောက်ကနေ င့ါအိပ်မက်ကို ညှင်သာစွာ ရုန်းထွက်ခွင့် ပေးလှည့်ပါတော့ ။
တစ်ပွင့်တည်းပါပဲ ဆိုပေမဲ့ . . . အဆိပ်ပြင်းပြင်း ဆူးတစ်ခက်နဲ့တင် ငိုကြွေးနေတဲ့ နှင်းဆီတေးသွားကို ကြွေလွင့်ခွင့်ပြုပါ ။
လင်းခေတ်ဒီနို ( 17.6.11 )
Wednesday, May 4, 2011
သူမဟာ လေအလွင့်မှာ မျောလာတဲ့ တယောသံစဉ်
.
တစ္ဆေ
ခြောက်လန့်တယ်
နာနာဘာဝ တစ္ဆေမဟုတ်ဘူး
မကောင်းဆိုးဝါး တစ္ဆေမဟုတ်ဘူး
နတ်ဆိုး တစ္ဆေမဟုတ်ဘူး
အိပ်မက်တွေထဲ မကျွတ်သေးတဲ့
ပုံရိပ်လှလှ တစ္ဆေ . . . .
ကျွန်တော့် စိတ်တဇ္ဇ တစ္ဆေမလေး
သိပ်လှတယ်
ဆံပင် ရှည်ရှည်လေး ပိုင်ဆိုင်ထားတယ်
မျက်နှာ ၀ိုင်းစက်စက်လေး ပိုင်ဆိုင်ထားတယ်
ဖယောင်းသား လက်ကလေးတွေ ပိုင်ဆိုင်ထားတယ်
ကြယ်လို မျက်လုံးလေးတွေ ပိုင်ဆိုင်ထားတယ်
ဥမ္မာဒန္ဒီထက် လှတယ်
ပပ၀တီထက် လှတယ်
ကိတ်ဝင်းစလက်ထက် လှတယ်
ကေတီ ပယ်ရီထက် လှတယ်
တစ္ဆေတစ်ကောင်ရဲ့ ညထဲ
တစ္ဆေမလေးက အားလုံထက် ပိုလှတယ် . . . . .
သူမဟာ လေအလွင့်မှာ မျောလာတဲ့ တယောသံ
အနုပညာ မထွန်းကားသေးတဲ့ ဧရိယာထဲမှာ
သူမဟာ ကျွန်တော်တွေ့ရှိခဲ့တဲ့
စည်း နဲ့ ၀ါး
အဲဒီနောက်ကို လိုက်ရင်း
လွတ်ကျသွားတဲ့ အမှန်တရားမှာ
ကျွန်တော့် ပင့်သက်တွေ အများကြီးပါသွားခဲ့တယ်
လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီတုန်းက
သစ္စာပန်းတွေ ကျွန်တော် ပျိုးခဲ့တယ်
ဒီနှစ် ဖေဖော်ဝါရီမှာ
သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်မရခဲ့ဘူး
နောက်နှစ် ဖေဖော်ဝါရီရောက်ရင်လည်း
သစ္စာပန်းတွေ ကျွန်တော် ခူးခွင့်ရဦးမယ် မထင်ဘူး . . . . ။
ဒီလိုနဲ့ပဲ
ဖေဖော်ဝါရီ ရောက်တိုင်း
နွေဦး သစ်ရွက်တွေဟာ
သစ္စာရနံ့ ကိုမျှော်ရင်းနဲ့ပဲ
လေပြေ အဝှေ့မှာ စတေးခံလိုက်ကြတယ် . . . . ။
ဘယ်ဘက်ရင်အုံကို ဖွင့်ပြီး
လမ်းမှားလာတဲ့ ငါးတစ်ကောင်ကို ကြိုဆိုမိခဲ့တာလား
ပိုက် မချထားဘူး
အစာနဲ့လည်း မမျှားခဲ့ဘူ
ဧရာဝတီရဲ့ နွေဦး ညနေခင်းဟာ
ဗန်ဂိုးရဲ့ နေကြာပန်း ပန်ချီလို
ဝါရင့်ရင့်နဲ့ လှတယ်
ကျွန်တော်ဟာ ငါးကလေး ၀င်လာတာကို
ဝါရင့်ရင့် ညနေခင်းမှာ
ထိုင်ကြည့်နေဖြစ်ခဲ့တယ် . . . .
မစိုချင်တဲ့ သူကိုမှ
ဥပေက္ခာမိုးက ငြိုးတတ်တယ်တဲ့လား
ထီးကလေး တစ်ချောင်းတောင် မရှိတဲ့
နှလုံးသား
သူ စိုစေချင်မှတော့
ရင်ဘတ်ကို ပိတ်မထားတော့ဘူး
မိန်းကလေးရေ
ရွာချလိုက်စမ်းပါတော့
စိုမှာ မစိုးမှတော့
အလွမ်တွေ ယိုဖိတ်လည်း
တိုးတိတ်စွာ ကျေနပ်လိုက်ပါ့မယ်
နာကျင်ခြင်းတွေ စုံးစုံးမြုပ်မတတ်ပါပဲ . . . .
လင်းခေတ်ဒီနို ( 3.5.11 , 11:11 PM )
.
Monday, April 25, 2011
ညနေခင်း တခုလုံး မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြူ . . . .
.
ဟိုးး ခပ်ဝေးဝေးက
ယူကလစ်ပင်ပျိုက အိုမင်းချင်ဟန်ဆောင်နေတယ်
အရှေ့က လမ်းသွယ်သွယ်လေးက
အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ်
စားပွဲပေါ်က ဘလက်ကော်ဖီတစ်ခွက်
မင်းပေးခဲ့တဲ့ ဒိုင်ယာရီလိုပဲ
ဖတ်လိုက်တိုင်း ခါးတယ်
ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း
ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း
မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့
စွန်းထင်းနေလို့ပါပဲ . . . .
ဒီညနေ
မင်းကို ငါ သိပ်သတိရတယ် . . .
“ ဆပ်ပြာပူပေါင်းလေး တစ်လုံးလိုပဲ
အပ်ဖျားလေးနဲ့ အထိမခံလောက်အောင်
ထိရှလွယ်တယ် . .
အချစ်ဆိုတာထက်
အနှစ်ဆိုတာလေးပဲ သုံးပါရစေ ” တဲ့
မင်း ရွတ်ခဲ့တဲ့ စာသား
ငါ ပြန်ရွတ်နေရင်း
ညနေခင်း တခုလုံး
မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြု . . . . . .
အခု နေညိုချိန် ရောက်လုပီး
အင်္ဂါနတ်သမီးလေး ငါ့ရင်ဘတ်ကို ဖြတ်နင်းသွားတယ်
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတဲ့ ”
သိပ်ဟုတ်တာပေါ့ . . .
နှလုံးသား တခုလုံး
မြေပေါ် ကြေမွသွားမှတော့
ငါ ဂရုစိုက်ရတော့မှာပေါ့
နှုတ်မဆက်ပဲ ထွက်သွားတဲ့
နောက်ကျောလေးကို ကြည့်ရင်းနဲ့ပဲ
ငါ့ အလင်းတွေ ပျောက်ကွယ်ပါရစေ အိမ့်ဖြူ . . . . .
တန်ဖိုးရှိတဲ့ မင်းဘ၀ နဲ့ အချိန်တွေကို
ငါ့အတွက် မဖြုန်းတာ မင်း မှန်တာပေါ့
“ ညီ . . . မ . . . လေး . . . အိမ့် . . . ဖြူ ”
အကို ခေါ်လိုက်တာ မှန်ပါတယ်နော်
စကာလုံးတွေ အသက်ရှူသံမဲ့ ချွေချရင်း
ငါ့ မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ။
လင်းခေတ်ဒီနို
( Sunday , April 24 , 2011 , 6:11 PM )
ဟိုးး ခပ်ဝေးဝေးက
ယူကလစ်ပင်ပျိုက အိုမင်းချင်ဟန်ဆောင်နေတယ်
အရှေ့က လမ်းသွယ်သွယ်လေးက
အ၀ါရောင် ညနေခင်းနဲ့ အတူ အထီးကျန်ဆန်တယ်
စားပွဲပေါ်က ဘလက်ကော်ဖီတစ်ခွက်
မင်းပေးခဲ့တဲ့ ဒိုင်ယာရီလိုပဲ
ဖတ်လိုက်တိုင်း ခါးတယ်
ငါ့ လက်ကိုင်ပုဝါ အဖြူလေးလည်း
ခါးသီးမှုတွေ လိုက်လိုက်သုတ်ရင်း
မင်း ပစ်ချခဲ့တဲ့ ဥပေက္ခာတွေနဲ့
စွန်းထင်းနေလို့ပါပဲ . . . .
ဒီညနေ
မင်းကို ငါ သိပ်သတိရတယ် . . .
“ ဆပ်ပြာပူပေါင်းလေး တစ်လုံးလိုပဲ
အပ်ဖျားလေးနဲ့ အထိမခံလောက်အောင်
ထိရှလွယ်တယ် . .
အချစ်ဆိုတာထက်
အနှစ်ဆိုတာလေးပဲ သုံးပါရစေ ” တဲ့
မင်း ရွတ်ခဲ့တဲ့ စာသား
ငါ ပြန်ရွတ်နေရင်း
ညနေခင်း တခုလုံး
မင်းဖြစ်သွားပြန်ပြီ အိမ့်ဖြု . . . . . .
အခု နေညိုချိန် ရောက်လုပီး
အင်္ဂါနတ်သမီးလေး ငါ့ရင်ဘတ်ကို ဖြတ်နင်းသွားတယ်
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါတဲ့ ”
သိပ်ဟုတ်တာပေါ့ . . .
နှလုံးသား တခုလုံး
မြေပေါ် ကြေမွသွားမှတော့
ငါ ဂရုစိုက်ရတော့မှာပေါ့
နှုတ်မဆက်ပဲ ထွက်သွားတဲ့
နောက်ကျောလေးကို ကြည့်ရင်းနဲ့ပဲ
ငါ့ အလင်းတွေ ပျောက်ကွယ်ပါရစေ အိမ့်ဖြူ . . . . .
တန်ဖိုးရှိတဲ့ မင်းဘ၀ နဲ့ အချိန်တွေကို
ငါ့အတွက် မဖြုန်းတာ မင်း မှန်တာပေါ့
“ ညီ . . . မ . . . လေး . . . အိမ့် . . . ဖြူ ”
အကို ခေါ်လိုက်တာ မှန်ပါတယ်နော်
စကာလုံးတွေ အသက်ရှူသံမဲ့ ချွေချရင်း
ငါ့ မျက်လုံးထဲ ဘာမှ မမြင်ရတော့ဘူး ။
လင်းခေတ်ဒီနို
( Sunday , April 24 , 2011 , 6:11 PM )
Wednesday, March 23, 2011
ကြက်ခြေခတ် ၀င်းရိုးစွန်းနဲ့ နေတစ်ခေတ် လတစ်ခေတ် ကောင်းကင်
.
ကျွန်တော်နဲ့ ညလင်းအိမ် ( ကိုတူး ) တို့ ကဗျာ အတူတူ မစပ်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။ မနေ့တနေ့က ကျွန်တော်တို့ ညီအကို နှစ်ယောက် အလုပ်အားနေတဲ့ အချိန် ကဗျာရေးချင်တဲ့ စိတ်ဖြစ်လာလို့ နှစ်ယောက် အတူတူ ကဗျာရေးဖြစ်ခဲ့ကြပါတယ် ။ နှစ်ယောက်လုံးက အလွမ်းကဗျာသမားပီပီ အလွမ်းကဗျာကိုပဲ ရေးဖြစ်ခဲ့ကြတာပါ ။
ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ . . . ။ ( ညလင်းအိမ် )
နေတစ်ခေတ် လတစ်ခေတ်နဲ့
သက္ကရာဇ်ကတောင်
ဆယ်စုနှစ်အဟောင်းတွေ ချွေချလိုက်ပြီ
ဆောင်းပျိုငယ်က နွေကျဲကျဲ သုတ်ချသွားတာတောင်
ကျွန်တော့်အိပ်မက်တွေ အခုထိ ချိုနေတုန်းပါပဲ
ဆေးခါး ကြိုက်နေမှတော့
သကာလိုက်လည်း မမှီတော့ဘူး
အချစ်ရူးဆိုတာ ထန်းလျှက်ကျွေးလည်း
ခါးနေမယ့်သူပဲလေ . . . ။ ( လင်းခေတ်ဒီနို )
ကျွန်တော်ဆိုတဲ့ ကျွန်တော်
အဲဒီ အလွမ်းတစ်သုတ်နဲ့ပဲ
ဒဏ်ရာတွေ မိုးစုန်းစုန်းချုပ်ရင်း
ဆောင်းတစ်ညကို နောက်ပြန်လျှောက်ကြည့်တယ်
တကယ်တော့ အချစ်ဆိုတာ
နူးညံ့ကြွရွနေတဲ့ ကချေသည်တစ်ပါး
သစ္စာဆိုတာ သူ့အတွက်
ဖန်ဆင်းမှုကို အရောင်တင်ထားတဲ့ အရပ်သုံးစကား
မျှော်လင့်ခြင်းဆိုတာ ကြွေကျသွားတဲ့
ကြယ်ပျက်တစ်လုံးလိုပဲ . . .
သတိရပေးပါ ဒီဇင်ဘာရယ်
အချမ်းပို ဆောင်းညတွေမှာ
ကြက်ခြေမခတ်နိုင်တဲ့ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတဲ့အခါ
ဆုတောင်းသံ သဲ့သဲ့လေးတော့ မင်းကြားနိုင်ပါစေကွာ . . . . ။ ( ညလင်းအိမ် )
ကျွန်တော်ဆိုတဲ့ ကျွန်တော်
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
အလွမ်းခြေရာ ပြန်ကြည့်ရင်း
အဲဒီညနေကို ခြေကျင်လျှောက်ကြည့်တယ်
တကယ်တော့ နာကျင်မှုဆိုတာ
သေငယ်ဇောနဲ့ မျှောနေတဲ့ ကြယ်တစ်လုံး
သံယောဇဉ်ဆိုတာ သူ့အတွက်
အခွံနွာထားတဲ့ ပဒိုင်းသီးဖတ်စာ
တမ်းတခြင်းဆိုတာ မျက်ရည်ကျနေတဲ့
ကောင်းကင်တခြမ်းလိုပဲ . . .
နှုတ်ဆက်ပါတယ် ဒီဇင်ဘာရယ်
ညနေခင်းလေးမှာ
နီညိုရောင် တောင်ပံတွေ ဖြန့်ခင်းလာတဲ့အခါ
နာကျင်ခြင်းမဲ့စွာ မင်းပျော်နိုင်ပါစေကွာ . . . . ။ ( လင်းခေတ်ဒီနို )
စံပယ်ရုံ ရနံ့တွေက
သင်းကနဲ လှိုက်ကနဲ
ငါ့ အာရုံတွေ အလင်းပျောက်တယ် ဒီဇင်ဘာ . . .
ဒီလို နံနက်ခင်းတိုင်းမှာ စကားသံတချို့
ဒိုင်ယာရီထဲ ကျပျောက်ခဲ့တာပါပဲ
ခပ်တိတ်တိတ် ရှိုက်မိတဲ့ ဝေဒနာ တစ်ဝက်လောက်ကို
ကဗျာတွေထဲ ရောသောက်လိုက်တယ်
သွေးကြောထဲက တင်းမာလာတဲ့
မာန တချို့ကို စိတ်ဖြာကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့ မျက်ရည်တွေ
မင်းအတွက် ကျလို့ မလောက်သေးပါလားကွယ် . . . . ။ ( ညလင်းအိမ်)
စွယ်တော်ရွက် ကြွေသံလေးတွေက
ဖောက်ကနဲ ဖောက်ကနဲ
ငါ့ရင်ဘတ်တွေ နာကျင်တယ် ဒီဇင်ဘာ . . .
ဒီနှစ် ဖေဖော်ဝါရီလဆန်းတုန်းကလည်း
သစ္စာတွေ အလွမ်းရောင် ပြောင်းခဲ့တာပဲ
ခပ်ရှိုက်ရှိုက် နမ်းမိတဲ့ အလွမ်းတစ်ဝက်လောက်ကို
ကဗျာတွေထဲ ငှဲ့ချလိုက်တယ်
ရင်ဘတ်ဟောင်းထဲက ဖြာထွက်လာတဲ့
သတိရခြင်းတွေကို ကောက်ယူကြည့်လိုက်မိတော့
ဒီဇင်ဘာရယ် . . .
ငါ့သစ္စာတွေ
မင်းအတွက် ဖြူစင်နေတုန်းပါပဲကွယ် . . . . ( လင်းခေတ်ဒီနို )
ဒီဇင်ဘာ . . .
နှစ်လွှာတစ်ရွက်ပါလို့ ပြောခဲ့တဲ့
စွယ်တော်ရွက်လေးတောင်
ကျကွဲသွားပြီပဲ
ကိုယ်တို့ နှစ်ယောက်လည်း
နှုတ်မဆက်ပဲ ကျောခိုင်းကြတာပေါ့
ဒါပေမယ့် ကောင်မလေးရယ် . . .
နွေဦးပေါက်လို့ မြူမှုန်တွေ ပျောက်သွားခဲ့ရင်
သစ္စာပန်းအထပ်ထပ်နဲ့
မေတ္တာလမ်းဆက်ခဲ့တဲ့
ဆောင်းကြွင်း တစ်နေရာက
ဟောင်းနွမ်းပေတေနေတဲ့ သူတစ်ယောက်
စံပယ်ဖြူပွင့်တွေနဲ့ အတူ
နာမည်သုံးလုံးကို သီကုံးနေလိမ့်မယ်ဆိုတာတော့
ရာဇ၀င်ထဲက ဒီဇင်ဘာက ပြောပြနေဦးမှာပါ . . . . ။ ( ညလင်းအိမ် )
ဒီဇင်ဘာရောက်ရင်
ငိုကြွေးနေတဲ့ ကြယ်တွေအောက်မှာ
ငါ့ ရင်ခုန်သံတွေ ယိုင်နဲ့တယ်
အိမ်မက်တွေ အညတရ ဆန်ခဲ့တယ်
စံပယ်ဖြူလို ရိုးသားပြခဲ့ဖူးတဲ့
ကဝေပျိုမငယ်လေးရယ် . . .
ဒီနေ့ မိုးမရွာပေမဲ့
ဥပေက္ခာတွေ နင့်နင့်သည်းသည်း ပြိုကျခဲ့တယ်
ကျေနပ်ခဲ့ပါတယ် . . .
နှင်းစက်လေးတွေ တစက်စက် ကြွေအကျမှာ
ငါ့သစ္စာပန်းခင်းဟာလည်း
အလွမ်းပင်လယ် ဖြစ်ခဲ့ဖူးပြီးပဲ
သွားပါတော့
ဒီဇင်ဘာရယ်. . .
ဘာမှမကျန်တော့တဲ့
ရနံ့မဲ့ သစ္စာဟောင်းတွေကို
ခိုးဝှက် ရှိုက်နမ်းရင်း
ငါဟာ ရင်ခွင် ကောင်းကင်မဲ့နေဦးမယ့်သူပါ . . . . ။ ( လင်းခေတ်ဒီနို )
ညလင်းအိမ် ၊ လင်းခေတ်ဒီနို ( 22.3.11 ၊ 00း18 AM )
.
Tuesday, March 15, 2011
ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတယ်
.
သန်းခေါင်ယံဟာ အိပ်မက်က နိုးလာတဲ့အခါ
သူ့ပိုင်နက် တချို့ကို သိမ်းပိုက်ခံလိုက်ရပြီ
သမိုင်းတခုမှာ အဆုံးရှူံးခံဖို့
ဂျစ်ပစီတို့ရဲ့ ကောင်းကင်ကို
မြို့ရိုးအ၀မှာတင် မြုပ်နှံထားခဲ့လိုက်တယ်
ဆောင်းနတ်သမီးရေ
မင်းရဲ့ အလွမ်းကျိန်စာအောက်မှာ
အထပ်ထပ်ဆွေးမြေ့ခံဖို့
နေမ၀င်အိပ်မက်တွေ နင်းခြေရင်း
အလင်းမဲ့စွာနဲ့ ငါလာခဲ့ချေပြီ ။
စိတ်ကောက်တတ်တဲ့ နှင်းဆီရဲ့
ဥပေက္ခာနဲ့ အမုန်းကိုမှ
တမ်းတမ်းမက် မွှေးရှိုက်ချင်မိတယ်
ရူးမိုက်နေမိတာလား
ကိုယ့်ခံစားချက် ကိုယ်ပြန်ချခင်းကြည့်တော့
စိတ်ကူးတိမ်လွှာလေးတွေနဲ့
ရင်ခုန်သံတောင်
နှင်းဆီ ကာရံတွေ သီဆိုနေလေရဲ့ . . .
ဒီလိုနဲ့ပဲ . . . . .
ကြယ်တွေလတွေတောင်
အလင်းပျောက်သွာတယ်
ကျွန်တော့်မှာ ညကြီးမိုးသောက်
ရနံ့ ဆိုတာလေးနဲ့တင်
ရူးလို့ မူးလို့ ကောင်းနေဆဲ ။
မျက်စိတွေ စုံမှိတ်ပစ်လိုက်တယ်
စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ
ကောင်းကင် ပြတင်းပေါက်မှာ
ကဗျာတွေနဲ့ သူမ ရောက်လာတယ်
နှုတ်ခမ်းလှလှလေးနဲ့ အပြုံးတစ်ပွင့် . . . .
အိုကေ ရပြီး
ဒီညတော့ အပြင်းစားလဲ မလိုတော့ဘူး
အနုပညာဆန်ဆန် စကားလုံးတွေနဲ့ပဲ
ကိုယ့်ကဗျာ ကိုယ်သဲ့သဲ့လေး
တီးခတ်လိုက်တော့မယ်
ဆံနွယ်ရှည်လေးတွေနဲ့အတူ
ချစ်စရာအပြုံးလေးတစ်ပွင့်
ကျွန်တော့်ရင်ဘတ်လေးထဲ လွင့်ဝဲ ကခုန်နေတယ်
ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတာပဲဗျာ ။
လင်းခေတ်ဒီနို ( 14.3.11,10း55 AM )
.
Subscribe to:
Posts (Atom)
လူကြည့်အများဆုံး စာတိုပေစများ
-
. မွန်းကျပ်မှုတွေက . စိတ်အာရုံတွေကြားမှာ . အနီလှိုင်းတွေ အရောင်တရဲရဲ . လွှင့်ထုတ် ပစ်ခတ်ကြ . . . ။ . ကြမ္မာဆိုးဟာ လက်တစ်ကမ်းမှာ . အသင့်အနေ...
-
. ဘဝမှာ နာကျင်တာတွေ များလွန်းလာတော့ တွေ့သမျှ မျက်နှာတွေကို အစွယ်ဖားဖားနဲ့ မျက်နှာဖုံးတစ်ခုလို ကြောက်ရွံ့တတ်လာတယ် ကောင်းကင်ပေါ်က ခူးခူးပြီး သ...
-
. ည ပန်းတွေ တေးဆိုတော့ ကြယ်တွေ ချော့သိပ်ခံလိုက်ရတဲ့ ည . . . အလင်းတွေ အိပ်တန်းဝင်တော့ အဲဒီညမှာ မြောက်ပြန်လေညှင်းတွေ ပြန်ရောက်လာတယ် ဒါပေမဲ့ ....