Wednesday, November 30, 2011

နထ္ထိ ကဗျာဆရာ

အခန်း ၁ ။ အခန်းခွဲ ၁၆ ။ မနက်ခင်း အာရုံ အိပ်မှုန်စုံမွှား ဘုန်ကြီးကျောင်းသား အော်နေတာက “ ဗျိုးးး တော်းးးး ဆွမ်းးးးးးးးးး ” ကြားလိုက်ရတဲ့ ကြေးစည်သံ တစ်ချက် ဒီလို အလွဲနံနက်ခင်းနဲ့ နိုးထလာရ မြောက်ဒဂုံ ၊ ၇ ၈ လမ်းဆုံ ၊ ဒေါ်ဂွက် ဗရာကြော် ၊ ခွါညိုမ မုန့်ဟင်းခါး ချစ်စံဝင်း 45 ၊ 92 ၊ ဖာလာ ၊ ဆစ်ကနဲ အညာသား ကဖီး ကျွန်တော့်အရှေ့က ကျစိမ့် နို့စိမ်း တစ်ပေါက် နှစ်ပေါက် ဘေးနားက သကြားပလာတာစားရင် နွားပလာတာ စားသလို ဖြစ်နေမလား ဒီမနက် ၂၀၅ လိုင်းကား လူမချောင်ဘူး အိတ်ကပ်ထဲက ၅၀ တန် မိတ်အင် ဘားမား တိတ်ပ် တစ်ချက် နှစ်ချက်လောက် ဆွဲစိထားတယ် လွန်ခဲ့တဲ့ ၅ နှစ် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၂ ။ အခန်းခွဲ ၂၃ ။ အရာရာ Out of date ဖြစ်နေတဲ့ ရန်ကုန် Over date နဲ့ အသားကျနေတဲ့ ကဗျာဆရာ ဖရေဇာ လမ်းဘေး ၃ ထည် တစ်ထောင် ဂျင်းပန် သူ့အတွက်တော့ ဂျော်ရမ်းဒိုး ပဲ R တံဆိပ်လေးတောင် ပါလိုက်သေးတယ် ဘားလမ်း ၊ မြစံပယ် ကဖီး အပေါ်ထပ် နံနက် ၁၀ နာရီ တိတိ ချိန်းထားတဲ့ အတိုင်း နောက်ကျတတ်တဲ့ နိယာမ ၁၁ နာရီ ၃၀ မှာ လူစုံတယ် အခမ်းအနားမှုး သူရဿဝါ အမှားး စကားပြောကြားတယ် ၁၁ နာရီ ၄၅ အစည်းအဝေးစတယ် ၁၂ နာရီ တိတိ နေ့လည်စာ ပြန်ဆင်းတယ် ဒီလို အသင်းထဲ ၀င်ရင် ဘာဖြစ်သွားမလဲ ဥက္ကဌ နာမည်က “ လူလိန် ” ဒါနဲ့ပဲ အသင်းထဲ ၃ နှစ်ကြာသွားခဲ့တယ် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၃ ။ အခန်းခွဲ ၁၉ ။ မြကျွန်းသာ ၊ တနင်္ဂနွေ နွေရာသီ နန်းတော် လမ်းနီ မှတ်တိုင် အစဉ်အလာကို မဖျက်တဲ့ လူတစ်အုပ် အစည်းအဝေး ပြီးတိုင်း လမ်းသလား တတ်တဲ့ ခြေထောက်များ “ ဒိန်း ” မျက်ဝန်းတစ်စုံ ၊ သွားတက် ပေါ့ပေါ့ပါးပါး ပြည်သူ တစ်ယောက်ရဲ့အပြုံး အနက်ရောင် ကျောပိုးအိတ် နွေခေါင်ခေါင် ရွာချတဲ့ မိုး ချားရဟတ်က မိုးမလုံ လေမလုံ ထီးတစ်ချောင်း လူနှစ်ယောက် စကားလုံးတွေကို အဓိပ္ပါယ် ဖော်ခဲ့ကြ ဒီဇာတ်လမ်းက ပထမမြောက် အသည်းတံခါးကို ဆွဲဖွင့်ခြင်းနဲ့ ပထမမြောက် နာကျင်ခြင်းဆိုတာ ကြိုသိခဲ့မည် ဆိုလျှင် တ ချိန် တုန်း က နထ္ထိ ကဗျာဆရာ ။ အခန်း ၄ ။ အခန်းခွဲ ၁၁ ။ လေယာဉ်ပျံဆိုတာ ခေါင်းနဲ့ ထိုးတက်ပြီး ခေါင်းနဲ့ ထိုးဆင်း တဲ့ကောင် အဲဒါကြီးကို ပထမဆုံး အကြိမ်စီးခြင်း တလှပ်လှပ် တလှပ်လှပ် ဒါနဲ့ပဲ ကမ္ဘာ အရှေ့ခြမ်းကနေ အနောက်ခြမ်းကို ရောက်သွားခဲ့ ကယ်လီဖိုးနီးယား ၊ Termenal 6 Rest Room ဆိုတာ နားနေခန်း Toilet ကိုလိုက်ရှာနေတဲ့သူတစ်ယောက်အကြောင်း တစ်နေ့တာကို နေ့နဲ့ည မှား နောက်တစ်နေ့တာကို ညနဲ့ နေ့မှား ဒီလိုနဲပဲ ဟော့ဒေါ့ဆိုတာ စားတတ်ခဲ့တယ် နယူးယောက်ဆိုတာ အကြွေးတွေ ထူထပ်နေတဲ့နေရာ ရောမရောက် ရောမလိုကျင့်ရတာပဲ ကမ္ဘာသစ်လို့ တင်စားခေါ်ဝေါ်တဲ့နေရာ ခရက်ဒစ်အသစ်တွေနဲ့ အကြွေးတွေလည်ပင်းနစ်နေတဲ့သူ မနက်စောစောစီးစီး တွေသမျှလူကို “ ဟိုင်းး ဟောင်း အာ ယူး ” ဒီလိုနဲ့ . . . ဒီလိုနဲ့ . . . . မ နေ့ တစ် နေ့ က နထ္ထိ ကဗျာဆရာ ။ လင်းခေတ်ဒီနို ( 30.11.11 , 12:05 PM )

Wednesday, September 28, 2011

ကောင်းကင်နဲ့ လွန်ဆွဲတဲ့ သစ်ရွက်ကြွေ . . . .

“ ကောင်းသော ညနေခင်းလေးဖြစ်ပါစေ ” ကောင်းကင်ဖြူလေးက နှုတ်ဆက်တော့ ကိုယ့် အလွမ်းမြို့လေးတောင် နေမ၀င်ပဲ ညနက်ခဲ့ရပြီး ။ ကောင်းကင်ရနံ့ကို မျှော်လင့်ခဲ့တဲ့ သစ်ရွက်ကြွေပါ ဘ၀က သူ့လက်ခုပ်ထဲမှာပဲ ။ ဆော့ကစားပြီး ခပ်ဖွဖွလေး မှုတ်ထုတ်ခံလိုက်ရတယ် . . . . . . . . . . အမှုန်အမွှားကောင်ပဲလေ သူနဲ့ ဝေးရာ မြေပြင်ပေါ်ကို တိုးတိတ်စွာ လဲလျှောင်းခဲ့ရပေါ့ ။ အိပ်မက်တွေတောင် အနုသုခုမ မဆန်နိုင်တော့ဘူး မိုးမလုံ လေမလုံ ရင်ဘတ်နဲ့ ( ဒီ ) အလွမ်းဇာတ်ရုံကြီးထဲမှာ ကံကြမ္မာက ဗျတ္တလို ပန်းဆက်ခိုင်းဦးမှာလား ။ ခရေညိုလေးရေ ကိုယ် တိတ်ဆိတ်စွာ ကျေနပ်လိုက်ပါတယ် ။ ( ဒီလိုနဲ့ပဲ ) သူရယ် ကိုယ်ရယ် မတူတဲ့ ညတွေထဲမှာ အတ္တကိုယ်စီတွေ လင်းပွင့်ခဲ့ကြတယ် ။ ဝေးသွား . . . တဖြည်းဖြည်း ဝေးသွားပေါ့ . . . သူမရှိတဲ့ ညနေခင်းတွေထဲမှာ ကိုယ်ရယ် ကဗျာရယ် စကားလုံးမျက်ရည်တွေ ၀ဲလို့ သည်းလို့ပါပဲ ။ ကိုယ်ဟာ ကောင်းကင်းကိုမှ လွန်ဆွဲမိတဲ့ ............... " သစ် ရွက် ကြွေ " ............... လင်းခေတ်ဒီနို ( 28.10.11 ၊ 103း0 AM )

Friday, September 23, 2011

စိုးထိတ်ပါသည် ဧရာဝတီ

ကျွန်တော် ဧရာဝတီ မြစ်ဆုံအတွက် ပြောချင်တာ အများကြီးရှိပါတယ် ။ ဒါပေမဲ့ ဒီကနေ့ ၂၃ ရက်နေ့အတွက် ဘလော်ဂါ တော်တော်များများ တင်ထားကြပြီး ဖြစ်တဲ့ ဧရာဝတီအတွက် ပို့စ်တွေကို လိုက်ဖတ်ဖြစ်တော့ ကိုယ်ပြောချင်တာ တော်တော်များများကို သူတို့တွေ ပြောထားကြပြီး ဖြစ်နေတယ် ။ ဒါနဲ့အခု ၂၃ ရက်နေ့ နေ့လည်ထိတိုင်အောင် ကျွန်တော် ဘာရေးရမှန်းကိုမသိခဲ့ဘူး ။ ဒါကြောင့် သူတို့နဲ့ မတူပဲကျန်ခဲ့တဲ့ အချက် အလက်တွေကိုပဲ ကျွန်တော် ရေးသင့်ရေးထိုက်လေးတွေ အဖြစ် စိတ်ထဲ ရှိတာလေးတွေလောက်ပဲ ကျွန်တော် ရေးလိုက်ပါမယ် ။ ပထမဦးဆုံး ဧရာဝတီ မြစ်ဆုံဆည် ကန့်ကွက်ရေးအတွက် ရေးမယ်ဆိုရင် ကိုယ်ဘာလို့ ကန့်ကွက်တာလဲ ဘာကြောင့် ကန့်ကွက်တာလဲ ဆိုတာလေးတော့ ကိုယ့်ကိုယ်ကိုယ် အရင်သိသင့်တယ်လို့ ထင်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပါပဲ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိရင်တော့ မဖြစ်ချေဘူး ။ ဒါကြောင့် ဘာလို့ကန့်ကွက်ချင်တာလဲ ဘာကြောင့်ကန့်ကွက်ချင်တာလည်း ဆိုတဲ့နေရာမှာတော့ ကိုယ် ကန့်ကွက်မည့် ကိစ္စကို သေသေချာချာ လေ့လာ စူးစမ်းပြီးမှ ဘယ်အချက်ကို ဘယ်ကြောင်းအရင်းကို ကျွန်တော်တို့ ကျွန်မတို့ မနှစ်သက်လို့ ကွန့်ကွက်ပါတယ်ဆိုပီး အချက်ကျကျ ထောက်ပြပြီးမှ ကန့်ကွက်သင့်တယ် လို့ထင်ပါတယ် ။ အရာရာတိုင်းမှာ တဖက်တည်းအမြင်နဲ့ ပြောဖို့ မသင့်ဘူးလို့ ကျွန်တော် ထင်တယ် ။ အခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စမှာ အစိုးရဘက်ရော ပြည်သူတွေ ဘက်ကရော နှစ်ဖက်လုံး လိုအပ်ချက်တွေ ရှိနေခဲ့ကြပါတယ် ။ အစိုးရဖက် က မြစ်ဆုံဆည်နဲ့ ပက်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ ၊ ခိုင်မာတဲ့ အကျိုးအကြောင်းတွေ ၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှာ သူ့ဘက် ကိုယ့်ဘက် ရပိုင်ခွင့်တွေ ၊ နောက်ပြီး ဒီ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် ဆိုးရွားလာနိုင်မှု ပမာဏ အခြေအနေ ၊ စသည် စသည့် အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာအောင် နိုင်ငံသားတွေကို ချမပြပဲ ၊ ကြေငြာမှု မရှိပဲ လုပ်ပိုင်ခွင့် အာဏာ ဆိုတာ မျိုးနဲ့ လုပ်နေတာဟာ ဆိုးရွားတဲ့ အချက်ပါပဲ ။ ဒီမိုကရေစီ နိုင်ငံတည်ဆောက်လိုတယ်ဆိုရင်တော့ နိုင်ငံတော် စီမံကိန်းတွေကို ပွင့်လင်း မြင်သာမှုရှိအောင် ပြည်သူတွေကို ချပြဖို့ လိုကို လိုအပ်ပါတယ် ။ လျှိုဝှက်သင့်တာထက် ပိုလျှိုဝှက်ပြီး လုပ်နေတာတွေက ဒီမိုကရေစီ တည်ဆောက်နေတဲ့ နိုင်ငံတစ်နိုင်ငံမှာ မဖြစ်သင့် မရှိသင့်တော့တဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တယ် ။ ပြည်သူတွေဘက်ကလည်း မြှောက်ထိုးပေးလို့ သူများအော်လို့ လိုက်အော်နေမယ့် အစား ဖြစ်နေတဲ့ ပြဿနာကို သေချာ လေ့လာရမယ် ။ ပညာရှင်မဟုတ်ပဲ ဟိုယောင်ယောင် ဒီယောင်ယောင် သိသလိုလို တတ်သလိုလို လုပ်သူတွေရဲ့ စကားထက် တကယ်တတ်တဲ့ ပညာရှင်တွေရဲ့ စကားကိုသာ ယုံကြည်သင့်တယ် ။ ဥပမာ မိုးဇလ ပညာရှင် ဦးထွန်းလွင်လို ပညာကို လက်တွေ့ကျကျ အသုံးချနေတဲ သူတွေရဲ့ စကားကို ယုံသင့်သလို ဟိုဝဘ်ဆိုဒ် ဒီဝက်ဆိုဒ်တွေထဲက ဟိုဟာလိုလို ဒီဟာလိုလို ပြောပြီး မိမိနာမည်မဖော်ပြရဲပဲ အမည်မဖော်လိုသူ ပညာရှင်တစ်ဦး ဆိုပြီး ရေးတဲ့ စာတွေကိုတော့ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကိုတော့ သေချာ လေ့လာသင့်တယ် ။ ကျွန်တော့် သဘောအရဆိုရင်တော့ အစိုးရအဖွဲ့ရဲ့ မှန်ကန် စစ်မှန် တိကျတဲ့ တိုင်းထွားချက်တွေကို ပြည်သူတွေကို ပွင့်လင်းမြင်သာအောင် လုပ်ဖို့ တိုက်တွန်းသင့်တယ် အရင်ဆုံး ကြိုးစားသင့်တယ် လို့ထင်တယ် ။ နောက်ပြီး အစိုးရ အဖွဲ့နဲ့ မပက်သက်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ ရှေ့ကို ထွက်ပြီး တကယ် ဖြစ်နိုင်ချေ တိုင်းထွာ ချက်တွေကို ချပြပေးသင့်တယ်လို့ လည်းထင်ပါတယ် ။ နောက်ပြီး ဒီနေရာမှာ တစ်ချက် ပြောချင်ပါသေးတယ် ။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိစ္စပါ ။ ဦးဇော်မင်း ပြောသွားတဲ့ အထဲမှာ ဈေးကွက်အရ ပိုလို့ ရောင်းစားတာတွေ ၊ တစ်နိုင်ငံလုံး မဂ္ဂါဝပ် ၁၅၀၀ မကုန်တာတွေ ကျွန်တော် ထည့်မပြောတော့ဘူး ။ ဒါတွေက ကလေးတွေတောင် တွေးတတ်လို့ပါ ။ ပြောချင်တာက ဦးဇော်မင်း ပြောသွားတဲ့ အထဲမှာ ဘယ်သူကန့်ကွက် ကန့်ကွက် ဂရုမစိုက်ပဲ ဆက်လုပ်ဆောင်သွားမယ်လို့ ပြောသွားတဲ့ စကားတစ်ခွန်းကိုပါပဲ ။ ကျွန်တော် မေးချင်တာ ၀န်ကြီးပြောသွားတဲ့ အထဲမှာ ဘယ်သူတွေ ကန့်ကွက် ကန့်ကွက်လို့ ပြောလိုက်တယ်ဆိုတော့ ၀န်ကြီးတို့ စီမံကိန်းကို ကန့်ကွက်နေတာ နိုင်ငံခြားတိုင်းတစ်ပါး သားတွေလား ၊ နိုင်ငံခြားပြည်ပ လုပ်ငန်းရှင်တွေလား ၊ နိုင်ငံတော်ကို တော်လှန်ပုန်ကန်နေတဲ့ မြေအောက် သောင်းကျန်းသူတွေလား ။ ဒီစီမံကိန်းကို ကန့်ကွက်နေတာက လက်ရှိအစိုးရ အဖွဲ့ ကို တင်မြှောက်ထားပါတယ်ဆိုတဲ့ ပြည်သူတွေပါ ။ အစိုးရ အဖွဲ့အနေနဲ့ ပြည်သူတွေ တင်မြှောက်လို့ ဒီအစိုးရအဖွဲ့ ဖြစ်လာတာပါလို့ လက်ခံထားတယ်ဆိုရင်တော့ ၊ ပြည်သူတွေ ရဲ့ ဆန္ဒအစစ်အမှန်ကို အစိုးရ အနေနဲ့ ဂရုတစိုက်ရှိကို ရှိရပါမယ် ။ ပြည်သူတွေရဲ့ ဆန္ဒကို ဂရုမစိုက်ဘူး ဆိုရင်တော့ ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရ အစစ်အမှန်မှ ဟုတ်ပါရဲ့လား ။ နောက်တစ်ချက် ၀န်ကြီး ဦးဇော်မင်းပြောသွားတာပါပဲ “ ဧရာဝတီ ရောဂါဆန်း “ လို့သုံးနှုန်းသွားပါတယ် ။ ရောဂါ ဆိုတာ မှန်ရင် ကုသနိင်တဲ့ ဆေးနည်းလမ်းတွေ ရှိပါတယ် ။ ၀န်ကြီးပြောသလို မြစ်ဆုံအရေးဟာ ပြည်သူတွေရဲ့ ရောဂါဆန်း ဆိုတာမှန်ရင် ၊ ဘယ်သူကန့်ကွက် ကန့်ကွက် ဆက်လက်လုပ်ဆောင်သွားမယ် ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ အာဏာရှင်ဆန်ဆန် နာတာရှည်ရောဂါသည်တွေ ကိုရော နာမည်တပ် အလွန်တော်တဲ့ဝန်ကြီး ဘယ်လို အမည် နာမ တပ်မှာပါလဲ ။ ပြည်သူတွေရဲ့ ရောဂါဆန်းက ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရ အဖွဲ့ရဲ့ ပြည်သူ့ဆန္ဒကို ဂရုစိုက်ဖြေရှင်ပေးမှု ပြည်သူ့အပေါ် အလေးထားမှု ပြည်သူ့ တောင်းဆိုမှုကို လိုက်လျှောပေးရုံနဲ့ ပျောက်သွားနိင်ပေမဲ့ ၊ အာဏာရှင်ဆန်ဆန် နာတာရှည်ရောဂါသည်တွေရဲ့ ရောဂါကိုရော ဘယ်လို အမြစ်ပြတ်အောင် ကုနိင်မှာပါလဲ ။ ဒီပုံစံအတိုင်း ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ ရောဂါဆန်းတွေက တစ်ခုမက တစ်ခုပြီး တစ်ခု ဆက် ဖြစ်နေဦးမှာပါပဲ ။ ဒါကြောင့် ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော် ကန့်ကွက်တဲ့ အကြောင်းအရင်းတွေကတော့ ၁ ။ ။ စီမံကိန်းတည်ဆောက်မည့် တိုင်းထွာချက်တွေ ပွင့်လင်းမြင်သာမှု မရှိခြင်း ၂ ။ ။ ပြည်သူ့တွေရဲ့ ဆန္ဒကို ဂရုစိုက် အရေးတယူ မရှိခြင်း ၃ ။ ။ သဘာဝပတ်ဝန်းကျင် ဆုတ်ယူလာနိုင်မှုကို လစ်လျူးနေခြင်း ၄ ။ ။ စစ်မှန်တိကျတဲ့ အချက်အလက်တွေ ထုတ်ပြန်မှု မရှိခြင်း ၅ ။ ။ ဒေသခံ ပြည်သူတွေအတွက် အကျိုးရရှိနိုင်မှု နည်းခြင်း ကျွန်တော် သိသမျှ ဒီလောက်နဲ့တင် ကန့်ကွက်ဖို့ လုံလောက်နေပြီ ဖြစ်လို့ ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကို ကျွန်တော်
ကန့်ကွက်ပါသည်
အမှန်တော့ ကျွန်တော်ပြောချင်တာ ဒီထက်များပါသေးတယ် ။ ဒါပေမဲ့ ဘလော်ဂါ မောင်နှမတွေ ပြောတာတွေမှာ ကျွန်တော်ပြောချင်တာတွေ တော်တော်များများပါနေပြီးသားဆိုတော့ ကျွန်တော်စိတ်ထဲ ရှိတာလေးတွေ အနည်းအကျဉ်းလောက် ကိုပဲ ထည့်ရေးခဲ့တာပါ ။ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ ဧရာဝတီမြစ်ကြီး အစဉ် တည်တံ့ပါစေလို့ ဆုတောင်ရင်း . . ။ ခင်မင်စွာဖြင့် ဗညားရှိန်

Friday, September 9, 2011

Blogger ဆိုတာ ဘာလဲ . .

ကျွန်တော် ပို့စ်စရေးရေးချင်းပဲ ထပ်ပြီး ပြောပါဦးမယ်ဗျာ ။ ကျွန်တော် စာရေးကျဲနေပါဦးမယ် ။ အခု ကျွန်တော် လုပ်နေတဲ့ အလုပ်က နွေရာသီပိုင်းဆိုတော့ အရမ်းကို အလုပ်များပါတယ် ။ မနက် ၇ နာရီကနေ ည ၆ နာရီထိပါ ။ သောကြာ စနေလို weekend တွေဆိုရင် ည ၈ နာရီလောက်ထိ အလုပ်များပါတယ် ။ တစ်နေကုန် မတ်တပ်ရပ် လုပ်ရတဲ့ အလုပ်မို့လို့ အလုပ်က ပြန်လာပြန်တော့လည်း ပင်ပန်းတဲ့ ဒဏ်နဲ့ရော နောက်ပြီး သုံးလေး နာရီလောက်သာရတဲ့ နည်းလွန်းတဲ့ ကိုယ့်ပါစင်နယ် အချိန် လေးမှာရော လုပ်စရာတွေက များတာမို့ ကျွန်တော် စာရေးနိုင်ဖို့ တော်တော် ကြိုးစားရပါတယ် ။ ဒါကြောင့် ကျွန်တော့် ကို ခင်မင်တဲ့ ညီအကို မောင်နှမတွေ ကျွန်တော်စာရေးကျဲနေတာကို ခွင့်လွှတ်ပေးကြပါဦးလို့ ကျွန်တော် နိဒါန်း အနေနဲ့ ပဏာမ ဦးစွာပြောလိုပါတယ် ။ ပြီးခဲ့တဲ့ ၈ ရက်နေ့က ၉လပိုင်းက ညီငယ် မောင်စွယ်စုံကျမ်း နဲ့ ညီမငယ် မိလှိုင် ( Angelhlaing ) တို့က ကျွန်တော့်ကို . . . “ Blogger ဆိုတာ ဘာလဲ ” . . . ဆိုတဲ့ ခါင်းစဉ်နဲ့ တဂ် ထားခဲ့တဲ့အတွက် ကျွန်တော် သိခဲ့ ၊ ကြားခဲ့ ၊ လေ့လာဖူးခဲ့ သမျှလေးတွေနဲ့ ကျွန်တော်စိတ်ထဲ ထင်မြင်တာလေး တွေကို ရေးသားလိုက်ပါတယ် ။ Blogger ဆိုတာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ ကိုယ့်ဆန္ဒ ၊ ကိုယ့်အနုပညာ ၊ ဘာသာရပ်အကြောင်းအရာ တွေကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိတဲ့ နေရာတစ်ခုရယ်လို့ သတ်မှတ်လာကြတဲ့ နေရာလေးတစ်ခုပါ ။ အနောက်နိုင်ငံတော်တော်များများမှာ ၂၀၀၀ ၀န်းကျင်က blogger ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပေမဲ့ အာရှနိုင်ငံတော်တော်များများမှာတော့ ၄ နှစ် ၅ နှစ်လောက် နောက်ကျပြီးမှ အသုံးပြုခဲ့ကြတယ်လို့ သိဖူးတယ် ။ ဒါက နိုင်ငံတကာ တရားဝင် ထုတ်ပြန်ချက်မဟုတ်ပေမဲ့ ကျွန်တော်ဖတ်ဖူးတာကနေ တဆင့်ပြန်ပြောပြတာမို့ မှန်တယ်လို့ ကျွန်တော် အာမ ခံနိုင်ခြင်းမရှိပါဘူး ။ သေချာတာကတော့ မြန်မာနိုင်ငံမှာ ဘလော့ဆိုတာကို ၂၀၀၄ ၂၀၀၅ မှာ အစပြုခဲ့တာပါ ။ ဒါတွေက အချို့သူတွေ သိပြီးသားဆိုတော့ ကျွန်တော် ရှည်ရှည်ဝေးဝေး ထပ်မပြောနေတော့ဘူး ။ Blog ဆိုတာ ကိုယ့်ရဲ့ အနုပညာ ၊ ဆန္ဒ ၊ ပညာရပ်များကို လွှတ်လပ်စွာ ထုတ်ဖော်ရေးသား ရာနေရာလို့ ဆိုတဲ့ အချက်ကို ကျွန်တော် သဘောတူလက်ခံခဲ့တယ် ။ မြန်မာနိုင်ငံမှာ Blog့ ကို အနုပညာနဲ့ ပက်သက်ပြီး အသုံးပြုမှုနဲ့ စတင်ခဲ့ကြတယ် ။ အဲဒီနောက်ပိုင်းမှ နည်းပညာပိုင်းဆိုင်ရာတွေ ၊ ဘာသာရေးဆိုင်ရာတွေ ၊ နိုင်ငံရေးဆိုင်ရာတွေ နဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ ဆိုင်ရာ ပက်သက်မှုတွေကို အသုံးပြုလာကြတာာပါ ။ နောက်ပြီး Blog ဆိုတာလေး လုပ်လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို blogger ဖြစ်ပြီးလို့ သတ်မှတ်ချင်ကြတာကို ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး ။ Blogger မှာစည်းကမ်းသတ်မှတ်ချက်တွေ ရှိပါတယ် ။ တရာဝင် ထုတ်ပြန်ထားတာ မဟုတ်ပေမဲ့ နိုင်ငံတကာ Blogger တွေ သတ်မှတ်ခဲ့ကြတဲ့ စည်းကမ်းလေးပါ ။ ပထမဦးဆုံး Blog ရေးတယ်ဆိုတာ ရည်ရွယ်ချက် ရှိရပါမယ် ။ ခင်ဗျား ဘာလုပ်ဖို့ ရေးတာလည်း ၊ ကိုယ့်အနုပညာ ထုတ်ဖော်ချင်လို့လား ၊ ကိုယ့်နည်းပညာ မျှဝေချင်လို့လား ၊ ကိုယ့်အတွေးအခေါ်တွေကို စာဖတ်သူမြင်အောင် ချပြချင်လို့လား၊ ပြည်ပရောက်နေတဲ့ စာဖတ်သူတွေအတွက် ပြည်တွင်းက စာရေးဆရာတွေရဲ့ စာပေတွေကို ပြန်လည်မျှဝေပေးချင်လို့လား ၊ မဟုတ်ရင် ကမ္ဘာပေါ်က ဖြစ်ပျက်နေသမျှ ဗဟုသုတ အထွေထွေကို စာဖတ်သူတွေ မြင်တွေ့နိုင်အောင် လုပ်ပေးချင်လို့လား ရည်ရွယ်ချက် တစ်ခုတော့ ခင်ဗျားတို့ ထားသင့်တယ် ။ ရေးချင်ရာ လျှောက်ရေး ပြောချင်ရာပြော အပျော်သဘော လုပ်ပြီး ရေးနေတဲ့ သူဟာ Blogger မဟုတ်ဘူး ။ Blogging နေတဲ့ စာဖတ်သူ တစ်ဦးလို့ပဲ ကျွန်တော်မြင်တယ် ။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ ရည်ရွယ်ချက် တခုခု ထားတာ Blogger တစ်ယောက်မှာ ရှိသင့်တဲ့ အချက်တစ်ချက်ပါပဲ ။ နောက်တစ်ချက်က Blogger ဆိုတာ ကိုယ်ထုတ်ဖော်ပြောဆိုလိုက်တဲ့ အကြောင်းအရာပေါ်မှာ မှန်သည် မှားသည် ဆိုတာကို လုံးဝ တာဝန်ယူရဲတဲ့သူ ဖြစ်ကို ဖြစ်ရပါမယ် ။ မိမိပြောဆိုရေးသားလိုက်တဲ့ အကြောင်းအရာမှာ စာဖတ်သူအတွက် မှားယွင်းတဲ့ အတွေးခေါ် အယူဆတွေ ဖြစ်သွားခဲ့တဲ့ အပေါ် အလုံးစုံ ၀န်ခံတာဝန်ယူနိင်ရပါမယ် ။ Blog တစ်ခု ရတာနဲ့ လွတ်လပ်ပါပြီးဆိုပီ ပေါက်တတ်ကရ ရေးချင်ရာရေး ၊ ပြောချင်ရာပြော ၊ စာဖတ်သူတွေ ဘယ်လို ယူဆပြီး ဘယ်လို မှားယွင်းတဲ့ လမ်းမှားလျှောက်လျှောက် ငါ့တာဝန်မဟုတ်ဘူး ငါနဲ့မဆိုင်ဘူး ဆိုပြီး နေတဲ့သူဟာ Blogger မဟုတ်ဘူး ။ Blogger ဆိုတာ တာဝန်ကြီးတဲ့သူပါ ။ Blog ရေးတဲ့ Blogger ဆိုတာ အပြင်ပန်းကြည့်ရင် ပေါ့ပေါ့ပါးပါး ရေးသားလို့ရတဲ့သူလို့ ထင်ပေမဲ့ ၊ တကယ့် ပြင်ပ ဂျာနယ် မဂ္ဂဇင်း ၀ထ္တုတွေရေးနေတဲ့ စာရေးဆရာကြီးတွေလို စာဖတ်သူ လမ်းမှား မရောက်အောင် မိမိ စာပေအကြောင်းအရာပေါ်မှာ တာဝန်ယူရတဲ့ သူတွေပါ ။ သိပ်ဝေးဝေး မကြည့်နဲ့ ။ ခင်ဗျားတို့ ကျွန်တော်တို့ စာပေရေးသားမှု ပိုင်းမှာ လေးစာရတဲ့ တစ်ပြည်သူ အိမ့်ချမ်းမြေ့ (မလေး) ၊ သူဆိုရင် သူ့ရေးသားတဲ့ စာပေအရေးသား အကြောင်းအရာ ပေါ်မှာ အရမ်းကို ဂရုစိုက်တတ်သူပါ ။ သူ့ စာပေကနေ စာဖတ်သူတွေ အထင်အမြင် လွဲမှားမှုတွေ ၊ မကောင်းတဲ့ အကျင့်စရိုက် အယူအဆတွေ ၊ ရသွားမှာကို သိပ်စိုးရိမ်တဲ့သူပါ ။ သူ စာရေးတိုင်း တခါတလေ ကျွန်တော်ကို လာမေးပါတယ် . . ဗညားရေ မလေးရေးတဲ့ ဒီစာက စာဖတ်သူတွေ ဘယ်လို ထင်သွားနိင်လဲ ဘယ်လို မြင်သွားနိင်သလဲ တချက် ပြောကြည့်ပါဦး ဆိုပီး မေးလေ့ရှိတယ် ။ ဒါဟာ သူ့ ရေးတဲ့ စာပေပေါ် သူ လုံးဝ တာဝန် ယူချင်လို့ ၊ စာဖတ်သူကို အမြင်မှား အတွေးမှာတွေ မပေးချင်လို့ စာရေး ကတည်းက စည်းကမ်းထားပြီး ရေးသားနေတာ ။ ဒါကြောင့်မို့ Blog လောကမှာ သူဟာ စာပေရေးသားမှု အပိုင်းမှာ နာမည်ရခဲ့တဲ့သူ ၊ ကျွန်တော်တို့ ကျွန်မတို့ လေးစားရတဲ့ စာရေးသူ တစ်ယောက်ရယ်လို့ ပြောဆို ရလောက်တဲ့အထိ သိက္ခာရှိခဲ့တဲ့သူ ။ ခင်ဗျားတို့ရော အဲဒီလို လုပ်ရဲလား ၊ ခင်ဗျားတို့ အဲဒီလို လုပ်နိင်မလားးး . . . ခင်ဗျားတို့ စဉ်းစားကြည့်စမ်း ။ ဟုတ်ပြီး . . အဲဒီလိုမျိုး ကျွန်တော်တို့ ကျွန်မတို့ လုပ်နိင်ပါတယ် လုပ် နိုင် ခဲ့ ပါ တယ်ဆိုရင် . . ခင်ဗျားတို့ ကိုယ့်ကိုယ်ကို Blogger တစ်ယောက်ပါလို့ ဂုဏ်ယူလိုက်စမ်းးပါ ။ စာဖတ်သူရဲ့ အမြင်မှာ ခင်ဗျားတို့ရဲ့ စာပေရေးသားမှုအပိုင်း သိက္ခာကျမသွားစေရဘူးလို့ ကျွန်တော် ရဲရဲကြီး အာမခံလိုက်မယ် ။ နောက်ပြီး Blogger တွေမှာ Blogger အချင်းချင်း လေးစားမှုဆိုတာ ရှိသင့်တဲ့ အချက်တစ်ချက်ပါ ။ ကိုယ်ဟာ တစ်ပါးသူရဲ့ စာပေအရေးအသားတွေကို တစ်ပိုဒ်အစ တစ်ကြောင်းအဆုံး ကူးယူ အသုံးပြုမယ်ဆိုရင် အဲဒီစာပေရေးသားသူရဲ့ နာမည်ကို ဖော်ပြပေးသင့်တယ် ။ အခုခေတ်မှာ ( အများအားဖြင့် ၁၄ နှစ် နဲ့ ၂၂ နှစ်ကြား ) ဆယ်ကျော်သက် လူငယ်တွေထဲက အချို့သော လူငယ်တွေဟာ တစ်ပါးသူရေးတဲ့ ကဗျာ စာပေ တွေကို ကူးချင်သလိုကူး ပြီးရင် ကိုယ်ပိုင်ရေးသားသလိုနဲ့ ဆိုရှယ်ဆိုဒ်တွေမှာ တင်ချင်သလို တင်နေကြတယ် ။ ဒါဟာ မူရင်းစာပေရေးသားသူကို စော်ကားနေသလို သူတို့ရဲ့ အကျင့်စရိုက်ကို ဖော်ပြနေတာပဲ ။ ဒါဟာ မဖြစ်သင့်တဲ့ အချက်ပါ ။ လူငယ်တွေကို သိတတ်ကာစ အရွယ်ကတည်းက ကိုယ့်စာပေ ကိုယ်ယဉ်ကျေးမှုကို မြတ်နိုးတတ်တဲ့ စိတ် အကျင့်သီလ စောင့်ထိန်းတတ်တဲ့စိတ်တွေကို နားလည်လာအောင် စောင့်ထိန်းတတ်အောင် သင်ကြား ပေးသင့်ပါတယ် ။ ဒါကလည်း လူငယ်တွေကို အပြစ် မပြောသာဘူး သူတို့ အရှေ့မှာ နာမည်ကျော် စာရေးဆရာကြီးတွေ ကိုယ်တိုင် သူတစ်ပါး စာပေတွေကို ပေါ်တင် ခိုးကူးနေတာပဲလေ ။ ရှေ့ကသွားတဲ့ နွားလား ဖြောင့်ဖြောင့် မသွားတော့ နောက်ကလိုက်တဲ့ နွားလား ကောက်ကောက်လိုက်တာ ဆန်းသလားဗျ ။ ဒါပေမဲ့ လူငယ်တွေကို ဒီအတိုင်း လွှတ်ထားမဲ့ အစား ကျွန်တော်တို့ ၀ိုင်းဝန်း ပြုပြင်ထိန်းသမ်း ပေးသင့်တယ် ။ လူငယ်တွေကို ပြောပြ ဆိုဆုံးမသင့်တယ် ။ တစ်ယောက်နိုင်ရင် တစ်ယောက် ၊ နှစ်ယောက်နိုင်ရင် နှစ်ယောက်ပေါ့ ။ ဆယ်ယောက်ကို ပြောပြလို့ တစ်ယောက် နားလည်လက်ခံသွားရင်လည်း ဒါဟာ ကျွန်တော်တို့အတွက် အမြတ်ပဲ ။ ကျွန်တော်တို့တတွေ လူငယ်တွေကို စရိုက်ကောင်းတွေ အကျင့်ကောင်းတွေ နေထိုင်ပြုမူတတ်လာအောင် ပြုပြင်ပြောင်းလဲ ပေးသင့်တယ် ။ အဲဒီအတွက် ကိုနေဘုန်းလတ် ရေးသားခဲ့တဲ့ “ Blogger နှင့် Chatter ” ဆိုတာ ခင်ဗျားတို့ သွားဖတ်ကြည့်ပါ ။ Blogger တစ်ယောက် နဲ့ Chatter တစ်ယောက်ရဲ့ ကွာခြားပုံ တာဝန်ယူတတ်မှု ၊ သိတတ်မှု ၊ အကျင့်သီလ ၊ ခံယူချက် ၊ အစစအရာရာ ခင်ဗျားတို့ နားလည်လာလိမ့်မယ် ။ သူ့ ပိုစ့်မှာ ကောမန့် ပေးထားတဲ့ သူတွေကို ခင်ဗျားတို့ ကြည့်လိုက်စမ်း တကယ့် Blog ခေတ်ဦး စာရေးသူတွေချည်းပဲ ။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်လေးစားရတဲ့သူ ။ လွတ်လပ်စွာရေးသားပိုင်ခွင့် ဆိုတာကို မြတ်နိုးပြီး ကိုယ်ပိုင်ခံယူချက် ကိုယ်ပိုင် အနုပညာမြတ်နိုးမှု နဲ့ လူငယ်တွေရဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးပါ ။ လွတ်လပ်စွာရေးသားခွင့်ကိုမြတ်နိုးလို့ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းမှာ သတင်းတွေကို ဘလော့ကနေ တဆင့်ဖော်ပြခဲ့မှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရတဲ့ ပထမဦးဆုံး Blogger လူငယ်တစ်ဦးပါ ။ အသက် ၃၀ မပြည့်သေးတဲ့ လူငယ်တစ်ယောက်ရဲ့ စာပေမြတ်နိုးမှု ၊ စာပေအကျင့်သီလပိုင်း ၊ လူငယ်တွေကို လမ်းကြောင်းမှန် ရောက်အောင် သွန်သင်ပေးတဲ့ သူ့ရဲ့ စေတနာကို သူရေးသားခဲ့တဲ့ ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော် ဆိုတဲ့ Blog ထဲက “Blogger နှင့် Chatter ” ဆိုတဲ့ ပို့စ်ထဲမှာ ခင်ဗျားတို့ တွေ့ပါလိမ့်မယ် ။ ကျွန်တော်သူ့ကို လေးစားရတယ် ဆိုတဲ့ အကြောင်းအရင်းက Blogger တစ်ယောက်ရဲ့ အကျင့်သီလစောင့်ထိန်းမှု နဲ့ နောင်လာနောင်သား လူငယ်တွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် လမ်းပြပေးတဲ့ Blogger တစ်ယောက်ရဲ့ စေတနာကို လေးစားမိတာ ။ နောက်ဆုံး နိဂုံးချုပ်ပြောရရင် Blogger တစ်ယောက်ဆိုတာ လွတ်လပ်စွာ ရေးသားနိုင်ပေမဲ့ တာဝန်ယူမှုအပိုင်းမှာလည်း မသေးဘူးဆိုတာ နားလည်စေချင်တယ် ။ Blogger အချင်းချင်းမှာလည်း ထားသင့်ထားထိုက် ရှိတဲ့ရှိထိုက်တဲ့ ရိုသေလေးစားမှု စာပေလေးစားမှုတွေကိုလည်း ထားရပါမယ် ။ စောင့်ထိန်းအပ်တဲ့ စာပေအကျင့်သီလပိုင်းကိုလည်း စောင့်ထိန်းရပါမယ် ။ အခု ကျွန်တော်ပြောခဲ့တဲ့ အချက်တွေကို ခင်ဗျားစောင့်ထိန်းနိုင်တဲ့ အချိန်အခါရောက်ရင် ခင်ဗျားဟာ Blogger ဆိုတာ ဘာလဲ ဆိုတာကို သေသေချာချာ နားလည် လာပါလိမ့်မယ် ။ အဲဒီအခါကျရင် ခင်ဗျားဟာ " ကျွန်တော်ဟာ ကျွန်မဟာ Blogger တစ်ဦးပါ " လို့ ရဲရဲဝံ့ဝံ့ ပြောဆိုနိင်ပါပြီး ။ အဲဒီအချိန် ရောက်ရင် ကျွန်တော်လည်း ခင်ဗျာကို လေးစားထိုက်တဲ့ Blogger တစ်ဦးအနေနဲ့ လေးစားနေမှာပါ ။ ကျွန်တော့်ကို ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမ များအားလုံး Blogger ကောင်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ ။ ဒီပို့စ်လေးဟာ ကျွန်တော်ရဲ့ အမြင် ကျွန်တော်ရဲ့ အတွေးအခေါ်သာ ဖြစ်တဲ့အတွက် မည်သူမဆို သဘောထား ကွဲလွဲနိုင်ပါတယ် ။ မိမိ အမြင်ကို ဒီပို့စ်ရဲ့ ကောမန့်မှာ လွတ်လပ်စွာ ရေးသားသွားနိင်ပါတယ် ။ ဒီအတွက် ကျွန်တော် ဘာမှ ပြန်လည်ချေပမှာ မဟုတ်သလို ခင်ဗျားတို့ရဲ့ အမြင်ကိုလည်း ကျွန်တော် လေးစာနေမှာပါ ။ အားလုံးကိုခင်မင်စွာဖြင့် ဗညားရှိန် ( 9.9.11,9:15 AM )

Sunday, August 28, 2011

Blog Day အမှတ်တရ

ကျွန်တော် အခု ၂၀၁၁အတွင်းမှာ ကဗျာရေးတာတွေ စာရေးတာတွေ တော်တော်ကျဲလာပါတယ် ။ အလုပ်မအားတော့တာ တစ်ကြောင်း ၊ မရေးတာကြာတော့ လက်တွေ မသွက်တော့တာ စကားလုံးတွေ ထွက်မကျလာတော့တာ တစ်ကြောင်း နောက်ထပ် တခြားအကြောင်းအရင်းတွေ ကြောင့် ကျွန်တော် စာရေး တော်တော်ကို ကျဲခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် ဘလော့ကို လာလည်တဲ့ သူငယ်ချင်း ညီအကို မောင်နှမတွေကို ကျွန်တော် အရမ်း အားနာမိတယ် ။ အစတုန်းက ကျွန်တော် တစ်ပတ်ကို တစ်ပုဒ်နှုန်းလောက် ကဗျာတွေ ရေးခဲ့ပါတယ် ။ နောက်ပိုင်း ကျွန်တော် ပြည်ပရောက်ပီးတဲ့အခါ အလုပ်မအားတာနဲ့ ကိုယ့်အတွက် နားချိန်နည်းပါးလာတာကြောင့် ကျွန်တော် ဘလော့လေးအတွက် အချိန်ပေးနိုင်မှုကို လျှော့ခဲ့ရပါတယ် ။ ဒီအတွက် ကျွန်တော် ၀မ်းနည်းမိပေမဲ့ ဘ၀ဆိုတာ ဖြတ်ကျော်ဖို့ ကျွန်တော် ဦးစားပေးခဲ့တယ် ။ ဒါပေမဲ့ ကျွန်တော် ဆက်လက်ပြီး ကဗျာတွေ ရေးနေဦးမှာပါ အမြဲ ရေးနိုင်အောင်လည်း ကြိုးစားနေဦးမှာပါ ။ စာရေးကျဲသွားတာလေးကိုတော့ သူငယ်ချင်း ညီအကို မောင်နှမတွေ နားလည် ခွင့်လွှတ်ပေးပါဗျာ ။ ကျွန်တော်ကွန်ပျုတာဆိုတာကို ဆယ်တန်းပြီးခါစ ၂၀၀၀ ခုနှစ်မှာ နယ်ကနေ ရန်ကုန်ပြောင်းလာပြီးမှာ သိကျွမ်းခဲ့တာပါ ။ ရန်ကုန်မှာ KMD တို့လို MCC တို့လို့ ကွန်ပျူတာ သင်တန်းကြီးတွေ ပေါ်နေတာ ကြာပြီ ဆိုပေမဲ့ ကျွန်တော်တို့ လို နယ်က လူငယ်တွေ အဖို့တော့ ကွန်ပျူတာ ဆိုတာ ကြားဖူးရုံ အဆင့်ပဲ ရှိခဲ့ပါတယ် ။ ဒီလိုနဲ့ ကွန်ပျုတာ သင်တန်းတွေကို ဆယ်တန်းပြီးခါစမှာ တက်လိုက်ပါသေးတယ် ။ ဒါပေမဲ့ အွန်လိုင်းဆိုတာကို ကျွန်တော် သေချာမသိခဲ့ပါဘူး ။ အွန်လိုင်း ဆိုတာကို ကျွန်တော် ၂၀၀၆ ခုနှစ် မှ စပြီး သိကျွမ်းဝင်ခဲ့တယ် ။ ၂၀၀၆ ခုနှစ်မှာ အကိုတစ်ယောက်က သူ အင်တာနက်သွားသုံးမယ် မင်းလိုက်ကြည့်ချင်လားဆိုပြီး ခေါ်လို့ ကျွန်တော်လိုက်သွားရာကနေ အွန်လိုင်းဆိုတာကို စတင်ထိတွေ့ခဲ့တယ်ဗျ ။ ဒါတောင် ကျွန်တော် အွန်လိုင်းဆိုတာ ကိုယ်သိတဲ့ ၀ဘ်ဆိုဒ်တွေလောက်ပဲ ကြည့်လိုရတဲ့ဟာလို့ ထင်ခဲ့တယ် ။ ဂိုဂယ်ဆိုတာ ဘာမှန်းမသိဘူး ။ နောက်ပြီးအဲဒီအချိန်တုန်းက အင်တာနက်ဆိုင်ဆိုတာလည်း အလွန်ရှားပါသေးတယ် ။ ကျွန်တော် စသုံးဖြစ်တဲ့ အင်တာနက်ဆိုင်က ဗိုလ်အောင်ကျော်လမ်းကပါ ။ အာလာဒင်ဘေးနားက ကွန်ဒိုတိုက်ခန်းမှာ ဖွင့်ထားတဲ့ softlink ဆိုတဲ့ အင်တာနက်ဆိုင်မှာပါ ။ အဲဒီမှာ ကျွန်တော် စပြီး အွန်လိုင်းကို စသုံး ဖြစ်ခဲ့ပါတယ် ။ ဒါတောင် တစ်နှစ်လောက် ကိုယ်သိတဲ့ ၀ဘ်ဆိုဒ် အခု နှစ်ဆယ်လောက်တင် လိုက်ကြည့်ဖြစ်တယ် Ygn Chat ၀င်တာလောက်ပဲ သိခဲ့တာပါ ။ ဒီကနေ တဆင့်တက်ပြီး ကျွန်တော် ဆိုရှယ်ဝဘ်ဆိုဒ်တွေကို သိလာပါတယ် ။ ကျွန်တော် ပထမဦးဆုံး စတင်ပြီး သိလာတာက www.mysuboo.com ပါ ။ အဲဒီမှာ ၂၀၀၇ အစပိုင်းလောက်ထင်ပါတယ် ကျွန်တော် ဆက်ပိုင် ဆိုတဲ့ နာမည်နဲ့ စာဖတ်သူအဖြစ် စတင်ခဲ့တယ် ။ အဲဒီတုန်းကဆို စုဗူးမှာ မငယ် လူလိန် သူရဿဝါ ၀ိုင် စိုးမိုး ကောင်းကင်ပြာ ပုံ့ပုံ့ ရွှေဘုန်းလူ မောင်စေတန် ကသစ်နွယ် အိုင်ရွန်နီ ကိုဖီဒိုဒီဒို ဆာမူရိုင်း ဘလက်ပိုင်းရစ် ကိုဇေ သူငယ်ချင်းတွေနဲ့ စခင်ဖြစ်ခဲ့ပြီး သိပ်မကြာခင် ၂၀၀၇ နှစ်ဦးပိုင်းမှာပဲ အွန်လိုင်း စာရေးသူ ဘ၀ကို ဆိုရှယ်ဝဘ်ဆိုဒ်မှာပဲ စတင်ခဲ့ပါတယ် ။ ဒါတောင် သူငယ်ချင်း မေသဲ ( အခု ဘလောဂါ ထာဝရကြယ်စင် မိုးခါး ) က အတင်းရေးပါ ဆိုပီး ပြောလို့ ကျွန်တော် စာရေးသူ အဖြစ် စတင်ခဲ့တာပါ ။ အဲဒီနောက်ပိုင်း ကျွန်တော် ဆိုရှယ် ၀ဘ်ဆိုဒ်တွေ ဖြစ်တဲ့ ပလန်းနက် တို့မှာ စာဖတ်သူအဖြစ်ရှိခဲ့ပြီး စာရေးသားမှုကိုတော့ မိုင်စုဗူးတစ်ခုထဲမှာ ပဲ ရေးသားဖြစ်ခဲ့ပါတယ် ။ ဒီလိုနဲ့ ဆိုရှယ်ဆိုဒ်မှာရေးရင် သူရဿဝါတို့ ၀ိုင် တို့နဲ့ ခင်မင်ပြီး ကိုယ်ပိုင်သီးသန့် ၀ဘ်ဆိုဒ်လေး တည်ထောင်ကြဖို့ စတင်ဖြစ်ခဲ့ပါတယ် ။ ဒါနဲ့ ကျွန်တော် ၂၀၀၇ ကုန်လောက်မှာ ဗညားရှိန် ဆိုတဲ့ နာမည်နဲ့ ( www.banyarshein.blogspot.com ) ဘလော့ လောကထဲ ၀င်ရောက်လာခဲ့ပါတယ် ။ ကျွန်တော် ၀င်ရောက်တဲ့အချိန်မှာ ကိုညီလင်းဆက် မပင့် ကိုမောင်လှ ကိုရန်အောင် မဘာညာကွိကွိ မင်းယွန်းသစ် ဖိုးသူတော် ကိုနေဘုန်းလတ် တို့ရဲ့ ဘလော့တွေအပြင် ဘလော်ဂါအချိုရဲ့ ဘလော့တွေကို သိရှိခဲ့ပါတယ် ။ ဒါပေမဲ့ အဲဒီအချိန်ထိ ကဗျာ သီးသန့် ဘလော့တွေကို ကျွန်တော် တွေ့ရှိခဲ့ခြင်းမရှိသေးပါဘူး ။ အဲဒီဘလော့တွေ သိပြီး မကြာခင်မှာပဲ ကိုနေဘုန်းလတ်ရဲ့ သတင်းကို ၀မ်းနည်းစွာ ကြားခဲ့ရပါတယ် ။ ဒါ ကျွန်တော့် ဘလော့ သက်တမ်း အစမှာ ပထမဦးဆုံး စိတ်မကောင်းစရာ သတင်းအဖြစ် ကျွန်တော် ကြုံတွေ့ခဲ့ရတာပါ ။ ဒီလိုပဲ ၂၀၀၇ ၊ ၂၀၀၈ နှစ်ပိုင်းတွေမှာ ကျွန်တော့် ဘလော့ကို ကဗျာသီးသန့်ဆိုဒ်အဖြစ် ကျွန်တော်ရေးသားခဲ့ပါတယ် ။ အဲဒီကြားထဲ ၂၀၀၈ ကုန်လောက်မှာ ning social site တွေ ပေါ်လာတော့ ကျွန်တော် မြက်ခင်းသစ်ဆိုတဲ့ ( www.myatkhinnthit.ning.com ) ဆိုရှယ်ဆိုဒ်လေးကို တည်ထောင် ဖြစ်ခဲ့ပါသေးတယ် ။ ကျွန်တော် မြက်ခင်းသစ်ဆိုဒ်ကို စတင်လုပ်တဲ့အချိန် တပြိုင်တည်းမှာပဲ ning ဆိုဒ်တွေအဖြစ် toilet wall ၊ ချော့ကလက်မြို့တော် ၊ ဗရုတ်သုက္ခမြို့တော် စတဲ့ဆိုဒ်တွေပေါ်လာခဲ့ကြတယ် ။ တွိင်းလက်ဝေါကိုတော့ စုဗူးက ရွှေဘုန်းလူက အက်မင် အဖြစ်လုပ်ခဲ့ပြီး ၊ ချော့ကလက်မြို့တော်ကိုတော့ ထိုင်ဝမ်းက မြို့စားလေးက လုပ်ပါတယ် ။ ဗရုတ်သုက္ခမြို့တော်ကို သူရဿဝါက လုပ်ခဲ့ပါတယ် ။ နောက်ပြီး တခြားဆိုရှယ်ဆိုဒ်တွေလည်း ရှိခဲ့ပါတယ် ။ ကျွန်တော် မြက်ခင်းသစ် ဆိုရှယ်ဆိုဒ်မှာရော ကိုယ်ပိုင် ဘလော့မှာရော စာရေးနိုင်အောင် လုပ်ခဲ့ပါတယ် ။ မြက်ခင်းသစ်ဆိုဒ်လေးကို လုပ်တဲ့အခါမှာလည်း တော်တော် အားရခဲ့တယ် ။ ကျွန်တော် လိုချင်တဲ့ စာပေသီးသန့်ဆိုဒ်အဖြစ် လုပ်နိုင်ခဲ့ပါတယ် ။ စာရေးသူ တော်တော်များများကလည်း ရသစာပေကိုအဓိကရေးသားပေးခဲ့ကြတဲ့အတွက် ရသစာပေဆိုဒ်အဖြစ် ရှိခဲ့ပါတယ် ။ ၂၀၀၈ နောက်ပိုင်း ၂၀၀၉ နှစ်ဦးပိုင်းတွေမှာ မြက်ခင်းသစ် ကဗျာရွှတ်ပွဲတွေကို အင်းယားကန် ဘေးက စိမ်းလန်းစိုပြေမှာ နှစ်လ တစ်ခါလောက် လုပ်ခဲ့ပါတယ် ။ အဲဒီမှာ ကိုမင်းယွန်းသစ် ကိုမိုးလှိုင်ည ကိုညီလင်းဆက် သူရဿဝါ ၀ိုင် စိုးမိုး ရုပ်သေး သိုးမဲ အနှိုင်းမဲ့ ရိုးရာ တေလေ လင်းရမ္မာ ကိုစိုးဇေယျာထွန်း ဖိုးသူတော် ၊ သောတ ဇာတိ ၊ ညီမအရင်းလို ဖြစ်နေတဲ့ ပျိုခေတ် စတဲ့ ဘလောဂါတွေနဲ့ ကျွန်တော်လုပ်ခဲ့ပါတယ် ။ ဒါက ဆိုရှယ်ဆိုဒ်ပိုင်းမှာ ကျွန်တော်လုပ်ဖြစ်ခဲ့တာတွေပါ ။ ဘလော့ဘက်ပိုင်းမှာတော့ ကျွန်တော် စတင်ပြီး ခင်မင်ခဲ့တာက ၂၀၀၈ နှောင်းပိုင်းမှာ ထင်ပါတယ် ကျွန်တော့် အမရင်းလို ဖြစ်ခဲ့တဲ့ ဆုံနိုင်ခွင့်(မေလေး) ၊ ကိုပီတာ ၊ လရောင်လမ်း(တေဇာ) ၊ ကိုရီနိုမာန် ၊ တောင်ပေါ်သား ၊ ချမ်းလင်းနေ ၊ ဆောင်ချမ်းမိုး ၊ ကိုမြစ်ကျိုးအင်း ၊ ဆောင်းနှင်းရွက် ၊ ပန်ဒိုရာ ၊ တလနွန်း ၊ မဗေဒါ ၊ ကိုရင်နော်ခင်းလေးငယ် ၊ ကိုလင်းဒီပ ၊ ကိုဆောင်းယွန်းလ ၊ မသက်ဝေ ၊ ကိုအောင်သာငယ် ၊ ကိုမင်းဒင် စတဲ့ ဘလောဂါတွေကို သိခဲ့ပါတယ် ။ အဲဒီအချိန်မှာ ကျွန်တော်ဘလော့ဆိုတာကို လသားအရွယ် စရေးခါစ ဆိုတော့ အကုန်လိုက်သင်ရပါတယ် ။ နည်းပညာဆို ကိုရန်အောင်ဆီမှာ သွားကြည့်ရပါတယ် ။ ကဗျာဆိုတာကိုတော့ ကိုဆောင်းယွန်းလ ကိုလင်းဒီပ တို့ ဆီမှာသွားဖတ်ရပါတယ် ။ နောက်ပီး ဘလော့ တော်တော်များများ ကျန်ပါသေးတယ် ။ ကျွန်တော် အကုန်မမှတ်မိတော့ပါဘူး ။ ဒီလိုနဲ့ ၂၀၁၀ နှစ်ဦးပိုင်းရောက်တော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ပြဿနာ တချို့ကြောင့် ကျွန်တော့် အီးမေး banyarshein@gmail.com ကို ဖျက်လိုက်တာမှ တဆင့် ကျွန်တော့် ဘလော့ www.banyarshein.net ရော ကျွန်တော်ရဲ့ ဆိုရှယ်ဆိုဒ် မြက်ခင်းသစ်ရောကို ကျွန်တော် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ် ။ ဘလော့ရော ဆိုရှယ်ဆိုဒ်ရောပါ ကျွန်တော့် အီးမေးကိုဖျက်လိုက်တဲ့အတွက် ကျွန်တော် ၀င်ရောက်လို့မရတော့ပါဘူး ။ အဲဒီအချိန် ကျွန်တော့် စိတ်မြန်မှုရဲ့ သင်ခန်းစာ တစ်ခုကို ကျွန်တော်ရခဲ့ပါတယ် ။ ကဗျာတွေ တော်တော်များများ ဆုံးရှုံးခဲ့ရပါတယ် ။ ဒီလိုနဲ့ ၂၀၁၀ ဖေဖော်ဝါရီလောက်မှပဲ www.lynnkhitdeno.blogspot.com ကို ကျွန်တော် ပြန်လုပ်ဖြစ်ခဲ့ပါတယ် ။ ကဗျာတွေကို စုဗူးကရော ဖေ့ဘွတ်ကရော မြက်ခင်းသစ်ဆိုဒ်ကရော ကျွန်တော် ပြန်ယူခဲ့ပေမဲ့ ဘလော့ကလုံးဝ ပြန်ဖွင့်လို့မရတော့လို့ ဗျာတော်တော်များများ ဆုံးရှူံးခဲ့ရပါတယ် ။ အပုဒ်ရေ ၃၀ ကျော် ၄၀ လောက် ကျွန်တော်လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ် ။ ကျွန်တော် ကဗျာ တစ်ပုဒ်ကိုတောင် အရမ်းမြတ်နိုးတတ်သူမို့ အပုဒ် ၃၀ ၄၀ ဆိုတာ ကျွန်တော့်အတွက် အရမ်းကို ထိခိုက်ရပါတယ် ။ အဲဒီ ကတည်းကစပြီး ကျွန်တော်နောင်တ နဲ့အတူ မတည်ငြိမ်သေးတဲ့ ပေါက်ကွဲလွယ်တဲ့ ကိုယ့်ကိုယ်ကို ပြင်ခဲ့ပါတယ် ။ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ကို ကျွန်တော် ဖျောက်ခဲ့ပါတယ် ။ သင်ခန်းစာ တခု ကောင်းကောင်း ရခဲ့တယ် ဆိုပါတော့ဗျာ ။ အဲဒီနောက်ပိုင်း ကျနော် ဘလော့တော်တော်များများကို သိခဲ့ပေမဲ့ ကျွန်တော့်မှာ အကျင့်တစ်ခုရှိခဲ့တယ်ဗျ ။ အဲဒါက ကျွန်တောာ် အက်ဆေးကို ဖတ်ရတာထက် ကဗျာ ဖတ်ရတာကို ပိုသန်တယ်ဗျ ။ အက်ဆေးတစ်ပုဒ် ဘယ်လောက်ကောင်းနေပါစေ အချိန်ရမှပဲ ကျွန်တော် ဖတ်ဖြစ်တယ် ။ ကဗျာတစ်ပုဒ် ဘယ်လောက်ပဲ ညံ့ပါစေဆိုဆို အိပ်နေရာက ထဖတ်ခိုင်းလည်း ကျွန်တော် ထဖတ်တယ်ဗျ ။ ကဗျာကို ကျွန်တော် အဲလို အရူးအမူး စွဲလမ်းပါတယ် နှစ်သက်ပါတယ် မြတ်နိုးပါတယ် ။ ဒါကြောင့် ကျွန်တော် ဘလော့သွားလည်ရင် ကဗျာ ဘလော့တွေသာ သွားအလည်များပြီး ကျန်တဲ့ ဘလော့တွေကို သွားလည်ပတ်တာ နည်းခဲ့ပါတယ် ။ ဒါပေမဲ တခါတရံတော့ ရသဘလော့တွေကို လိုက်ဖတ်ဖြစ်ပါတယ် ။ ၂၀၁၀ အတွင်းမှာတော့ ကျွန်တော် ဘလော့တော်တော်များများနဲ့ သိကျွမ်းခင်မင်ခဲ့ပါတယ် ။ ကဗျာဘလော့တွေ ဖြစ်တဲ့ ကိုမိုးစက်အိမ် ကိုနွေသစ် ကိုညိမ်းညို ညီအကိုအရင်းလိုဖြစ်ခဲ့တဲ့ ကဗျာသောက်ဖော်သောက်ဖက် ကိုညလင်းအိမ် ( တခါတရံလည်း ကဗျာအမူးလွန်ပြီး ကဗျာတွေ ရင်ဘတ်ထဲက ပြန်အံကျလာတာလည်း ရှိတယ်ဗျ ) ၊ မှုးဒါရီ ၊ ဂျွန်မိုးအိမ် ၊ နွေးနွေးသဲမွန် ( ညီမ မိနွေးကတော့ စုဗူးမှာတည်းကသိခဲ့တာပါ ) ၊ သွယ်လင်းဆက် ၊ လမ်းအိုလေး ၊ ကျော်ညိုသွေး (ကိုဂစ်တာ) ၊ ကိုရင်ညိန်း ကိုချိရွန် ၊ ကိုလင်းသစ်ဏီ ၊ ကိုနွေညို မောင်လုလင် ၊ မောင်ခင်လေး ၊ ဘသားချော ၊ ကိုဖြိုးငယ် ၊ ကိုသားကြီး ၊ အိမ်မက်ခြေရာ ၊ ညီမငယ် ဇော် ( ကျွန်တော်တို့အိမ် ) ၊ မနုငယ် ၊ ဇူးငယ် ရင်မှမိုးစက်ပွင့်များ ၊ စတဲ့ ဘလော်ဂါ ကဗျာဆရာတွေနဲ့ ခင်ခဲ့ပါတယ် ။ နောက်ပြီး ရသအရေးအသားပိုင်းမှာ ဆိုရင် အကိုလိုခင်တဲ့ ကိုဏီးလို့ ကျွန်တော်တို့ ခေါ်တတ်တဲ့ ကိုဏီလင်းညို (အခုတော့ အငြိမ်းစား ယူထားတယ်လို့တော့ ပြောရမယ်ထင်တယ် ) နောက်ပြီး . . အိမ်မက်ဆိပ်ကမ်း ၊ သက်ပိုင်သူ ၊ ခရမ်းပြာကြယ်စင်လှိုင်းခတ်သံ ၊ ခရေတွန် ၊ မချော အစိမ်းရောင်လွင်ပြင် ၊ မောင်ဘကြိုင် ၊ ကိုကြီးကျောက် ၊ ဆိုဒ်ပရပ် နတ်သမီး ၊ နှင်းနဲ့မာယာ ၊ ကိုကိုမောင် ပန်းရနံ့ ၊ ကိုဇော် ၊ မမကွန် ( KOM ) ၊ ကဗျာရေးရင်း ကွန်မန့်ကို ထိပ်ဆုံးက ပေးတတ်သလို ကဗျာတိုင်းလိုလိုကို အားပေးတတ်တဲ့သူ စနောက်ရင် စိတ်မဆိုးတဲ့ အမ မမိုးငွေ့ ၊ ညခင်းရဲ့လမင်း ၊ ဆောင်းနှင်းရွက် အမရွှေစင်ဦး ၊ မဒါလို့ ကျနော်ခေါ်တဲ့ သဒ္ဒါလှိုင်း ၊ နောက်ပီး သူငယ်ချင်း အရင်းလိုခင်ခဲ့ကြတဲ့ ယွန်း ၊ ဂျင်းမလို့ကျနော်တို့ ခေါ်တဲ့ အင်ကြင်းသန့် ၊ မြတ်မွန် ၊ ဒါ့အပြင် အမရွှေပြည်သူ ၊ ချိုကိုသဇင် ၊ ခိုင်နုငယ် ၊ မရို့စ် တို့အပြင် နောက်ထပ် မေ့နေတဲ့ နာမည်တွေ အများကြီးကျန်ပါသေးတယ် ။ ၂၀၁၀ အကုန်ပိုင်းနဲ့ ၂၀၁၁ တွေမှာတော့ ကျွန်တော် ဘလော့ဖတ်တွေသာ ဖတ်ဖြစ်ပေမဲ့ မခင်သေးတဲ့သူငယ်ချင်းများဖြစ်တဲ့ ကျွန်တော့်ဘ၀ ဇာတ်ခုံ မောင်မျိုး ၊ နောက်ပြီး ကျွန်တော့်ကို ( ဗညားရှိန် လင်းခေတ်ဒီနို ဆက်ပိုင် ) ဆိုပီး ကလောင်သုံးမျိုးနဲ့ ရေးလို့ သုံးမည်ရ ရွှေကိုယ်တော်လို့ ခေါ်တဲ့ အမအရင်းလို ခင်ခဲ့တဲ့ စကားပြော နူးညံ့လွန်းတဲ့ တပြည်သူ မရွှေထား . . အဲး)း) တပြည်သူ မလေး ( အိမ့်ချမ်းမြေ့ ) ၊ စာရေးကောင်းတဲ့ ညီမငယ် မိလှိုင် ( အိန်ဂျယ်လှိုင် ) ၊ ကျွန်တော့်ကဗျာတွေကို နှစ်သက်တဲ့ ဂျက်စမင် ( တောင်ကြီး ) ၊ မိုးပန်ချီ ၊ နိုဘယ်မိုး ၊ ညီသူအိမ် ၊ နတ်ဆိုးလေး ၊ မွန်းသက်ပန် ၊ ရံအင်္လကာ ၊ မက်မက် ၊ ခင်မောင်ချင် ၊ သိင်္ဂါကျော် ၊ သိင်္ဂါရ ၊ မနောဖြူ ၊ မသစ် ၊ မပိုး ၊ မဗစ်စတာ ၊ ကိုအောင် ပျုနိုင်ငံ ၊ ဘလက်ရို့စ် ၊ မြသွေးနီ ၊ မဒမ်ကိုး ၊ သတိုး ၊ ကိုသက်ထွေး ၊ အမရာ ၊ ညီဇံလှ ၊ စတဲံ ဘလော်ဂါတွေ တော်တော်များများနဲ့ ခင်မင်ခဲ့ပါတယ် ။ ကျန်ခဲ့တဲ့ သူငယ်ချင်းများလည်းရှိပါသေးတယ် ၊ အဲဒီအတွက် ကျွန်တော်မေ့လျှော့ပြီး ကျန်ခဲ့တဲ့ သူများရှိရင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ။ နောက်ပိုင်းလည်း ကျွန်တော် စာရေးကျဲနေပါဦးမယ် ။ ၇ ရက် တစ်ပတ် ပိတ်ရက်မရှိ လုပ်နေတဲ့ အလုပ်မအားတဲ့ ကြားကနေ ကျွန်တော် တတ်နိုင်သမျှ ကျွန်တော် ကဗျာတွေရေးဖွဲ့နေဦးမှာပါ လို့ ပြောရင်း ကျွန်တော်ကို ခင်မင်စွာ တဂ် တဲ့ ညီမငယ် မိလှိုင်နဲ့ သူငယ်ချင်း ဂျက်စမင် တောင်ကြီး တို့ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ။ ခင်မင်စွာဖြင့် ဗညားရှိန်

Tuesday, August 23, 2011

Ayarwaddy . . . . " Not For Sale "

တစိမ့်စိမ့် စီးဆင်းနေတဲ့ မေခရဲ့ အလှ တသွယ်သွယ် စီးဆင်းနေတဲ့ မလိခရဲ့ အလှ မြစ်ဆုံဟာ သူတို့ရဲ့ ရင်ခွင်လား ဧရာဝတီဟာ သူတို့ရဲ့ ရင်ခွင်လား မနောတိုင်ဟာ ကချင်ပြည်နယ်နဲ့ သင်္ကေတ ဆိုရင် မြစ်ဆုံဟာ မေခ မလိခရဲ့ သင်္ကေတ ဧရာဝတီရဲ့ နိဒါန်း ဧရာဝတီဟာ သူတို့တွေရဲ့ အိပ်မက်ရင်ခုန်သံ ဧရာဝတီဟာ သူတို့တွေရဲ့ အနာဂတ် ဧရာဝတီဟာ သူတို့တွေရဲ့ မျှော်လင့်ခြင်း သူတို့တွေဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ထာဝရစီးဆင်းကြတယ် ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . .ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ခုန်ပျံတက်လာတယ် ပြန်ခုန်ဆင်းသွားတယ် အတက်အကျ လှိုင်းတွေရဲ့ရာဇ၀င်မှာ ဒီရေ ဒီမြေဟာ သူတို့ရဲ့ ဘူမိနက်သန် သူတို့ဟာ ဧရာဝတီရဲ့ နတ်သမီးပျိုတွေ သူတို့ဟာ ဧရာဝတီရဲ့ ကကြိုး ကချေသည်တွေ သူတို့ဟာ ဧရာဝတီရဲ့ မော်ကွန်းဝင် ရတနာတွေ သူတို့ဟာ ဧရာဝတီရဲ့ အဖိုးတန်ရှားပါး လင်းပိုင်တွေ ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ ရင်ခွင်မှာပဲ ရှင်သန်တယ် ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ အိပ်မက်နဲ့ပဲ စီးမျောတယ် ဧရာဝတီလင်းပိုင်ဟာ ဧရာဝတီရဲ့ သွေးနဲ့ပဲ ရဲရင့်ကြတယ် ဧရာဝတီလင်းပိုင်းဟာ ဧရာဝတီရဲ့ ခြေရင်းမှာပဲ ထာဝရအိပ်စက်ကြတယ် ဧရာဝတီကို . . . သူတို့ နှလုံးအိမ်ထဲကနေ . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ဥသြဟာ ဧရာဝတီရဲ့ နေညိုချိန်ကို လွမ်းတယ် ဥသြဟာ ဧရာဝတီရဲ့ ပုစွန်ဆီရောင်ညနေခင်းကို တမ်းတတယ် ဥသြဟာ ကြက်ခွပ်လှိုင်းခတ်နဲ့ ဧရာဝတီရဲ့ အလှကို ကျုးရင့်တယ် ကွန်ပစ်တဲ့ တံငါလှေတွေဟာ ဧရာဝတီရဲ့ ဆည်းလည်းတွေလား မင်းကွန်းတောင်းတန်းကြီးနဲ့ ပုထိုးတော်တွေဟာ ဧရာဝတီရဲ့ နောက်ခံပန်ချီကားလား တရွေ့ရွေ့မျောလာနေတဲ့ ၀ါးဖောင်တွေက ဧရာဝတီရဲ့ အမှတ်သညာလား ဧရာဝတီဆိုတာ အညာဒေသလေးရဲ့ အိုအေစစ်လေးပါ ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဟင်လေးအိုးကြီး ဧရာဝတီဟာ ကျုပ်တို့ရဲ့ ဒဏ္ဍာရီ ဧရာဝတီဟာ ကျုပ်တို့ရဲ့ နှလုံးသည်းပွတ် ဧရာဝတီကို . . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ . . . ။ ချစ်သော ဧရာဝတီ . . . ဧရာဝတီဟာ မြန်မာပြည်ကြီးရဲ့ အလှတစ်ပါး ဧရာဝတီဟာ ညောင်ဦးကမ်းပါးရဲ့ အလှတရား ဧရာဝတီဟာ ပုဂံပြည်ရဲ့ အလှတရား ဧရာဝတီဟာ စစ်ကိုင်းတိုင်းရဲ့ အလှတရား ဧရာဝတီဟာ ဂေါဝိန်ဆိပ်ကမ်းရဲ့ အလှတရား ဧရာဝတီဟာ ပြည်မြို့ရဲ့ အလှတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက အလှတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက သစ္စာတရား ဧရာဝတီဟာ ကျုပ်တို့ ရင်ထဲက ထာဝရအိပ်မက် ဧရာဝတီကို . . . ကျုပ်တို့ နှလုံးအိမ်ထဲကနေ . . . . . . . ဆွဲထုတ် မသွားကြပါနဲ့ ။ သိဒ္ဓတ္ထလှိုင်ရဲ့ “ ရာဇ၀င်များရဲ့ သတို့သမီး ”်ကျုပ်တို့ရဲ့ ဧရာဝတီ . . . . သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့မြင့်မြတ်တဲ့ သမိုင်းတွေရှိတယ် သူရဲ့ ရင်ခွင်မှာ ကျုပ်တို့ရဲ့ ရဲရင့်တဲ့ ရာဇ၀င်တွေ ရှိတယ် ဧရာဝတီဟာ သမိုင်းချိုးကွေ့ရောက်တိုင်း ကျုပ်တို့အတွက် အမှတ်တရတွေ မော်ကွန်းတင်ခဲ့တယ် ဧရာဝတီကို ကျုပ်တို့ အဆုံးအရှုံးမခံနိင်ဘူး ဧရာဝတီကို ကျုပ်တို့ သေဆုံးမခံနိင်ဘူး ဧရာဝတီကို ကျုပ်တို့ ပျောက်ဆုံး မခံနိင်ဘူး ဧရာဝတီကို ဘယ်သူလက်ထဲမှ အပါမခံနိုင်ဘူး . . . . ဧရာဝတီသည် . . . . . . “ ရောင်း ရန် မ ဟုတ် ” . . . . . လင်းခေတ်ဒီနို ( 23.8.11 , 1း00 PM )

Wednesday, July 13, 2011

အပြင်းစား နွေအိမ်မက်

စိတ်ရိုင်း နဲ့ အတိတ်ရိုင်း ကျရှုံးသွား သူရဲကောင်းအိပ်မက် စစ်တုရင် မကစားဖူးတဲ့ နယ်ရုပ် ပွဲပြီးမှ ထိုးကျွေးခံရမှန်း သိခဲ့တယ် ငါမသိတဲ့ ငါ့ကံကြမ္မာက မင်းလက်ထဲက ၀ှက်ဖဲတစ်ချပ်တဲ့လား ။ ဒဏ်ရာဒဏ်ချက်တွေ စမ်းမိတိုင်း အတိတ်တွေ စီးချင်းထိုးနေဆဲ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း အလင်းပျောက်ကြယ်ဟာ အသက်ရှူကြပ်ခဲ့ရတယ် ဂျစ်ပစီတို့ရဲ့ အိမ်မက်ဟာ နဂါးချော့တေးနဲ့ ခြောက်လှန့်ခံနေရဆဲပဲ ။ လျှပ်စီးတွေ တဖြန်းဖြန်းလက်နေတဲ့ အပြင်းစား နွေအိမ်မက်ထဲမှာ နမ်မီးဆစ်ရဲ့ အပြုံးက သူ့ အမုန်းထက် ကြောက်ဖို့ကောင်းတယ် ။ အလှဖုရားမလေးရေ ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင် အလွမ်းရဲ့ ကြယ်တွေငိုတော့မယ် မိုးတွေ တေးဆိုတဲ့အခါ နတ်ဆိုးဟာ သူ့အလွမ်းပုရပိုဒ်မှာ ကြေကွဲခြင်း ဗုံသံကို တီးခတ်လိမ့်မယ် ။ တိမ်ပြာတွေ မီးတောက်ခဲ့တဲ့ ငါ့ကဗျာမြို့ရိုးမှာ ခုနှစ်စဉ်ကြယ် အိပ်မက်တွေ ဖဲတစ်ချပ်လို လွယ်လွယ် အမှောက် ခံလိုက်ရပြီပဲ ဖြစ်ခဲ့သမျှ အားလုံးအတွက် ငါကျေနပ်ခဲ့ပါတယ် ။ အလွမ်းမရှိတဲ့ ကမ္ဘာမှာ လမမိုက်သေးဘူးဆိုရင် . . . . တခါလောက်တော့ ငါ့သမိုင်းတွေ ခမ်းနားချင်သေးပါရဲ့ကွာ ။ လင်းခေတ်ဒီနို(13.7.11)

လူကြည့်အများဆုံး စာတိုပေစများ